အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Tuesday, December 20, 2011

သံဝေဂ...

မအိုသေးခင်
ပြင်ကြဆင်ကြ ရုပ်အလှ..

မနာသေးခင်
မော်ကြကြွားကြ ဥစ္စာဓန...

မသေသေးခင်
ထောင်ကြလွှားကြ မာန်မာန..

သင်အိုသောအခါ
သင့်ခန္ဓာ ရွတ်တွပျက်စီးအံ့..

သင်နာသောအခါ
သင့်ဥစ္စာ မုချ မကယ်တင်နိုင်အံ့..

သင်သေသောအခါ
သင့်မာန မြေမြှပ် သဂြိုလ်ခံရအံ့...

မသေခင်စပ်ကြား ရှင်ချိန်များ..
ကောင်းမှုကုသိုလ် ထုံမွှမ်းကြ...............။

Monday, September 19, 2011

Wednesday, September 7, 2011

သာဓု သာဓု သာဓု ပါ အရှင်မြတ်တို့..


စက်တင်ဘာလ ၃၊၄ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မေတ္တာရှင်(ရွှေပြည်သာ) သုဒ်ဓ၀ိပသာနာ ရိပ်သာမှာ ဆရာတော်ဦးသုမင်္ဂလ ဦးစီးဦးဆောင်ပြုပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းများကို ဖိတ်ကြားပြီး စုံနံ့သာမြိုင် ပရဟိတအသင်းများ နှီးနှောဖလှယ်ပွဲနှင့် သာသနာ့အကျိုးတော်ဆောင် သုမင်္ဂလာအသင်း ဖွဲ့စည်းတည်ထောင်ရန် တတိယအကြိမ် ဆွေးနွေးခြင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပရဟိတအသင်းပေါင်း ၇၀၈ သင်းတက်ရောက်ပြီး ဧည့်ပရိသတ်ပေါင်း (၃၀၀၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို သက်တော်ရှည်ဆရာတော်ကြီးများ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် အရှင်ဇ၀န ၊ တွံတေးဆရာတော်၊ ရွှေည၀ါဆရာတော် ၊ကသာဆရာတော်၊ကျိုတ်ထိုဆရာတော် နှင့် တစ်ခြားဆရာတော် သံဃာတော်အပါး ၁၀၄ ပါးတက်ရောက်ခဲ့ပါတယ်။ ရန်ကုန်နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်အဖွဲ့ စာရေးဆရာများ မောင်ဝံသ၊မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် တစ်ခြားစာရေးဆရာများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို တစ်ရက်ကို သုံးပိုင်းခွဲပြီး တစ်ပိုင်းကို သုံးနာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ ပရဟိတအသင်းများ မှဆွေးနွေးခြင်း ဆရာတော်များမှ သြ၀ါဒပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးတွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပရဟိတနိကာယ အသင်းချုပ်ကြီးဖွဲ့စည်းတည်ထောင်ရန်ဆွေးနွေးခြင်း၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပရဟိတနိကာယ အသင်းချုပ်ကြီး ပေါ်ပေါက်လာစေရန် တွံတေးဆရာတော်မှ သိန်း (၁၀၀၀) မတည်လှူဒါန်းခဲ့ပါတယ် ။ တစ်နိုင်ငံလုံးမှာရှိတဲ့ပရဟိတအသင်းများနဲ့ဖွဲ့စည်းမှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်သောနေရာများကို ကူညီထောက်ပံလှူဒါန်းရန်ဖြစ်ပါတယ်။ သာသနာ့ အကျိုးတော်ဆောင် သုမင်္ဂလာ အသင်းတည်ထောင်ခြင်းမှာ အသင်းမှလုပ်ဆောင်မည့်လုပ်ငန်းများ ၊ စည်းကမ်းများ၊ ဥပဒေများကို ရှေ့နေကြီးများဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

စုံနံ့သာမြိုင် ပရဟိတအသင်းများနှီးနှောဖလှယ်ပွဲ နှင့် သာသနာ့အကျိုးတော်ဆောင် သုမင်္ဂလာ အသင်း ဖွဲ့စည်းတည်ထောင်ခြင်း ပွဲသို့ကြွရောက်လာတဲ့ သံဃာတော်များနှင့် ဧည့်ပရိသတ် (၃၀၀၀)ကျော်ကို ဆရာတော်ဦးသုမင်္ဂလ မှအစစအရာရာကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။ ဝေယျာဝစ္စ လုပ်သား(၁၀၀) ကျော် ဧည်ခံခြင်း၊ ကြိုဆိုခြင်း၊ ကျွေးမွေးခြင်း၊ အကြိုအပို့၊ နေရာထိုင်ခင်းနှင့် အိပ်ရာများ ပြင်စင်ခြင်း၊သန့်ရှင်းရေး နှင့် အထွေထွေကိစ္စ များကို လိုလေသေးမရှိအောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ၀င်လျှင်ဝင်ခြင်းပဲ လူ(၂၀)ကျော်မှ လက်အုပ်များချီပြီး မင်္ဂလာဟု မိတ်ဆက်ကြပါတယ်။ လူကြီးလူငယ်မရွေးအားလုံးကို လက်အုပ်လေးချီပြီး မင်္ဂလာပါ ဟုနှုက်ဆက်နေခြင်းကို ဝေယျာဝစ္စ အဖွဲ့ဝင် (၁၀၀)လုံးက ပြုမှုကြပါသည်။ လာရောက်ကြတဲ့ဧည်သည်များမှလည်း ပြန်လည်ပြီးလက်အုပ်လေးချီပြီး ပြန်နှုက်ဆက်ကြပါတယ်။ အရမ်းကိုကြည်ညိုလေးစားစရာကောင်းတဲ့ အလေ့အကျင့်လေးတစ်ခုပါ။ တစ်နိုင်ငံလုံးပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါ။ ဧည့်သည်များကို လည်ဆွဲကက်နှင့်ကြိုးအ၀ါရောင်၊ ဝေယျာဝစ္စ အဖွဲ့ဝင်များကိုလည်ဆွဲကက်နှင့် ကြိုးအနီရောင်များခွဲခြားထားပါတယ်။ တစ်ခါမှမကြုံစဖူးခဲ့တဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရဟိတ အသင်းများကိုဖိတ်ကြားကာ သာသနာတော်ကြီးပြန့်ပွားတိုးတက်အောင် ဆောင်ရွက်ရန်အချက်အလက်များကို ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးကလည်း အားရကျေနပ်ကာ တစ်နိုင်ငံလုံးဆိုင်ရာ ပရဟိတနိကာယအသင်းချုပ် နှင့် သာသနာအကျိုးတော်ဆောင် သုမင်္ဂလာ အသင်းတွင် ၀င်ရောက်ပါဝင်ကြပြီး လက်မှတ်များရေးထိုးခဲ့ကြပါတယ်။

ဆရာတော်ဦးသုမင်္ဂလဧ။် ရှေ့ဆက်လုပ်ဆောင်ချက်များမှာလည်း သာသနာတော်အတွက် အရမ်းကိုအားရနှစ်သက်ဖွယ်ဖြစ်ပါသည်။ ဆရာတော်ဦးသုမင်္ဂလ ကိုလည်း အရင်ကထက်ကြည်ညိုလေးစားသူများ အများအပြားတွေ့ခဲ့ကြပါတယ်။ ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲ ကျွံနေသည် လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်တဲ့။ သာသနာ့တော်ဆိုတဲ့လှည်းကြီးကို တိုးတက်ပြန့်ပွားပြီး ရေရှည်တည်တံခိုင်မြဲအောင် တစ်ယောက်ထဲ တွန်းလျှင် အရမ်းလေးလွန်း၍ မတွန်းနိုင်ဘူးလားတဲ့ အားလုံးကပြိုင်တူတွန်းလျှင် တိုးတက်ပြန့်ပွားပြီး ရေရှည်တည်တံခိုင်မြဲမှာ ဖြစ်ပါတယ်လို ဆိုလိုတယ်လို ကျွန်တော်ကတော့ထင်မိပါတယ်။ သာသနာ့တော်ကြီး ကမ္ဘာအလယ်မှာထည်ဝါဖို့ အားလုံးက၀ိုင်းဝန်း၍ တွန်းပေးကြပါလို့မေတ္တာရပ်ခံပါတယ်။

ကျေးဇူးတင်လွှာ

စုံနံ့သာမြိုင် ပရဟိတ အသင်းများနှီးနှောဖလှယ်ပွဲ နှင့် သာသာနာ့အကျိုးတော်ဆောင် သုမင်္ဂလာ အသင်း ဖွဲ့စည်းတည်ထောင်ခြင်း ပွဲကို ဖြစ်အောင်ဆောင်ရွက်ပေးသော ဆရာတော် ဦးသုမင်္ဂလ၊ဆရာတော် ဦးဇ၀န၊တွံတေးဆရာတော်၊နေ့မနားညမနား ကြီးကြပ်ပေးနေသော ဝေယျဝစ္စအဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဝိစာရ နှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များအားလုံးကို ကြည်ညိုလေးစား ကျေးဇူးတင်လျှက်ရှိပါကြောင်း ရိုသေလေးစားစွာဖြင့် ရေးသားအပ်ပါသည်။ သာသနာ့တော်ကြီး ယခုထက်တိုးတက်ပြန့်ပွားပါစေ။ ဆရာတော်ဦးသုမင်္ဂလ ဆန္ဒအတိုင်း ဖြစ်မြောက်အောင်မြင်ပါစေ ဟု အကြိမ်ကြိမ် ဆုတောင်းမိပါသည်။

ဆောင်းပါးရှင် သီဟရာဇာ

Tuesday, August 9, 2011

လူသားဆန်သော သူရဲကောင်းတဦး၏ မြင့်မြတ်သော စိတ်ထား

Salai Tin Maung Oo

Monday, July 18, 2011

အာဇာနည်ခေါင်းဆောင်၏ ဘာသာရေးအမြင်




ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ လူထုခေါင်း ဆောင်ကြီးစတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ မြန်မာ့သမိုင်းမှာ ဥဒါန်းထားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အသက် သုံးဆယ်စွန်းရုံ လူငယ်လေးတစ်ယောက်မျှသာ ရှိသေးတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး အံ့သြ ဘနန်းဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေး စစ်ရေး စတဲ့ အတွေးအမြင် အသိပညာတွေကြောင့်သာ ဒီလို ထိပ်တန်းခေါင်းဆောင် ဖြစ်ခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် အမှတ်မထင် ဦးအောင်ဆန်းရဲ့ ဘာသာရေးအမြင်ကိုပါ ဖတ်လိုက်ရတော့ သူဟာ အရာရာမှာ နှံ့စပ်ကျွမ်းဝင်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အားရသွားပါတယ်။ ဒီနေ့ခေတ်ထိတိုင် ရဟန်းသံဃာတော်တွေကြားမှာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးနေကြပေမယ့် အလင်းမပွင့်သေးတဲ့ အတွေး အမြင် တွေကို အသက်သုံးဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်က ပြတ်သားရှင်းလင်း အမြင်ကျယ်ပြောစွာ ပြောသွားခဲ့တာပါ။

ဦးအောင်ဆန်းရဲ့ အသံကို နားထောင်ကြည့်ကြပါဦးစို့။ အာဇာနည်နေ့အတွက် အမှတ်တရ သံဝေဂဖြစ်စွာ....။

၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။

“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ။

ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့် ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ၀င်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။

ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်း အကို မောင်ရင်းနှစ်မ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်။ တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။

တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေး တရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော်မူကြပါ။

မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။

အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။

ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”

ဓမ္မဂင်္ဂါ Facebookမှ

Sunday, June 5, 2011

ဘာသာတရားနှင့်ယုံကြည်မှု

ဘာသာတရားဟူသည် ယုံကြည်မှုမှ မြစ်ဖျားခံပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ ယုံကြည်မှုမှသည် အားထားမှု၊ ကိုးကွယ်မှု၊ လိုက်နာဆောင်ရွက်မှု စသည်တို့ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာရပေသည်။ မည်သည့်ဘာသာတရားမဆို လူမျိုးတစ်မျိုးတည်းပိုင် မဟုတ်ဘဲ၊ သက်ဝင်ယုံကြည်မှုရှိသူတိုင်းနှင့် သက်ဆိုင်မှုရှိပေသည်။ လူသားတို့၏ ကြီးပြင်းရာနေရာ ဒေသ၊ မျိုးရိုးအစဉ်အဆက်၊ ပတ်ဝန်းကျင်စသည်တို့၏ လွှမ်းမိုးမှုကြောင့်သော်လည်းကောင်း၊ အသိဥာဏ်၊ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားကို လိုက်၍လည်းကောင်း၊ ယုံကြည်မှုအမျိုးမျိုးကွဲပြားမှုပေါ် မူတည်လျက် ဘာသာတရားအမျိုးမျိုး ပေါ်ထွန်းလာရခြင်း ဖြစ်ပေသည်။

လူမျိုးရေးအစွဲနှင့် အစွန်းရောက်စိတ်ဓာတ်ရှိသူများသည် မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနှင့် လူမျိုးရေးကိုရောထွေးလျက်၊ ငါ့လူမျိုး ငါ့ဘာသာတရားဟု တဖက်သတ်ဆန်ဆန် တဇောက်ကန်း ပြုမူတတ်ကြပါသည်။ ဤကဲ့သို့သော လူများကြောင့် အားနည်းသောလူမျိုးစုများနှင့် အလယ်အလတ် စိတ်ဓာတ်ရှိသော လူမျိုးစုများမှာ အနိုင်ကျင့်အနှိမ်ခံရတတ်ကြပါသည်။

လူကောင်းနှင့်လူဆိုး နှစ်မျိုးသာရှိ

မည်သည့်ဘာသာတရားကို ကိုးကွယ်သည်ဖြစ်စေ၊ မိမိတို့လူမျိုးသာမြင့်မြတ်ပါသည်ဟု ဆိုစေ၊ စည်းစိမ်ဥစ္စာ မည်မျှပင် ကြွယ်ဝပါစေ၊ အာဏာ ရာထူး ဂုဏ်ရှိန်မည်သို့ပင် ကြီးမားပါစေ၊ ဘွဲ့ထူးပညာ အဆင့်ဆင့် လက်ဝယ်ပိုင်ထားသည်ဖြစ်စေ လူ့အဆင့်အတန်း လူအမျိုးအစားဟူသည် နှစ်မျိုးသာလျှင် ရှိပါသည်။ ကိုယ်ကျင့်သိက္ခာတရား၊ ကိုယ်ကျင့်သီလနှင့် ကိုယ်ချင်းစာတရား အပြည့်အဝရှိသော လူကောင်းနှင့် လူဖြစ်သော်ငြားလည်း လူ့အကျင့် လူ့စည်းကမ်း လူ့သီလကို ထင်သလို ချိုးဖောက်ပြီး လူသားချင်းတန်ဖိုးမထားတတ်သော လူ့တိရစ္ဆာန်စိတ်ဓာတ်ရှိသော လူဆိုးတို့ ဖြစ်ပေသည်။

ယုံကြည်မှု တကယ်ရှိရဲ့လား…

မည်သည့်ဘာသာဝင်မဆို ယုံကြည်မှုရှိမှသာလျှင် လိုက်နာဆောင်ရွက်မှု ရှိကြပါသည်။ လိုက်နာဆောင်ရွက်မှုရှိသူကိုသာလျှင် အမှန်တကယ် ယုံကြည်သက်ဝင်သူအဖြစ် လက်ခံရပါမည်။ ယုံကြည်ပါသည်ဟု ပါးစပ်က ပြောသော်လည်း ဘာသာတရားအဆုံးအမများကို အမှန်တကယ် လိုက်နာမဆောင်ရွက်နိုင်ပါက ယင်းဘာသာဝင်အဖြစ် သတ်မှတ်ရန်ခက်ခဲပါလိမ့်မည်။ ယုံကြည်မှုနှင့် လိုက်နာဆောင်ရွက်မှု ထပ်တူကျသူကိုသာလျှင် အစစ်အမှန်အဖြစ် သတ်မှတ်နိုင်ပါသည်။

ထို့ပြင် မျက်ကန်းယုံကြည်ပြီး သေသေချာချာ မသိနားမလည်သူများနှင့် သိရှိနားလည်သော်လည်း တိတိကျကျ မလိုက်နာသူများကြောင့် ဘာသာတရား၏ အဆင့်အတန်းကျဆင်းတတ်ပါသည်။ လူ့အဆင့်အတန်းမြင့်မားသူ လူကောင်းတို့အပေါ် ဘာသာတရား၏ အဆုံးအမတရား လွှမ်းမိုးမှု ရှိနိုင်သော်လည်း၊ ဘာသာတရား အဆင့်အတန်းမြင့်မားမှုသည် လူတိုင်းအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ ယုံကြည်မှုနှင့် လိုက်နာဆောင်ရွက်သူများအပေါ်တွင်သာ သြဇာသက်ရောက်မှုရှိနိုင်ပေသည်။ ထို့ကြောင့် အဆင့်အတန်း မြင့်မားသော ဘာသာတရားကိုးကွယ်သူတိုင်းအား လူကောင်းဟု မသတ်မှတ်နိုင်ပေ။

လူမျိုး၊ အသားအရောင်နှင့် အဆင့်အတန်း

အချို့တိုင်းပြည်များတွင် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ကွဲပြားမှုနှင့် မျိုးရိုးအဆင့်အတန်း အနိမ့်အမြင့်ဟူ၍ မတူညီသော အခွင့်အရေးခြားနားမှုများ ရှိကြပါသည်။ အမှန်စင်စစ် မိမိတို့ပြုခဲ့သမျှ ကံတရားများပေါ် မူတည်လျက်ဖြစ်ပေါ်လာသော အသွင်အပြင်များ၊ အခြေအနေများကို ရွေးချယ်နိုင်စွမ်း မရှိသကဲ့သို့၊ ငြင်းဆန်နိုင်ခွင့်လည်း မရှိကြပေ။ သို့ရာတွင် ပုံပန်းသဏ္ဌာန် အသွင်အပြင် အသားအရောင် များကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိသော်လည်း၊ မိမိတို့၏ကံတရားများနှင့် စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ပိုမိုကောင်းမွန်သော ဘဝအခြေအနေများကို ရယူနိုင်ကြပါသည်။

သီလစောင့်မှ အူမတောင့်မှာပေါ့…

မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် စောင့်ထိန်းရမည့်သီလတရားတို့ကို ပစ်ပယ်လျက် မိမိတို့၏ စားဝတ်နေရေးအတွက် မသမာသော နည်းမျိုးစုံဖြင့် ကြိုးပမ်းမှုသည် လတ်တလောအခြေအနေအတွက် ကောင်းမွန်နိုင်သော်လည်း၊ ရေရှည်တွင်မူ အဆင်မပြေမှု ဒုက္ခများစွာကို ရင်ဆိုင်ကြရပေမည်။ ငတ်လာလျှင် ဘာမဆိုလုပ်လိမ့်မည်ဟု ယုံကြည်ခြင်းသည် မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သီလမရှိခဲ့ခြင်းကြောင့် ဆင်းရဲခြင်းဖြစ်ပေါ်စေသော်လည်း၊ ဆင်းရဲမှုကြောင့် သီလမဆောက်တည်နိုင်ပါက သံသရာဝဋ်ဆင်းရဲမှ မည်သည့်အခါမျှ ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။ သီလဆောက်တည်မှုကြောင့် ဆင်းရဲရာမှ ချမ်းသာလာခြင်းသည် အတိုင်းအတာတခုအထိ တည်မြဲနိုင်သော်လည်း၊ သူတပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာသော မသမာသောနည်းဖြင့် ငွေကြေးချမ်းသာလာခြင်း၏ အကျိုးဆက်သည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ဘဝကို အဆုံးသတ်ရမည့်အပြင် သံသရာတလျှောက်တွင်လည်း ဆိုးကျိုးပေါင်းစုံကို ရင်ဆိုင်တွေ့ရပေလိမ့်မည်။ တဘဝ တခဏ မိမိတို့ဘဝ အဆင်ပြေချမ်းသာစေရန် လူသားချင်းမစာနာ လူလူချင်းမညှာတာဘဲ တခြားသူများအား ဒုက္ခပေးသူများသည် တချိန်ချိန်တွင် ထပ်တူထပ်မျှခံစားမှု ဝဋ်လည်ခြင်းကို ပြန်လည်ခံစားရမည် ဖြစ်ပါသည်။

အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးပါ၏….

သာသနာတည်တံ့ရေးနှင့် သာသနာသန့်ရှင်းရေးတည်းဟူသော အရည်အချင်းရှိမှသာ သာသနာပြန့်ပွားရေးတည်းဟူသော အရေအတွက် များပြားလာနိုင်ပါသည်။ မြတ်စွာဘုရား သာသနာအဆုံးအမများကို အမှန်တကယ်လိုက်နာခြင်းမရှိဘဲ အမည်ခံဗုဒ္ဓဘာသာဦးရေ များပြားလာခြင်းသည် သာသနာပျက်ဆီးခြင်း၏ အစပျိုးလက္ခဏာဖြစ်လာနိုင်ပါသည်။ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် လိုက်နာကျင့်သုံးမှု အကျင့်မြတ် ရှိသောသူ များပြားလာပြီး လက်ဆင့်ကမ်း အမွေပေးခြင်းဖြင့်သာ သာသနာရေရှည် တည်တံ့ခြင်း ရှိလာနိုင်ပါသည်။ ဗုဒ္ဓသာသနာသည် ဆွဲဆောင်စည်းရုံးပြီး ဆုတောင်းပြည့်စေတတ်ခြင်းမဟုတ်ဘဲ၊ ကိုယ်တိုင်လိုက်နာ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ တသက်တာ စွဲမြဲစေရခြင်းဖြစ်ပေသည်။ မက်လုံးပေး ဆွဲဆောင်မှုနောက် ပါသွားရခြင်းမှာ ဗုဒ္ဓသာသနာအဆုံးအမကို မလိုက်နာ မကျင့်သုံးခြင်းတည်းဟူသော အကြောင်းတရားကြောင့် ယုံကြည်သက်ဝင်မှုဟူသော အကျိုးတရားမခိုင်မြဲခြင်းကြောင့်သာ ဖြစ်ပေသည်။ ယုံကြည်မှုရှိမှသာ လိုက်နာမှုရှိမည်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် လိုက်နာကျင့်သုံးမှုရှိမှသာ ယုံကြည်မှုခိုင်မြဲမည်ဖြစ်ပေသည်။

အခြေခံမှသည် အမြင့်ဆီသို့…

မည်သည့်အကြောင်းအရာမဆို အခြေခံကျကျ အသေအချာ နားလည်သဘောပေါက်မှသာလျှင် အဆင့်မြင့်ဆီသို့ တက်လှမ်းနိုင်ပါမည်။ အခြေခံကျကျ နားလည်သဘောပေါက်သူများသည် ယုံကြည်မှုခိုင်မြဲပြီး လိုက်နာကျင့်သုံးမှု ပိုမိုစိတ်ပါဝင်စားလာနိုင်ပါသည်။ ထို့ကြောင့် အခြေခံသင်တန်းများ သင်ကြားမှုသည် အလွန်အရေးပါလှပါသည်။ နိဗ္ဗာန်ရောက်ကြောင်းတရားထက် အပါယ်လေးပါး လွတ်မြောက်ရေးတရားက ပိုမိုအရေးကြီးလှပါသည်။ အခြေခံတရားများကို နားလည်မှုမရှိပါလျက်နှင့် အဆင့်မြင့်နိဗ္ဗာန်ရောက်တရားများကို နားလည်ရန် ခက်ခဲပါလိမ့်မည်။

အယူဝါဒနှင့်လုပ်ရပ် မမှားစေချင်ပါ….

မိမိတို့၏ သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ မြင့်မြတ်တင့်တယ်စေရေးနှင့် သိက္ခာမြင့်မားရေးသည် မိမိတို့၏ အယူဝါဒနှင့် လုပ်ရပ်မှန်ကန်ခြင်းပေါ် မူတည်လှပါသည်။ အချို့သော ဘာသာရေးခေါင်းဆောင် ရဟန်းတော်အချို့၏ မှားယွင်းသော အယူဝါဒများနှင့် လုပ်ရပ်များကြောင့် အခြားသော ဘာသာဝင်များ၏ အထင်အမြင်သေးခြင်း၊ နားလည်မှုလွဲခြင်းများကို ခံရတတ်ပါသည်။ ထိုထက် ဆိုးဝါးသည်မှာ ဗုဒ္ဓဘာသာဝင်အချို့၏ စိတ်ပျက်မှု အထင်သေးမှုသည် ယင်းတို့ကို ဘာသာပြောင်းစေသည်အထိ ဖြစ်ပွားစေတတ်ပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင် လူအချို့၏ ငါ့လူမျိုး ငါ့ဘာသာဟူသော အစွန်းရောက် တဇောက်ကန်းဆန်ဆန် ပြုမူပြောဆိုမှုများသည်လည်း ဗုဒ္ဓသာသနာ၏ ဂုဏ်သိက္ခာကို ကျဆင်းစေတတ်ပါသည်။

ဆရာ၊ ဒကာ လက်တွဲညီစို့….

ဘုရားသာသနာရေရှည်တည်တံ့ရေးသည် ရဟန်းသံဃာတော် ဆရာတော်များနှင့် တပည့်သား ဒကာ ဒကာမများ၏ လက်တွဲညီညီဆောင်ရွက်မှုပေါ် မူတည်ပါသောကြောင့် မိမိတို့လက်ထက်တွင် သာသနာတော်ကြီး မြင့်မြတ်တင့်တယ်စေရေးနှင့် မညှိုးနွမ်း မကွယ်ပျောက်စေရေးသည် လူတိုင်း၏ သမိုင်းပေးတာဝန် ဖြစ်ပါသည်။ ။

ရေးသားသူ
ထက်စုနှင်းဆီ (၀၆-၀၅-၂၀၁၁)

Sunday, January 2, 2011

နှစ်သစ်သစ္စာနှင့် နှစ်သစ်အမြင်

စာရေးသူ ရေးသားခဲ့မိသော စာများကို ပြန်လည် လေ့လာကြည့်မိပါသည်။ များသောအားဖြင့် အမှားကို ထောက်ပြ အမှန်ကို ရောက်စေချင်သော စေတနာမှန်များဖြင့် ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ စော်ကားလိုသောစိတ်၊ အပြစ်တင်လိုသောစိတ်၊ မကောင်းမြင်သောစိတ်များဖြင့် ရေးသားခဲ့ခြင်းမဟုတ်ပါ ဆိုသည်ကို ရိုးသားစွာဝန်ခံလိုပါသည်။ သို့သော်လည်း စာအရေးအသား မကျွမ်းကျင်မှု ၊ မှားနေသောအရာများကို ဒဲ့ဒိုးထောက်ပြခြင်း၊ သွယ်ဝိုက်စွာ မဖော်ပြတတ်ခြင်းများကြောင့် စာရေးသူ၏ စာများမှာ တဖက်သားအတွက် နာလိုခံခက်ဖြစ်စရာ ဖြစ်နေတတ်ပါသည်။ သိလျက်နဲ့ အမှန်ကို မျက်ကွယ်ပြု၊ အမှားကို ပျော်ပျော်ကြီးလုပ်နေကြသော ပတ်ဝန်းကျင်ရှိ လူများနှင့် ရဟန်းတော်အချို့ကို မြင်မိသောအခါ အမှန်တရားကို အခြေခံထားသော်လည်း ဂရုဏာဒေါသော၊ တခါတရံ မာန်ပါပါ ထောက်ပြ ရေးပြမိတတ်ပါသည်။ စာရေးသူကိုယ်တိုင်လည်း အမှားနှင့်ကင်းသော လူတယောက် မဟုတ်လေသောကြောင့် တခါမှားရုံနှင့် လူဆိုးတယောက်အဖြစ် မသတ်မှတ်ခဲ့မိပေ။ မိမိမှားမှန်းသိပြီး အမှန်ပြင်နိုင်သူ၊ ထပ်မမှားသူများကို လူကောင်းအဖြစ် သတ်မှတ်လေ့ရှိခဲ့ပါသည်။

သို့သော်လည်း အမှားတခုကို မှားမှန်းသိရက်နှင့် ပြုလုပ်နေသူများ၊ မှားမှန်းပင်မသိဘဲ အမှန်ထင်ပြီး ပြုလုပ်နေသူများ၊ မြတ်စွာဘုရားသာသနာကို ဖျက်လိုဖျက်ဆီး မိမိလိုချင်သောအရာများဖြင့် ဖြည့်စွက်ပြင်ဆင်နေသူများ၊ အမှားကြာပါက အမှန်ထင်ပြီး နောင်လာနောက်သားများ၏ အယူမှား အမြင်မှား အသိမှားပြီး သံသရာတလျှောက် ဒုက္ခရောက်မှာကို စိုးရိမ်ပူပင် ကြောင့်ကြမိလေသောကြောင့် လူအများ၏ မေတ္တာကို ခံယူလျက် အမုန်းခံပြီး ရေးသားနေရခြင်းသာဖြစ်ပါသည်။

ဘုန်းကြီးစာချ ဖြစ်နေသလား
(((ရဟန်းဘဝသည် သစ်ပင်ပေါ်တွင် လမ်းလျှောက်သူနှင့် တူ၏။ လူ့ဘဝသည် မြေပြင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။ မြေပြင်ပေါ်တွင် လမ်းလျှောက်ရသူသည် ချော်လဲလျှင် ပွန်းပဲ့ရုံသာရှိ၏။ ထို့ထက်မပို။ ထို့အတူ လူ့ဘဝတွင် အပြစ်သေးသေးကျူးလွန်လျှင် မကောင်းကျိုး သေးသေးသာ ခံစားရ၏။ ထို့ထက်မပို။

သစ်ပင်ပေါ်မှ ခြေချော်ကျသူကား သေရသည်က များ၏။ မသေလျှင်လည်း ခြေကျိုး၊လက်ကျိုး၊ ခါးကျိုးပြီး တစ်သက်လုံးလူစဉ်မမီသည့် ဒုက္ခကိုခံစားရ၏။ ထို့အတူ ရဟန်းဘဝတွင် အပြစ်သေးသေးကျူးလွန်လျှင်ပင် မကောင်းကျိုးကား ကြီးကြီးမားမားခံစားရ၏။ အကြောင်းကား သူတစ်ပါးလှူသည်ကို စားနေသူဖြစ်သောကြောင့်ပင်တည်း။)))) (((အရှင်ဇဝန-မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်စာအုပ်မှ ကောက်နှုတ်ချက်))))

အထက်တွင်ဖော်ပြသကဲ့သို့ အပြစ်များစွာကျရောက်မည်ကို သိပါလျက်နှင့် မိမိတို့အတွက် အကျိုးမရှိသော အလုပ်များကို အချိန်ကုန်ခံပြီး ပြုလုပ်နေကြသော ရဟန်းတော်အချို့ကို တွေ့မြင်မိသောအခါ စာရေးသူအနေနှင့် သတိပေးရေးသားချင်စိတ် ပေါ်လာမိပါသည်။ ဘုန်းကြီးစာချ ပြုလုပ်လိုသောစိတ်၊ ရဟန်းတော်များကို စော်ကားလိုစိတ် သိက္ခာချလိုစိတ်နှင့် ရေးသားခြင်း လုံးဝမဟုတ်ပေ။ သိရက်နှင့် ကျူးလွန်သောရဟန်းတော်များကို ဟန့်တားလိုခြင်း၊ အမှန်တကယ် မသိလို့ လုပ်မိသောရဟန်းတော်များကို သိစေလိုခြင်း၊ မြတ်စွာဘုရား၏ သားတပည့် သံဃာ့ဂုဏ်တော်ကိုးပါးနှင့်အညီ ကျင့်ကြံနေထိုင်ကြခြင်းကို မြင်တွေ့လိုခြင်း စိတ်စေတနာအမှန်နှင့် ရေးသားခြင်းသာဖြစ်ပါသည်။ ထို့အပြင် အခြားဘာသာဝင်များ၏ ကဲ့ရဲ့ပြစ်တင်ခြင်း၊ ရှုံ့ချအထင်အမြင်သေးခြင်းကို ကာကွယ်ဟန့်တားလိုသော ရည်ရွယ်ချက်လည်း ပါဝင်ပါသည်။

ရခဲလှသောလူ့ဘဝ၏ အမြင့်မြတ်ဆုံးဖြစ်သော ရဟန်းဘဝတွင် မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်နှင့် အညီ ဝိနည်းစည်းကမ်းများကို တသွေမတိမ်းလိုက်နာကျင့်သုံးခြင်းသည် ပဋိပတ္တိအကျင့်မြတ်ကို ကျင့်သုံးနေခြင်း မည်ပေသည်။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသကဲ့သို့ ရဟန်းတပါးအနေအထိုင်မတတ်ခြင်းကြောင့် သံဃာအားလုံးကို သိမ်းကြုံးအပြောခံရခြင်းမျိုး မဖြစ်စေလိုခြင်းသည် စာရေးသူ၏ စေတနာအမှန်ဖြစ်ပါသည်။

အသိပညာနှင့် အကျင့်လိမ္မာ

လောကီ (သို့) လောကုတ္တရာ အသိပညာကို စာသင်ခြင်းဖြင့်လည်းကောင်း၊ စာအုပ်ဖတ်ခြင်းဖြင့်လည်းကောင်း၊ အကြားအမြင်ဗဟုသုတရှာမှီးခြင်းဖြင့်လည်းကောင်း သညာသိအနေဖြင့် ရရှိနိုင်သော်လည်း၊ ကိုယ်ကျင့်ရမည့် ကိုယ်ကျင့်တရားနှင့် စောင့်ထိန်းရမည့် သီလစည်းကမ်းပေါ် မူတည်လျက် အကျင့်လိမ္မာကို ပညာသိအနေဖြင့် ကျင့်ယူကြရပေမည်။ လောကီစည်းကမ်းအရ စာတတ်ခြင်း၊ ရရှိထားသော ဘွဲ့ထူး ဂုဏ်ထူးများ၊ စည်းစိမ်များအပေါ် မာန်တက်လျက် အမှန်တကယ်ကျင့်ရမည့် ကိုယ်ကျင့်တရားနှင့် သီလစည်းကမ်းများကို မျက်ကွယ်ပြုမည်ဆိုပါက အမှောင်ထဲတွင် လမ်းလျှောက်နေသူ (သို့မဟုတ်) မျက်စိမမြင်သူ အကန်းနှင့်သာ တူနေပါလိမ့်မည်။

ကိုယ်ချင်းစာတရား လက်ကိုင်ထား

လူလူချင်း အဆင့်အတန်းခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ ဘာသာတရားခွဲခြားခြင်း၊ များကို လက်ခံခြင်းမပြုသော မြတ်စွာဘုရား၏ အဆုံးအမကိုခံယူသူတိုင်းသည် ကိုယ်နှင့်နှိုင်း မရိုင်းဟူသော ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသင့်ပါသည်။ လူလူချင်း တန်ဖိုးထားခြင်း၊ တန်းတူရည်တူဆက်ဆံခြင်း၊ မျှဝေခံစားခြင်းများ ပြုလုပ်သင့်ပါသည်။ ရန်သူကဲ့သို့ သဘောထားခြင်းများအား အထူးရှောင်ကျဉ်သင့်ပါသည်။ မိမိလူမျိုး မိမိအဆင့်အတန်းကို မြှင့်တင်လိုပါလျှင် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်း၊ မိမိပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင် ကျင့်ကြံအားထုတ်ခြင်းသည်သာလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။ သူတပါးကို ရန်လိုတိုက်ခိုက်ခြင်း၊ အငြိုးအတေး အမုန်းမာန်ပွားခြင်းသည် မိမိလူမျိုး မိမိအဆင့်အတန်း ဂုဏ်သိက္ခာကျဆင်းခြင်းကိုသာ ဖြစ်ပွားစေနိုင်ပါသည်။ ထို့ပြင် သားစဉ်မြေးဆက် အပြန်အလှန် လက်စားချေ အမုန်းမာန်ပွားနေခြင်းဖြင့် တိုးတက်ကြီးပွားရမည့်အစား ဆုတ်ယုတ်ကျဆင်းမှုကိုသာ ရင်ဆိုင်ရပေမည်။

အကြောင်းအကျိုး ညှိနှိုင်းစို့

လူတဦးနှင့်တဦး အကြောင်းအရာတခုခုအပေါ် အမှားအမှန်အတွက် အငြင်းပွားမှုရှိနေပါကလည်း အကြောင်းနှင့်အကျိုး ဆင်ခြင်တုံတရား လက်ကိုင်ထားလျက် အပြန်အလှန် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင် မြတ်စွာဘုရား၏ တရားတော်နှင့်အညီ ဖြစ်နိုင်ပေသည်။

ရဟန်းတော်များနှင့် ဒကာ၊ဒကာမများ၊ ဆရာများနှင့်တပည့်များ၊ မိဘနှင့်သားသမီးများအကြား သာမက အလုပ်ရှင်နှင့်အလုပ်သမားအကြားတွင်လည်း မည်သည့်အငြင်းပွားမှုမဆို အထက်အောက် မခွဲခြားဘဲ တန်းတူရည်တူ စိတ်ထားနှင့် ပြေလည်အောင်ညှိနှိုင်းအဖြေရှာသင့်ပါသည်။ ဆရာသမားဆိုတိုင်း အမြဲတမ်းမှန်နိုင်မည် မဟုတ်သကဲ့သို့ မိဘတိုင်းလည်း အမှားကင်းနိုင်မည်မဟုတ်ပေ။ ထို့အတူ ရဟန်းတော်တိုင်းလည်း တရားသိတတ်နားလည်နိုင်မည် မဆိုနိုင်ဘဲ၊ အလုပ်ရှင်တိုင်းလည်း မျှတသောစိတ်ထား မရှိနိုင်ပေ။ ထို့ကြောင့် ကြောက်ရွံ့လေးစားစိတ်နှင့် မပြောရဲ မဆိုရဲ အမှားကို အမှားမှန်းသိလျက် အမှန်ကို မလုပ်ရဲခြင်းအစား၊ မိမိမှန်ပါက အမှန်ကို ရဲရဲဝံ့ဝံ့ အကြောင်းအကျိုးနှင့် ထောက်ပြပြောဆိုသူ တဦးဖြစ်အောင် ကြိုးစားသင့်ပါသည်။ လူကြီးများ၊ဆရာသမားများ အနေနှင့်လည်း ရှေးရိုးအစဉ်အလာအတိုင်း အမှားကြာ အမှန်ဖြစ်နေသော အယူအဆမှားများအား ဆက်လက်ဆုပ်ကိုင်မထားဘဲ သဘောထားကြီးစွာ လူငယ်များအား နေရာပေး အလေးထားသင့်ပါသည်။

စိတ်သစ် လူသစ် အတွေးအခေါ်သစ်

ဖြစ်ပြီးခဲ့သမျှ အကြောင်းတရား အကျိုးတရားများကို ပြန်လည်တမ်းတ၊ အောင်းမေ့ သတိရ၊ နောင်တရနေခြင်း၊ အနာဂတ်အတွက် စိုးရိမ်ပူပန်ကြောင့်ကြနေခြင်းများအစား လက်ရှိအချိန် လက်ရှိနေရာဋ္ဌာနတွင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးကို ပြုလုပ်ကြခြင်းသည်သာ လူသားအားလုံးအတွက် အကျိုးရှိနိုင်ပေမည်။ ကောင်းမြတ်သော ကိုယ်ကျင့်တရားတည်းဟူသော သံကွန်ချာအတွင်း ကြည်လင်အေးချမ်းသော စိတ်ဓာတ်ခွန်အားနှင့် နှောင်ဖွဲ့မှုကင်းပြီး လွတ်လပ်သော အတွေးအခေါ်သစ်များဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးနိုင်သော လူသားများအဖြစ် နေထိုင်သွားနိုင်ပါစေကြောင်း နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
.

Monday, December 13, 2010

လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ်ခံစားဖို့မဟုတ်၊ ကုသိုလ်ပြုဖို့အတွက်သာဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း ဟူသော အချက်လေးချက်ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင်ရှိ၏။ ဤလေးချက်သာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာဖြစ်၏။

လူသားသည် ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ်(ပရဟိတ အလုပ်)ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံသာ ကုသိုလ်လုပ်၍ရသလော။ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု မေးခဲ့ငြားအံ့။ ”မရနိုင်” ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင် ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့်မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။

လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပေ။ လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။ ဥပမာအားဖြင့် နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တွင် အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။

ထို့ကြောင့် ဘုရားအလောင်းများသည် နတ်ပြည်သို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို သေအောင်ပြု၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊သီလစသော ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည် လူ့ဘဝက ရှာဖွေလာသော ကုသိုလ်များကို သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။

(((((လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသောပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။)))))

(အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ) ရေးသားသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ ကောက်နှုတ်ချက်)

Monday, October 4, 2010

အသိ+သတိ

အသိပညာ များသော်ငြားလည်း
မိုက်မဲကောက်ကျစ် အမှောင်ထုဝယ်
လောဘ ဒေါသ သံသရာတွင်း
ဝဲစုပ်လည်လည် ငါမာနနှင့်
မမြင်မောဟ မရှိလိမ္မာ...
သိလေဟန်နှင့် ဟန်ဆောင်လောက
လွန်ကြွယ်ဝ၏ ထိုထိုဘဝ
ပေါများလှ။

မကောင်းမှုရှောင် ကောင်းမှုဆောင်ဟု
တွင်တွင်ပြောကြား လျှာနှုတ်ဖျားဝယ်
လက်တွေ့ဘဝ မကျင့်သုံးကြ
ပါးစပ်တရား လက်ကားရားနှင့်
မရှိသတိ မသိသာသနာ
တတ်လေဟန်နှင့် အတုအယောင်
ပေါကြွယ်ဝ၏ ထိုထိုအတန်းအစား
လွန်များလှ။

အသိသာရှိ သတိမရှိ
ကောက်ကျစ်စိတ်ထားညံ့...
သတိသာရှိ အသိမရှိ
လူလိမ်ခံရတတ်...
အသိနှင့်သတိ တန်းတူမျှ
သာသနာကောင်းကျိုးရ။ ။
.

Saturday, August 14, 2010

အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။

မြတ်စွာဘုရားရှင်သည် လောကီလူသားများအား သံသရာမှ လွတ်မြောက်စေခြင်း အလို့ငှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ကျင့်လျက် ဘုရားအဖြစ်သို့ ကျင့်ကြံအားထုတ်တော်မူခဲ့ပါသည်။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ ဘဝတွင် ရဟန္တာအဖြစ် ရယူနိုင်သော်လည်း၊ သတ္တဝါအပေါင်းအား ကယ်ချွတ်လိုသော စိတ်စေတနာဖြင့် ဘုရားဆုပန်ခဲ့ပါသည်။ ဤသို့ မြင့်မြတ်လှသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအပေါင်းအား ရည်မှန်းလျက် ကိုးကွယ်ရာရတနာအဖြစ် လူသားအပေါင်းက ပူဇော်ကန်တော့လျက် ရှိကြပါသည်။ မြတ်စွာဘုရား၏ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တည်းဟူသော သာသနာသုံးရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်လာသူများမှာ ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်းပင်ဖြစ်လေသည်။

မြတ်စွာဘုရား၏ သားတပည့် သံဃာတော်စစ်မှန်သူဆိုပါက ပရိယတ္တိသာသနာ တခုတည်းကို ပြုလုပ်ခြင်းသည် မမှန်ကန်သကဲ့သို့၊ ပဋိပတ္တိသာသနာတခုတည်းကိုသာ အားသန်ခြင်းသည်လည်း ကောင်းသောလက္ခဏာ တရပ်မဟုတ်ပေ။ ပရိယတ္တိကို နှံ့စပ်ကျွမ်းကျင်ခြင်းနှင့်အတူ ပဋိပတ္တိအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နိုင်မှသာ ပဋိဝေဓတည်းဟူသော ပန်းတိုင်ကို ဆိုက်ရောက်နိုင်ပေလိမ့်မည်။ သို့မှသာ သာသနာသုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော မြတ်စွာဘုရား၏ သားတပည့် အစစ်အမှန်အဖြစ် သတ်မှတ်နိုင်ပေသည်။

ပုထုဇဉ်လူသား၏စိတ်သည် မျောက်စိတ်နှင့် တူ၏……

လူသည် မျောက်မှ ဆင်းသက်လာသည်ဟူသော ဒါဝင်၏ သီအိုရီကို လက်မခံနိုင်သော်လည်း၊ ပုထုဇဉ် လူသား၏ စိတ်သည် မျောက်စိတ်နှင့် ဆင်ဆင်တူခြင်းကိုတော့ ဝန်ခံရပေမည်။ စိတ်သည် လက်တဖျစ်အတွင်း ကုဋေနှင့်ချီပြီး ဖြစ်ပျက် ပြောင်းလဲလေ့ရှိပါသည်။ ထို့ကြောင့် ပုထုဇဉ်လူသားမှန်လျှင် ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ အသွင်အပြင် အဆောင်အယောင်သာ ကွာခြားပါသည်။ စိတ်ဓာတ်အပြောင်းအလဲမြန်တတ်ခြင်းသည် အတူတူပင်ဖြစ်ပါသည်။ စိတ်ဟူသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နှစ်သက်မှုရှိပါက ထပ်ခါတလဲလဲ လုပ်ချင်သော သဘောသဘာဝ ရှိတတ်ပေသည်။ ထို့ကြောင့် ကောင်းသောအာရုံတွင် အမြဲတမ်းကျက်စားသူသည် ကောင်းသောအလုပ်ကိုသာ လုပ်ချင်တတ်ပြီး၊ မကောင်းသောအာရုံတွင် အစဉ်ကျက်စားသူသည်လည်း မကောင်းသောအလုပ်ကိုသာ ပျော်မွေ့လေ့ရှိပါသည်။ ထို့ကြောင့် အသိတရားနှင့် သတိကပ်ပြီး မိမိ၏စိတ်ကို အစဉ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင် ကောင်းမှုနှင့် မကောင်းမှု၊ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိရှိ ရှောင်ကျဉ် နိုင်ပေမည်။

ပရိယတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက……

မြတ်စွာဘုရား၏ တရားဒေသနာ ပါဠိ ပိဋကတ်သုံးပုံကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပိဋကတ်စာပေများ အာဂုံဆောင် သင်အံခြင်း၊ စာသင်တိုက်ကြီးများ တည်ထောင်ခြင်းသည် သာသနာထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သော်လည်း ပြီးပြည့်စုံခြင်း မရှိပေ။ ပဋိပတ္တိအကျင့်မြတ်ကို မကျင့်ကြံပဲ စာပေသင်ကြားခြင်းကိုသာ ပြုမည် ဆိုပါက၊ ရဟန်းအဆောင်အယောင်များ ခြုံလွှမ်းထားသော်လည်း ပုထုဇဉ်လူသားများအဖြစ် အပြစ်များ ကျူးလွန်တတ်ကြပါသည်။ ဝိနည်း စည်းကမ်းများ မည်မျှပင် ချမှတ်ထားသော်ငြားလည်း၊ သတိမမြဲပါက အသိတရားလက်လွတ်တတ်ကြပါသည်။ လူဖြစ်ရသောဘဝတွင် ရဟန်းအဖြစ်မှာ ရခဲပြီး မြင့်မြတ်လှပါသည်။ ထိုမြင့်မြတ်လှသောဘဝတွင် ရဟန်းဝိနည်းစည်းကမ်းများအား တသွေမတိမ်း လိုက်နာသင့်လှပါသည်။ အသေးအဖွဲအပြစ်ပင် ဖြစ်သော်ငြားလည်း၊ တခါတရံကျူးလွန်ခြင်းကို အာပတ်ဖြေခြင်းဖြင့် ခွင့်လွှတ်နိုင်သော်လည်း၊ ထပ်ခါထပ်ခါ ကျူးလွန် အာပတ်ဖြေခြင်းကိုတော့ နားလည်ခွင့်လွှတ်မှု မပေးသင့်တော့ပေ။ မကောင်းမှုဟူသည် ပြုလုပ်ဖန်များလာပါက၊ ထပ်မံကျူးလွန်ရန် ဝန်မလေးသကဲ့သို့၊ ယင်းထက် ကြီးမားသော အပြစ်ကို ကျူးလွန်နိုင်စေခြင်း၏ အစပျိုးလက္ခဏာလည်း ဖြစ်လာနိုင်ပါသည်။ နည်းနည်းချင်း ကျူးလွန်မှုမှ၊ များများ ကျူးလွန်လာနိုင်သကဲ့သို့၊ နည်းနည်းချင်း ထိန်းသိမ်းနိုင်မှလည်း များများထိန်းသိမ်းလာနိုင်ပါသည်။ မြတ်စွာဘုရားသည် တပည့်သား သံဃာတော်များအား အမှုနည်းနိုင်သမျှ နည်းနိုင်စေရန်၊ ကိလေသာမတိုးပွား လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ဝိနည်းစည်းကမ်းများ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဘောလုံးပွဲကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက် အွန်လိုင်းတက်ပြီး မလိုလားအပ်သော စကားများ ပြောဆိုခြင်းများသည်၊ ရဟန်းသံဃာတော်များအတွက် ကိလေသာတိုးပွားစေနိုင်ခြင်းကို သာ ဖြစ်စေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ တရားဓမ္မများနားထောင်ခြင်း၊ တပည့် ဒကာ၊ ဒကာမများအား ဆုံးမစကားပြောဆို ရေးသားခြင်း၊ တရားဟော တရားကျင့်ခြင်းများသည်သာလျှင် ရဟန်းသံဃာတော်များအတွက် ပိုမို သင့်လျော်ပါသည်။

ပဋိပတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက…..

ပရိယတ္တိစာပေ မလေ့လာဘဲ ပဋိပတ္တိသာသနာတခုတည်းသာ အားသန်မည်ဆိုပါကလည်း မြတ်စွာဘုရား ဟောကြားခဲ့သော တရားစစ်တရားမှန်များနှင့် ဗုဒ္ဓကိုယ်တွေ့ ကို မသိရှိ မနားလည်နိုင်တော့ဘဲ၊ ဆရာတွေ့နှင့် မိမိကိုယ်တွေ့ကိုသာ အမှန်ထင်ပြီး လမ်းလွဲ လမ်းမှားသို့ ရောက်ရှိနိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ ကျော်မှ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားဟောစာပေ ပိဋကတ်တော်များကို ခြောက်ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ စစ်ဆေးခဲ့သောကြောင့် ပါဠိ ပိဋကတ်တော်များကို မှားယွင်းမှုရှိပါသည်ဟု သံသယဝင်ခြင်းသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါးအပေါ် ပြစ်မှားသည့်သဘော မယုံကြည်သည့်သဘော သက်ရောက်နေပါသည်။ သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ပရိယတ္တိစာပေ မသင်ကြားပါက ပြီးပြည့်စုံသော သာသနာအဖြစ် သတ်မှတ်၍ မဖြစ်နိုင်သကဲ့သို့၊ ပဋိပတ္တိအကျင့်မြတ် မကျင့်ပါကလည်း ဆားမပါသောဟင်းကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ပရိယတ္တိသာသနာနှင့် ပဋိပတ္တိသာသနာ နှစ်မျိုးစလုံးကို ကျွမ်းကျင်နှံ့စပ်စွာ ဟန်ချက်ညီညီပြုနိုင်မှသာလျှင် မြတ်စွာဘုရားရှင်အလိုတော်ကျ ပဋိဝေဓ ပန်းတိုင်သို့ ဆိုက်ရောက်နိုင်သော၊ သာသနာသုံးရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော သံဃာတော်တပါးဖြစ်နိုင်ပါလိမ့်မည်။

ကိလေသာကုန်ခမ်းစေရန် ကျင့်ကြံနေသူရဟန်းများအား သံဃာတော်ဟု သတ်မှတ်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုများ အချိန်ပြည့်ပြုလုပ်ပြီး ဘုန်းကြီးနေသူ ရဟန်းတော်များကို ဘုန်းကြီးဟု ခေါ်ဆိုနိုင်ကြပါသည်။ သို့တည်းမဟုတ် သင်္ကန်းအဆောင်အယောင်သာရှိပြီး၊ လူ့အကျင့် လူ့အပြုအမူ ပြုနေသူများကို ရိုးရိုးရဟန်းအဖြစ်သာ သတ်မှတ်နိုင်ပါသည်။

ရဟန်းနှင့်လူ အတူတူဆိုလျှင်…. လူတွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းရှိသကဲ့သို့၊ ရဟန်းတော်များတွင်လည်း ရဟန်းဝိနည်း၊ ရဟန်းစည်းကမ်းဟူ၍ ရှိပါသည်။ လူနှင့်မတူ မြင့်မြတ်သောအကျင့်သိက္ခာနှင့် ဝိနည်းပေါင်း ၂၂၇သွယ်ကို စောင့်ထိန်းနိုင်သောကြောင့် လူအများ၏ အရိုအသေပေးခြင်း၊ ကြည်ညိုခြင်း၊ ရှိခိုးပူဇော်ခြင်းကို ခံယူထိုက်သူများ ဖြစ်နေကြပါသည်။ ထိုသို့မဟုတ်ဘဲ လူ့အကျင့် လူ့အပြုအမူအတိုင်း ကျင့်သုံးနေမည်ဆိုပါက လူလူချင်း အရိုအသေပေးစရာအကြောင်း မရှိတော့ပေ။ လူအများ၏ စားဦးစားဖျား၊ အမွန်အမြတ်ထားဖွယ်ရာ ပစ္စည်းလေးပါးကို အလှူခံထိုက်သူများ ပီသအောင် ကျင့်ကြံအားထုတ် နေထိုင်နိုင်မှသာ သံသရာအကြွေးရှင်းနိုင်သူ၊ သံသရာစာရင်း ပြတ်နိုင်သူအဖြစ် နတ်၊လူ သာဓု ခေါ်ဆိုနိုင်ပါမည်။

အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။

မိမိ၏အမှားကို အမှန်အတိုင်းဝန်ခံပြီး၊ နောက်ထပ်မမှားအောင် အမှန်သို့ပြုပြင်ခြင်း၊ ယခင်အမှားမျိုးထပ်မံ မကျူးလွန်အောင် ရှောင်ကျဉ်နိုင်ခြင်းသည် သူတော်ကောင်းတဦး၏ အပြုအမူများဖြစ်ပါသည်။ မှားခြင်းကို မှားမှန်းသိပါလျက် ဆင်ခြင်အမျိုးမျိုးနှင့် မမှားလေသယောင်ယောင်၊ အပြစ်မကျူးလွန်သယောင်ယောင်၊ မျက်နှာပြောင်တိုက်ပြီး ဆက်လက်မှားနေဦးမည်ဆိုပါက မည်သူမပြု မိမိမှုဆိုသကဲ့၊ မိမိပြုသမျှကံတရား၏ ကောင်းခြင်း ဆိုးခြင်းကို မိမိသာလျှင် ပြန်လည်ခံစားရမည် ဖြစ်ပါသည်။ ။
.

Tuesday, July 27, 2010

စာရင်းရှင်းကြစို့။

ဘဝသံသရာ လည်ပတ်စေတာ
အဟောင်းကြွေး မဆပ်.
အသစ်ကြွေး ထပ်တင်
ကြိုးချင်းငြိတွယ်
နေထွက်နေဝင်
ဝင်္ကဘာပမာ
စာရင်းလိမ် စာရင်းမှား
အပြန်ပြန်ထပ်လို့
ရှုပ်ထွေးလူ့ဘဝ
ရင်မောစွ။

အသေရပ်
အနေတန့်ကြစေဖို့..
အသေမကြောက်
အနေသန့်အောင်
အကြွေးမကင်း အရှုပ်တွင်းမှ
လွတ်အောင်ရုန်းထွက်ကြပါစို့လား။ ။

Wednesday, June 30, 2010

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၅)

ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား...

ကလျာ: တပည့်တော် သိချင်မေးချင်တာ တခုရှိပါတယ်ဘုရား။ ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား။ ဘုရားအဆုံးအမ သာသနာဖြန့်ဖြူးနိုင်ဖို့ ဘာသာစကား သင်ကြားတတ်မြောက်ဖို့ လိုတယ်ဆိုတာ လက်ခံပါတယ် ဘုရား။ ဒါပေမဲ့ သာသနာနဲ့ မပတ်သက်တဲ့ ခေတ်ပညာ.. ဗဟုသုတ.. ကိလေသာတိုးပွားစေမယ့် ပညာရပ်များကို သင်ကြားဖို့ မလိုအပ်လှဘူးလို့ ထင်မိပါတယ်ဘုရား။ တချို့ ဘုန်းကြီးများ ဝက်ဆိုဒ်မှာ ဘုရားသာသနာ အဆုံးအမ တရားတော်များနှင့် မသက်ဆိုင်လှသော အမေရိကန်သမ္မတကတော် အကြောင်းရေးတာမျိုး၊ မယ်ရွေးပွဲအကြောင်း၊ အဲလိုမျိုးတွေ တွေ့နေရတာ.. စိတ်မသက်မသာ ဖြစ်မိပါတယ်ဘုရား။

lknt: ဒကာမကြီး ကလျာ ရေ... သတ္တ၀ါအားလုံးကို မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ ဟောပြောပြီး ကောင်းကျိုးချမ်းသာ ရရှိစေရန် သူတို့ရဲ့ ဘာသာစကားတွေ တတ်ကျွမ်းဖို့ လိုအပ်တာကို ဒကာမကြီးလိုပဲ ယခုခေတ် အမြင်ကျယ်သူ အများကတော့ သဘောတူကြတာ များပါတယ်... ဒါပေမဲ့ ဗုဒ္ဓအဆုံးအမက သွေဖယ်ပြီး ကိလေသာငြိမ်းကြောင်း မဟုတ်ပဲ... တိုးပွားကြောင်း အလုပ်တွေမျိုး... ရှင်ရဟန်းနဲ့ မတော်တဲ့အလုပ်တွေမျိုး မလုပ်ဖို့ရာကတော့ အထူးပြောနေဖွယ် မလိုတော့ဘူးပေါ့... လူ့လောကကလည်း မသင့်တော်ကြောင်း သတ်မှတ်ကဲ့ရဲ့သလို... မြတ်ဗုဒ္ဓကလည်း ၀ိနည်း စည်းကမ်း အမျိုးမျိုးနဲ့ သတ်မှတ်ထား ကဲ့ရဲ့ထားခဲ့ပါတယ်...

တစ်ချို့ ဘာသာရေးဆိုဒ်တွေက ဆရာတော်တွေကိုယ်တိုင် ရေးကြပါတယ်... တစ်ချို့ကတော့ ဒကာ ဒကာမတွေကနေ တင်ပေးကြတယ်... တစ်ချို့က ဘုန်းကြီး အမည်ခံပြီး လူတွေရေးကြပါတယ်... ဘယ်လိုပဲ ရေးရေး တင်တင် ဗုဒ္ဓဘာသာဝင်မှန်ရင် မိမိကြောင့် ရတနာသုံးပါး ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် ထိန်းသိမ်းသင့်ပါတယ်... အပြစ်ပြောတယ်လို့ မယူဆကြပဲ... ဖြစ်သင့်တာတွေ ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်...

သည်လို အဖြစ်မျိုးတွေ မဖြစ်စေလိုလို့ ရှေးဆရာတော် ဘုရားများက တပည့်များကို ဘာသာခြားစကား မသင်ကြဖို့ ခေတ်ပညာတွေ မသင်ကြားဖို့ တားမြစ်ပိတ်ပင်ခဲ့ကြဖူးပါတယ်... သည်လို တားမြစ်ပိတ်ပင်ခဲ့ကြတာ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် တချို့တပည့်တွေ မပျက်စီးဖို့အရေးအတွက် မှန်ပါတယ်... ဒါပေမဲ့ ခေတ်နဲ့အညီ သာသနာပြုလိုတဲ့ ဆရာတော်များက သာသနာပြန့်ပွားဖို့ ခေတ်ပညာတစ်ချို့နဲ့ ဘာသာစကားတွေ သိဖို့ တတ်ဖို့ လိုအပ်တယ်လို့ ထင်မြင်ကြပြီးနောက်... သင်ကြားလာကြပြန်ပါတယ်... တိုးတက်မှုနဲ့အမျှ ဆုတ်ယုတ် ပျက်စီးမှုတွေကတော့ တွဲပြီး ပါလာတာပါပဲ... ပျက်စီးမှုတွေ ဘာကြောင့် ပါလာလည်းဆို ပုထုဇဉ် ရှင်ရဟန်းတွေဆိုတော့ ရရှိတွေ့ထိလာတဲ့ ကာမဂုဏ်ငါးပါးရဲ့ဒါဏ်ကို မခံနိုင်ကြတော့ဘူးပေါ့... သည်ဒဏ်ကို ခံနိုင်ဖို့ရာ သီလ သမာဓိ ပညာ သင့်သလောက်တော့ လက်ကိုင် ရှိထားရပါမယ်... သည်လို ရှိမထားဘူးဆိုရင်... ခေတ်နဲ့ညီဖို့ သူ့တိုင်းပြည် ရေမြေ ရာသီဥတုနဲ့ မျှတဖို့ ဆွမ်းကိစ္စ အဆင်ပြေဖို့ ၀ိနည်းစည်းကမ်းတွေ ချိုးဖေါက်လာကြတယ်... ၀ိနည်းနဲ့ လုံအောင်ကာထားရမဲ့ ရဟန်းဟာ ပင်ပင်ပန်းပန်း ထမ်းထားရသလို ဖြစ်လာတယ်... စည်းဖေါက်တာ ကြာလာတော့ ၀ိနည်းဆိုတာကို စောင့်ထိန်းရမှာ ပင်ပန်းလာတယ်... လေးလာတယ်... မစောင့်ထိန်းချင်တော့ဘူး... ၀ိနည်းမရှိတဲ့ ရှင်ရဟန်းဟာ လူနဲ့တူတူပါပဲ... နေတာထိုင်တာ ပြောတာဆိုတာ အားလုံး လူလို ဖြစ်လာတတ်ပါတယ်... သူကိုယ်တိုင် လူလိုဖြစ်လာပြီဆိုရင် လူနဲ့မတူတဲ့ ရှင်ရဟန်းကောင်းတွေအပေါ်မှာ အမြင်စောင်းလာတတ်ပါတယ်...

ရှင်ရဟန်းများ ခေတ်နဲ့အညီ သာသနာပြုတာကို ကောင်းတဲ့ လက္ခဏာမို့ လက်ခံပါတယ်... ခေတ်ကိုမှီလို့ ခေတ်နဲ့အညီ ပျက်စီးတာတော့ မဖြစ်စေလိုပါဘူး... မပျက်စီးဖို့ရာကလည်း သီလသိက္ခာ အစ သိက္ခာသုံးပါးကို နှစ်သက်သူမှသာ ခေတ်နဲ့အမှီ တွဲပြီးပါလာတဲ့ ကာမဂုဏ်တွေကို ကြိုးစားထိန်းနိုင်ပါလိမ့်မယ်... ၀ိနည်း သီလဆိုတာက ရဟန်းတော်များအတွက် ဘေးရန်ကင်းစေဖို့ မြတ်ဗုဒ္ဓရဲ့ မေတ္တာစည်းရိုးကြီးပါ... ခုတော့ သည်စည်းရိုးကို ကိုယ်တိုင် ရိုက်ချိုးထားကြသလိုပါပဲ... ငွေဆိုတာ လူသတ္တ၀ါတွေအတွက် သည်းခြေကြိုက် အစာတစ်ခုပါပဲ... အရပ်သူလူသားတွေ နှစ်သက်တဲ့ငွေကိုမှ ရှင်ရဟန်းတစ်ပါး နှစ်သက်သာယာ မအပ်မစပ် လက္ခံနေပြီဆိုရင် ကျန်သော တံခါးပေါက်တွေ ဖွင့်ထားသလို စည်းရိုးတွေ ရိုက်ချိုးထားသလိုပဲလို့ မြင်မိတာပါပဲ... စည်းရိုးတွေ ကျိုးနေပါပြီ ကျိုးနေတဲ့စည်းရိုးကနေ ဘေးမျိုးစုံ လာတော့မှာပါ... ထိန်းနိုင်သူများလည်း ရှိပါတယ် ထိန်းနိုင်ပါဦးမယ်... မထိန်းနိုင်သူများကတော့ ပျက်စီးတော့မယ်... သာသနာမှာ အရေအတွက်များဖို့ ခက်သလို အရည်အချင်းပြည့်သူ ဖြစ်ဖို့လည်း ခက်ခဲလှပါတယ်... အမုန်းခံပြီး ထိန်းသိမ်း စောင့်ရှောက်မဲ့သူတွေ အများကြီးလိုပါတယ်... ဒါပေမဲ့လည်း အရမ်းကို နည်းနေပါတယ်...

ဒကာဒကာမတွေဘက်ကလည်း ဆွမ်း သင်္ကန်း ကျောင်း ဆေး ထောက်ပံ့ခြင်းထက် ငွေထောက်ပံ့ခြင်းကို နှစ်သက်နေကြပြီပဲလေ... အလှူကို မလှူနဲ့လို့ မတားလိုပေမဲ့ ငွေစက္ကူစာအိပ်လေး ကိုင်ပြီး မအပ်မစပ် လှူကာနီးမှာ အားပါးတရ ဘုန်းကြီးတွေရဲ့နောက်မှာ ရှိနေတဲ့ မြတ်ဗုဒ္ဓမျက်နှာလေးတော့ မော်ကြည့်ပြီးမှ ဆက်လုပ်သင့် မလုပ်သင့် စဉ်းစားစေချင်ပါတယ်... ငါ ခုလုပ်မဲ့အလုပ်ကို မြတ်ဗုဒ္ဓ နှစ်သက်ရဲ့လားလို့ တွေးကြည့်လိုက်ကြစမ်းပါ ဒကာမတို့... ကိုယ်လှူလိုက်တဲ့ စာအိပ်လေးဟာ သာသနာကို ထောက်ပံ့နိုင်သလို... ရှင်ရဟန်းတစ်ပါးကို ပျက်စီးစေနိုင်တဲ့ အနုမြူဗုံးတစ်လုံး ပါသွားတာကို သိစေချင်ပါတယ်...

သည်တော့ ထိုထိုဤဤ ဒကာမကြီးများက ပြောကြပြန်တယ်...

အရှင်ဘုရား ခုခေတ်က အစိမ်းလေးမှမရှိရင် သွားရေးလာရေး နေရေးထိုင်ရေး မလွယ်ဘူးလေတဲ့...

သာသနာပြု လုပ်ငန်းမှာ ငွေဟာ မပါမဖြစ်လိုအပ်ပေမဲ့ ရဟန်းအတွက် မအပ်မစပ်တော့ မဖြစ်သင့်ဘူးပေါ့... မအပ်မစပ် သူပါလာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းဖို့ရာ ရာခိုင်နှုန်းများပါတယ်... စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာပြီဆိုရင်တော့ မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေ နောက်ဆက်တွဲအဖြစ် မြောက်များစွာ ပါလာမှာပါပဲ...

အာပတ်အသင့်ခံပြီး... မပျက်မစီးပဲ တစ်ဖက်က တကယ့်ကို သာသနာပြု လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ ဆရာတော်ဘုရားများ ရှိကြပါတယ်... သာသနာပြုနေတဲ့လုပ်ငန်းက သာဓုခေါ်စရာပါ...

အာပတ်အသင့်ခံတဲ့ကိစ္စကတော့ သာဓုခေါ်စရာ မဟုတ်ဘူးပေါ့...

ခု ဒကာဒကာမတွေ ဖြစ်နေကြတာက ဟိုဝိနည်းတော့ ဖေါက်ကြပါဘုရား... သည်ဝိနည်းလေးတော့ မဖေါက်ကြပါနဲ့လို့ ပြောနေသလိုပဲ... မလွယ်ဘူးလေ... မရတော့ဘူး... ဖေါက်ထားတဲ့ စည်းရိုးက အမှားမျိုးစုံ ဥဒဟို သွားလာတတ်ပါတယ်... ဒီတော့ သူတော်ကောင်းများက ၀ိနည်းစည်းကမ်းတွေ မပေါက်အောင် ၀ိုင်းဝန်းပြီး ထိန်းသိမ်း ပြုပြင်ပေးသင့်တယ်... နောက်ထပ်ဆက်ပြီး မပေါက်အောင် ဘေးကနေ စောင့်ရှောက်ပေးသင့်တယ်... သည်လိုသာ ၀ိုင်းဝန်း စောင့်ရှောက်ကြရင် ဗုဒ္ဓသာသနာကြီးဟာ သက်တမ်းနည်းနည်း တိုးလာမှာပါ... အမျိုးကောင်းသားသမီးတွေ စိတ်ချမ်းသာကြရမှာပါ...

အမျိုးကောင်းသားသမီးတို့ရဲ့ စောင့်ရှောက်မှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၆.21.၂၀၁၀



ကလျာ said...

အရှင်ဘုရားဖြေကြားချက်ကို ကျေနပ်အားရမိပါတယ် ဘုရား။

တပည့်တော်တို့ အနေနဲ့ ရဟန်းတော်များကို စော်ကားလိုစိတ် အလျဉ်း မရှိပါဘူးဘုရား။

တချို့သော ရဟန်းများနဲ့ လူများက ဗုဒ္ဓဘာသာအချင်းချင်း မသင့်မမြတ် ရန်ဖြစ်နေတယ်၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြတယ်လို့ အမြင်တမျိုး ရှိကြပါတယ်ဘုရား။ တချို့ကလဲ အပြောသာ လွယ်ပါတယ်၊ လက်တွေ့မှာ ကိုယ်တိုင် လုပ်ကြရဲ့လားလို့ ရေးကြပါတယ်ဘုရား။

မြတ်စွာဘုရားရှင်ကလည်း မိန့်ကြားခဲ့ပါတယ်ဘုရား။ ငါဘုရားသာသနာတော်ကို ဖျက်ဆီးမည့်သူများက ငါ့သားတော်များပါပဲရယ်လို့ မိန့်မှာခဲ့ပါတယ်။

ဒါပေမဲ့လည်း အရှင်ဘုရားရေးသလိုပါပဲ တပည့်တော်တို့ လက်ထက်မှာ မပျက်မစီးဖြစ်ဖို့က တပည့်တော်တို့ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ခံယူမိတာက တကြောင်း၊ ပျက်စီးချိန် မရောက်ခင် ပျက်စီးမှာ စိုးရိမ်မိတာက တကြောင်းကြောင့်သာလျှင် အခုလို အမုန်းခံပြီး ပြောနေ ရေးနေရပါတယ်ဘုရား။

သာသနာပြင်ပက လူတွေ ပြောချင်သလောက်ပြော ရေးချင်သလောက် ရေးကြပါစေ. တပည့်တော်တို့ ဂရုစိုက်စရာ မလိုပါဘူး။ သာသနာတွင်းက ရဟန်း ရှင် လူတို့ရဲ့ အတွေးမှား အမြင်မှား အထင်မှားတွေနဲ့ ဘုရားသာသနာကို ပြောင်းပြန်လှန်ပြီး ငါ့သာသနာလုပ်နေကြတဲ့ အန္တရာယ်က ပိုပြီး ကြီးလှပါတယ် အရှင်ဘုရား။

ခေတ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင်ဆိုပြီး မဟာယန ဘုန်းတော်ကြီးများကဲ့သို့ အခွင့်အရေးလိုချင်တာမျိုး၊ သိရိလင်္ကာဘုန်းတော်ကြီးများကဲ့သို့ အာဏာလိုချင်တာမျိုး၊ ကွန်ပြူတာနဲ့ အင်တာနက်ကို ကောင်းတဲ့ဖက်မှာ အသုံးမချဘဲ တလွဲဆံပင်ကောင်း အသုံးမှားနေကြတာမျိုးတွေက မဖြစ်သင့်ပါဘူး အရှင်ဘုရား။

တပည့်တော်တို့အနေနဲ့ လက်လှမ်းမှီသလောက် ပြောနေ ရေးနေသော်လည်း၊ ဝိနည်းစည်းကမ်းဖောက်ဖျက်ရင် အာပတ်ဖြေနိုင်ပါတယ်လို့ ဆင်ခြင်ပေးတဲ့ ရဟန်းတွေနဲ့ အကြိမ်ကြိမ်ချိုးဖောက် ခဏခဏ အာပတ်ဖြေနေကြတဲ့ ရဟန်းတွေရဲ့ အင်အားက တနေ့တခြား ပိုမို ကြီးထွားလာနေပါတယ်ဘုရား။

သူများအပြစ်မကြည့်ပဲ ကိုယ့်တရားကိုယ်လုပ်တာ ကောင်းပါတယ်လို့ အထင်ရှိသူ လူတွေ များလာတာကလည်း အပြစ်လုပ် ရဟန်းများကို အထောက်အပံ့ ပေးနေသလို ဖြစ်နေပါတယ် ဘုရား။

ဘယ်လိုပဲ ဖြစ်နေပါစေ. ဘုရားမျက်နှာ သာသနာမျက်နှာတခုတည်းကြည့်ပြီး ပြောနေတာ ဖြစ်လို့၊ ကိုယ့်ဖာသာကိုယ် လိပ်ပြာသန့် လိပ်ပြာလုံနေပါတယ် အရှင်ဘုရား။

အဆိပ်ပင် ရေလောင်းသလို အဖြစ်မျိုးကိုတော့ မလုပ်မိအောင် ကြိုးစားနေပါတယ် အရှင်ဘုရား။
.

Tuesday, June 8, 2010

ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန

ပါရမီထိုက်သော ဒါနဟူသည် လောဘကုန်ခန်းစေရန် ပြုသော ဒါနဖြစ်ပြီး၊ လောဘပွားစီးစေရန် ပြုသောဒါနသည် ပါရမီမထိုက်သောဒါနဖြစ်ပေသည်။

လောဘပွားစီးစေရန် ပြုသောဒါနဟူသည် နံမည်ကြီးလိုခြင်း၊ လူသိများလိုခြင်း၊ အခွင့်အရေးရလိုခြင်း၊ နောင်ဘဝချမ်းသာလိုခြင်း စသော မျှော်လင့်ချက် တခုခုနှင့် လှူဒါန်းသော ဒါနမျိုးဖြစ်ပေသည်။ ယင်းဒါနမျိုးသည် လူချမ်းသာ၊ နတ်ချမ်းသာ ဘဝမျိုးကိုသာ ပေးစွမ်းနိုင်ပြီး၊ နိဗ္ဗာန်ချမ်းသာကို မပေးစွမ်းနိုင်ပေ။

ထိုပြင် ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ဒါနမှန်သမျှသည် ပါရမီမထိုက်ဟု ထပ်ဆင့် မှတ်ယူသင့်ပေသည်။ ငါဟူသည် ဒိဋ္ဌိကိလေသာဖြစ်ပြီး၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်၏။ ထိုကိလေသာနှစ်ပါး ဦးဆောင်ပြီးပြုသော ဒါနသည် ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ဧကန်မုချ ပို့မပေးနိုင်သည်မှာ သေချာလှပါသည်။ ထိုကြောင့် ငါကောင်းစားဖို့ ဟူသော မျှော်လင့်ချက်နှင့် လှူဒါန်းသော ဒါနသည် ပါရမီမထိုက်ခြင်း ဖြစ်၏။

လောဘကုန်ခန်းစေရန် ပြုသောဒါနဟူသည် မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းသောဒါနပင် ဖြစ်၏။ အလှူခံပုဂ္ဂိုလ်တည်းဟူသော သူတစ်ပါးကောင်းစားစေရန် ရည်ရွယ်ချက်ထားလိုက်ခြင်းသည် ဒိဋ္ဌိနှင့် လောဘ ကိလေသာကို ထိုဒါနက တခါတည်း ပယ်သတ်ပြီးသား ဖြစ်သွား၏။ ကိလေသာကို ပယ်သတ်နိုင်သောကြောင့် ပါရမီထိုက်သော ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်၏။

ပါရမီဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု၊ သီလဆောက်တည်မှု စသည်တို့သာတည်း။ လောကီ စည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှုကို ပါရမီဟု မဆိုထိုက်ပေ။

(((((အရှင်ဇဝန - မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန စာအုပ်မှ ကောက်နှုတ်ချက်)))))
.