အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Sunday, June 7, 2009

ဗုဒ္ဓဆုံးမ ထေရဝါဒ

ဗုဒ္ဓဘာသာဝင်အများစုသည် အများအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို နားမလည်ကြပေ။ ထေရဝါဒ၏ တကယ့်အနှစ်သာရမှာ သရဏဂုံဆောက်တည်မှုပင် ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးသည်သာလျှင် မိမိတို့၏ ကိုးကွယ်ရာ အားထားရာ ဆည်းကပ်ရာ ဟု အသက်ထက်ဆုံး ယုံကြည်မှုပင် ဖြစ်သည်။ သရဏဂုံဖောက်ဖျက်သူများကို ဗုဒ္ဓဘာသာဝင်ဟု သတ်မှတ်၍ မရနိုင်ပေ။ ရတနာသုံးပါးအပြင် တခြားသော နတ်များ၊ ဘိုးတော်များ၊ မနှဲလေးနှင့်တကွ အထက်ဂိုဏ်း အောက်ဂိုဏ်းဆရာများကို ယုံကြည်၊ဆည်းကပ် ကိုးကွယ်သူများသည် သရဏဂုံဖောက်ဖျက်သူများ ဖြစ်ပေသည်။ ယခုခေတ်ဗုဒ္ဓဘာသာဝင်အများစုသည် ရှေးရိုးစွဲအစဉ်အလာများကိုသာ ယုံယုံကြည်ကြည် စွဲလန်းနေဆဲ ရှိကြသည်။ သက်ရှိထင်ရှား ရှိနေစဉ်တွင် သရဏဂုံ တည်မြဲစေရန် ဆောက်တည်ရန် မကြိုးစားကြဘဲ သေလွန်သည့်အခါမှ သရဏဂုံတင်ရန် ကြိုးစားလေ့ရှိကြပါသည်။ မမှန်ကန်သော အယူဝါဒများကို ပစ်ပယ်ရန်မကြိုးစားရဲကြဘဲ တနည်းအားဖြင့် ရဲရဲဝံ့ဝံ့ မဖျောက်ဝံ့ကြဘဲ ရွံကြောက်သောစိတ်ဖြင့် ရှေးထုံးမပယ် မှားမြဲလမ်းကို ဆက်လျှောက်နေဆဲ ရှိနေကြတယ်။ မှားတာကြာရင် အမှားက အမှန်ဖြစ်တတ်ပြီး တကယ့်အမှန်တရားက ပျောက်ဆုံးနေတတ်ပါတယ်။ အဲဒါကြောင့် မည်သည့်အမှားကို မဆို မှားမှန်းသိရင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲသင့်ပါတယ်။ သို့မှသာလျှင် နောင်လာနောင်သားများအတွက် အမှန်တရား၏ အကျိုးကျေးဇူးကို ခံစားနိုင်ပါလိမ့်မယ်။

ဒုတိယအရေးကြီးသော ထေရဝါဒ၏အနှစ်သာရမှာ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ကောင်းတဲ့အလုပ် လုပ်ရင် ကောင်းတဲ့ကံကို စံစားနိုင်ပြီး ဆိုးတဲ့အလုပ်လုပ်ရင် ဆိုးတဲ့ကံကို ခံစားရပါလိမ့်မယ်။ ကံ-ကံ၏ အကျိုးကို မယုံကြည်ဘဲ တန်ခိုးရှင်က ဖန်တီးပေးတာတို့၊ နတ်ကတော်က မ စ တာတို့၊ ဘိုးတော်က ကယ်မတာပါလို့၊ ဘုရားသခင်က ကောင်းချီးပေးတာတို့ စသည်တို့သည် ဗုဒ္ဓ၏ အယူဝါဒများမဟုတ်ပေ။ မိမိတို့ ရရှိနေသော ဘဝကံ အကျိုးပေးအားလုံးသည် မိမိပြုခဲ့သော အလုပ်ကံကြောင့်သာလျှင် ဖြစ်သည်ဟုသော ယုံကြည်ချက်တခုသာလျှင် ဗုဒ္ဓ၏ အယူဝါဒ ဖြစ်ပေသည်။ ရတနာသုံးပါးကို အမှန်တကယ်သက်ဝင်ယုံကြည်သူများသာလျှင် ဗုဒ္ဒ၏ အဆုံးအမ အယူဝါဒများကို လက်ခံ နာယူနိုင်ကြပေမည်။ မိမိတို့ ပြုခဲ့သော ကံများ၏ သတ္တိပေါ် မူတည်၍ ဘဝများစွာတွင် အကောင်းအဆိုး အကြောင်းအကျိုးများကို ခံစား စံစားကြရပါသည်။ အမှန်စင်စစ် ဤကံများသာလျှင် အရာရာကို ဖန်တီးပေးနေခြင်းဖြစ်ပေသည်။ ခန္ဗာတည်းဟူသော လူ့ဘဝ နတ်ဘဝ တိရိစ္ဆာန်ဘဝ စသည့် ဘုံဘဝများသည် ဤကံသတ္တိများပေါ်မူတည်၍ ဝင်ကစွတ်ကောင်များကဲ့သို့ အမျိုးမျိုး ပြောင်းလဲနေရပေသည်။ ဤကံ-ကံ၏ အကျိုးကို အမှန်တကယ် ယုံကြည်သက်ဝင်သူများသည် မကောင်းမှုမှန်သမျှကို တတ်နိုင်သမျှ ရှောင်ကျဉ်၍ ကောင်းမှုများကိုသာ တတ်အားသ၍ လုပ်ကိုင်ကြပေမည်။

ကာယကံ ဝဇီကံ မနောကံ တည်းဟူသော ကံသုံးပါးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ အရေးပါသော ထေရဝါဒ၏ အနှစ်သာရမှာ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းခြင်းပင် ဖြစ်ပါသည်။ သူတပါးအသက်ကို သတ်ခြင်း၊သူ့ဥစ္စာပစ္စည်း ခိုးယူခြင်း၊ သူများသားမယားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ မူးယစ်စေတတ်သော သေရည်သေရက်သောက်စားခြင်း စသည်တို့ကို အသက်ထက်ဆုံး ရှောင်ကျဉ်ရမည်ဖြစ်သည်။ ငါးပါးသီလကို အခါကြီးရက်ကြီးများတွင်သာ ဟန်ပြစောင့်ထိန်းခြင်းမဟုတ်ဘဲ အစဉ်အမြဲ နေရာတိုင်းအချိန်တိုင်း စောင့်ထိန်းနိုင်မည်ဆိုပါက ကံသုံးပါးကိုပါ စောင့်ထိန်းပြီးသား ဖြစ်သွားပေမည်။ အမှန်စင်စစ် ဗုဒ္ဒဝါဒ၏အနှစ်သာရ ကောင်းမွန်မှုကို နားလည်ခံစားနိုင်သူသည် မည်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ ယုံကြည်မှုကို စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။-------------။
.

1 comment:

Kyaw Thura said...

Good for people