အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Saturday, November 14, 2009

အို.. တရားရှင်တို့ရယ်..

တရား တရား..
လိုက်စားကြ လူအများ..

သာသနာ ပြုနေတာလား.
သာသနာ ဖျက်ဆီးမိနေသလား..
မသိကြ လူအများ...

မသိလို့ လုပ်နေကြတာလား..
သိရက်နဲ့ တမင် လုပ်နေသလား..
ပြောရခက် လူအများ..

အရိုးစွဲနေတဲ့ အယူမှား..
ပြန်ပြင်ဆိုတော့ ပိုဖောက်ပြား.
ငရဲမကြောက်တဲ့ လူအများ...

ပြောလိုက်ရင် ဘုရား တရား..
လုပ်လိုက်ရင် သံဃာစော်ကား..
ဆုံးမခက် လူအများ...

အရူးအိမ်မက် တကယ်မှတ်လို့..
အကြောက်တရား စိတ်ဖောက်ပြားကာ..
ဘုန်းကြီးသပိတ်ဆွမ်းသွတ်တယ်တဲ့..
ကောင်းကြသေးလား တရားရှင်တို့ရယ်..

မလုပ်ကောင်းတာ အလုပ်ထူး
မကြောက်သင့်တာ တကယ်ကြောက်ရင်ဖြင့်
ကျေးဇူးဆိုတာပျောက်လို့.
သံသရာတလျှောက်
ကံမှောက်မှားပါလိမ့်မယ်..

ပြုသမျှကံ ပဲ့တင်သံတဲ့..
နာလိုက်တဲ့ တရား..
ဘယ်ဆီရောက်လို့ ပျောက်သွားသလဲ.
ဖြေကြပါဦး တရားရှင်တို့ရယ်...

သာသနာတည်တံ့ရေးထက်
အခုအချိန်မှာ အရေးကြီးတာ.
သာသနာ သန့်ရှင်းရေးပဲ......

အရည်အတွက် မလိုဘူး
အရည်အချင်း အဓိက..
နိဗ္ဗာန်မြင်ဖို့ထက်
အပါယ်ငရဲ မရောက်ရေးက
ပို အရေးကြီးတယ်လေး .......။
.

Tuesday, November 10, 2009

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၃)

8 Nov 09, 16:44

ကလျာ: အရှင်ဘုရား သံဃာသင်းခွဲတာကို သံဃာတွေပဲ လုပ်လို့ ရတယ်ဆိုတာ ဟုတ်ပါသလားဘုရား ရဟန်းတော်များ အချင်းချင်းကို မသင့်မြတ်အောင် လုပ်တဲ့ လူကို သံဃာသင်းခွဲတယ်လို့ ပြောလို့ရပါသလား ဘုရား

ဦးလောကနာထ: ဒကာမကြီး ကလျာ ရေ... သံဃာသင်း ခွဲတဲ့ကံအဆင့်ထိရောက်အောင် ဘုန်းကြီးကပဲ လုပ်မှဖြစ်ပါတယ်... လူတွေလုပ်ရုံနဲ့ သံဃာသင်းခွဲတဲ့ကံ အဆင့်ထိ မရောက်ပါဘူး... ရဟန်းတော်များ သံဃာသင်းခွဲရင်တော့ သံဃဘေဒက သိက္ခာပုဒ်အရ သံဃဒိသိသ် အာပတ်လည်းသင့်ပါတယ်... နောက်လိုက်ရဟန်းမှာလည်း ဘေဒါနုဝတ္တက သိက္ခာပုဒ်အရ သူလည်း သံဃဒိသိသ် အာပတ်သင့်ပါတယ်... တော်ရုံနဲ့တော့ သံဃာသင်းခွဲတဲ့ကံ မဖြစ်ပါ... သံဃာသင်းခွဲနေသော ရဟန်းကိုတွေ့လျှင် ပထမ နှုတ်ဖြင့် တားမြစ်ရမည်... နှုတ်ဖြင့်တားမြစ်၍ မရလျှင် သိမ်ထဲတွင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်... သံဃာက ဉတ်ဖြင့် တစ်ကြိမ်ဆုံးမ၍ အယူမစွန့်လျှင် ဒုက္ကဋ်အာပတ်သင့်ပါတယ်... နှစ်ကြိမ်ဆုံးမ၍ အယူမစွန့်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်ပါတယ်... (အပြစ်ကြီးလာပြီ)... သုံးကြိမ်ဆုံးမ၍ အယူမစွန့်သည်နှင့် တစ်ပြိုင်နက် သံဃာဒိသိသ်အာပတ် သင့်ပါတယ်... သိမ်ထဲမှာ ဖြစ်သည့် အဖြစ်အပျက်များ ဖြစ်သည့်အတွက် လူများက သံဃာသင်းခွဲ၍ မရပါ...သို့သော်...

လူများက စေတနာဆိုးဖြင့် သံဃာတွေ ကွဲပြားအောင် ပြုလုပ်ခဲ့သော်... သံဃာသင်းခွဲသောကံထိ အမည်တပ်၍ မရပေမဲ့ သူလောက်နီးနီး အပြစ်ကြီးပါတယ်... သို့အတွက်ကြောင့် သူတော်ကောင်းအပေါင်းတို့ စေတနာဆိုးတဲ့ သံဃာကွဲအောင် မခွဲမိကြစေလို... ကြောက်တယ်ဆိုပြီးလည်း ဗုဒ္ဓသာသနာကို မျက်နှာလွဲ၍ မနေစေလိုပါ... တတ်သိနားလည်အောင် လေ့လာ၍... သာသနာကို ကိုယ်တိုင်ကျင့်သုံး အများကိုလည်း ကျင့်သုံးနိုင်စေရန် လမ်းညွှန်ပြစေလိုပါတယ်... ယခုအချိန်မျက်နှာ လွှဲနေကြလျှင်တော့ မကြာမှီ အရည်းကြီးများ ခေါင်းထောင်လာပေတော့မည်... ဒကာဒကာမများ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများကို ခံစားစံစား နိုင်ကြပါစေ...

ပဉ္စာနန္တရိယကံငါးပါနှင့်ပါတ်သက်၍ လေ့လာလိုသူများအတွက် ကျမ်းညွှန်း...


7 Nov 09, 20:58

ချောစုငယ်: အရှင်ဘုရား လူတွေက ပစ္စည်းလေးပါး သာသနာအတွက်လှူတဲ့ငွေကို ဘုန်းကြီးက အမေအတွက် စိန်နားကပ်ဝယ်ပေးတယ်ဆိုရင် ဒါမှမဟုတ် ဆွေမျိုးတွေကို ထောက်ပံ့တယ်ဆိုရင် အဲဒီရဟန်းအနေနဲ့ လုပ်သင့်ပါသလား အပ်စပ်ပါသလား ဘုရား။

ဦးလောကနာထ: ဒကာမကြီး ချောစုငယ် ရေ... ပထမဖြေရမယ်ဆိုရင်တော့ လုံးဝမလုပ်သင့်ပါ... ဝိနည်းကြောင်းအရဆိုရင်တော့ အာပတ်မသင့်တာလည်း ရှိပါတယ်... အာပတ်သင့် အပြစ်ဖြစ်နိုင်တာလည်း ရှိပါတယ်... ရဟန်းတစ်ပါးအနေနဲ့ မိမိကိုယ်ပိုင် ပစ္စည်းကို မိဘအရင်းနဲ့ သီတင်းသုံးဖေါ်... ကပ္ပိယကို ပေးကမ်းထောက်ပံ့နိုင်ပါတယ်... အာပတ်မသင့်ပါ... ထောက်ပံ့တယ် ဆိုရာမှာလည်း... နေစရာမရှိလို့ စားစရာမရှိလို့ ကျန်းမာရေးမကောင်းလို့ ရှိရင်သာ သင့်တော်ပါတယ်... သူတစ်ပါး ချွေးနည်းစာနဲ့ ရှာဖွေစုဆောင်းထားတဲ့ငွေ မစားရက်မသောက်ရက် ဦးဦးဖျားဖျား လှူဒါန်းထားတဲ့ ပစ္စည်း ငွေကြေးတွေကို မိမိရဲ့အမေ့အတွက် စိန်နားကပ် ဝယ်ပေးမယ် ဆိုတာမျိုးကတော့ လုံးဝမဖြစ်သင့်ပါဘူး... ဆွေမျိုးတွေကတော့ ဝိနည်းတော်အရ ထောက်ပံ့ခွင့်မရှိပါဘူး... ပရိယာယ်အနေနဲ့တော့ ရနိုင်ပါသေးတယ်... ဥပမာ ဆွေမျိုးတွေ နေစရာမရှိ စားစရာမရှိ ဆေးကုဖို့ မရှိခဲ့သော်... နောင်တစ်ချိန် မင်းတို့အဆင်ပြေရင် ပြန်ဆပ်ကြ ဆိုပြီး ထောက်ပံ့မယ်ဆို ရနိုင်ပါတယ်... အတိုးမပါ ခေတ္တချေးတဲ့ သဘောမျိုးပါ... ပြန်ဆပ်တာ မဆပ်တာကတော့ သူ့ဆွေမျိုး ချေးငှားသူများရဲ့ အလုပ်ဖြစ်ပါတယ်... ဒါတွေအားလုံးဟာလည်း ဝိနည်းတော်အရ အစကတည်းက အပ်စပ်စွာ အလှူခံထားသော ငွေ(နဝကမ္မ) ပစ္စည်းများကိုသာ ဆိုလိုပါတယ်...။ မအပ်မစပ် အလှူခံထားသော ငွေ(နဝကမ္မ) ပစ္စည်းများ အနေနဲ့ကတော့... စကထဲက အပြစ်တွေနဲ့ ဆက်ပြီးတော့လည်း လုပ်ချင်တာ လုပ်ကြမယ်ဆိုရင်တော့... အပြစ်ပေါ်အပြစ်ဆင့်လို့ ဘုန်းကြီးစိတ်ထဲမှာ အညစ်အကြေးတွေ စုပုံနေတဲ့ အမှိုက်ပုံကြီး တစ်ခုလို မြင်နေမိပါတယ်... မြတ်ဗုဒ္ဓသာသနာနဲ့ မလျော်ပါဘူး... မရှောင်လိုတဲ့ သူများအနေနဲ့ကတော့ လုပ်ချင်ရာ လုပ်နေမှာပါပဲ... အပြစ်များလှပါတယ် မလုပ်စေလိုပါ... ဒီစာကိုဖတ်ပြီး သိရှိသွားတဲ့ ဒကာ ဒကာမတွေက သာသနာကို စောင့်ရှောက်လိုတဲ့စိတ်နဲ့ နီးစပ်ရာသူများကို ပြောပြ စည်းရုံးနိုင်ရင်တော့ သာသနာမှာ သူတော်ကောင်းတွေ တိုးပွားလာနိုင်လို့သာ ရေးပြရခြင်းဖြစ်ပါတယ်... တချို့က ပြောကြပြန်တယ်... ခုခေတ်က ငွေမကိုင်လို့တော့ မဖြစ်ဖူး အရှင်ဘုရားတဲ့... မြတ်ဗုဒ္ဓတရားတစ်ပုဒ် ထောက်ပြီး ပြောရမယ်သာဆို... အဖေါ်လေးတစ်ယောက်ပါ ရှာပေးလိုက်ပါလို့ ပြောချင်ပါတယ်... ဘာ့ကြောင့်လည်းဆို ရွှေငွေကိုအပ်ရင် သားမယားလည်း သုံးစွဲကောင်းတော့မှာပေါ့တဲ့... ၀၀၀ ဘုရားတပည့်တော်တို့ သံသရာတစ်လျှောက် လျော့ဈေးတွေ ပေးခဲ့တာ များလှပါပြီလေ... အားလုံး မြတ်ဗုဒ္ဓ အဆုံးအမအောက်မှာ နေထိုင်ကြပါစို့...

2 Nov 09, 14:15
kohtike: အရှင်ဘုရား... တပည့်တော်ရဲ့ပြဿနာလေးကို ဖြေကြားညွှန်ကြားပေးပါဘုရား.. တပည့်တော် အသက်၂၀နှစ်မှာ ရဟန်းဝတ်ဖူးပါတယ်.. ၀တ်တဲ့အချိန်မှာတော့ တပည့်တော်ကို ရဟန်းဝတ်ပေးတဲ့ ဆရာတော်က ကျကျနန ရဟန်းဖြစ်မြောက်အောင် လုပ်ဆောင်ပေးပါတယ်.. ၇ပတ်ပြည့်ပြီးတော့ တပည့်တော်လူဝတ်လဲပါတယ်.. ဒါပေမယ့် တပည့်တော်ကို လူထွက်ခွင့်ပေးတဲ့ အခြားဘုန်းကြီးတစ်ပါးက ဘာမှမရွတ်မဆိုရဘဲ လူထွက်စေခဲ့ပါတယ်.. ခုဆို၃နှစ်ကျော်ပါပြီ.. တပည့်တော်က ခုချိန်မှာ ဒီတိုင်းလူထွက်ခဲ့တဲ့အတွက် မှားခဲ့ပြီလို့ သိလိုက်ရပါပြီ.. တပည့်တော်က ခုချိန်မှာလူလား ရဟန်းထွက်တဲ့ချိန်မှာ ကျကျနန လူဝတ်မလဲခဲ့တဲ့အတွက် ရဟန်းဖြစ်နေတုန်းပဲလား.. ရဟန်းဖြစ်နေတုန်းဆို တပည့်တော် လူဝတ်ဖြင့် ရဟန်းဖြစ်နေတုန်းဆို ငရဲသွားရဖို့များနေပါပြီ.. တပည့်တော်အား ဖြေရှင်းလမ်းညွှန်ပေးပါဘုရား. ရေးတာမှားသွားပါတယ် ၇ပတ်မဟုတ်ပါဘူး.. ၇ရက်ပါဘုရား။

ဦးလောကနာထ: ဒကာလေး kohtike ရေ... ဒီပြဿနာမျိုးက လူ့ဘဝတွင်းနေထိုင်ရင်း အခြေအနေအမျိုးမျိုး ထောက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်... ဒကာလေး ရေးထားတဲ့ စာပေါ်မူတည်ပြီး ဖြေပေးလိုက်ပါ့မယ် ရဟန်းဖြစ်ဖို့ရာ အင်္ဂါတွေလိုအပ်သလို လူဝတ်လဲတဲ့အခါမှာလည်း အရေးကြီးလှပါတယ်... ရဟန်းဖြစ်ပြီးနောက် လူဝတ်လဲတဲ့အခါ အင်္ဂါမစုံလို့ရှိရင် လူ့အသွင်ပြောင်းပေမဲ့ ရဟန်းသိက္ခာနဲ့ ဖြစ်နေပါသေးတယ်... (၁) ဒီတော့ ရဟန်းသိက္ခာ(လူဝတ်)နဲ့ ပါရာဇိကကျနိုင်တဲ့ အလုပ်တွေ လုပ်မိရင်တော့ သိက္ခာချချ မချချ ရဟန်းမဟုတ်တော့ပါဘူး... နောက်ကိုလည်း ဒီဘ၀ ဘယ်သောအခါမှ ရဟန်းပြန် မဖြစ်တော့ပါဘူး... သိမ်ဝင်ရဟန်းခံလည်း ရဟန်းဘဝ မရတော့ဘူးပေါ့... (၂) နောက်တမျိုး ပါရာဇိက ကျစရာအလုပ်တွေတော့ မလုပ်မိဘူး သံဃာ့ဒိသိသ်သိက္ခာပုဒ် ၁၃-ပါးကို ရဟန်းသိက္ခာ(လူဝတ်)နဲ့ ကျူးလွန်မိမယ်ဆိုရင် ခုချိန်ထိ ရဟန်းတော့ ဖြစ်နေသေးတယ်... ဒီအတိုင်းဆက်နေရင် ပါရာဇိကအပြစ်တွေ ဆက်ဖြစ်လာနိုင်တယ်... ဒီအတိုင်းအတာထဲမှာလို့ ယုံကြည်ရင် နီးစပ်ရာ သံဃာတော်များထံမှာ ဆက်လက် ဆောင်ရွက်သင့်ပါတယ်... (၃) ပါရာဇိက၊ သံဃာ့ဒိသိသ်အပြစ်တွေ မဖြစ်သေးဘူးလို့ မိမိယုံကြည်ရင် နီးစပ်ရာ ဘုန်းကြီးထံမှာ ဒေသနာကြားပြီး ပြန်၍ လူထွက်သင့်ပါတယ်...

အပြစ်တွေများနိုင်တာကတော့ အမှန်ပါပဲ...

နီးစပ်ရာ တတ်သိနားလည်သော ဆရာတော်တစ်ပါးထံမှာ စိတ်ဆင်းရဲမှု မဖြစ်ရအောင် လမ်းမှန်ရောက်အောင် ပြေရာပြေကြောင်း တရားစကားများ ပြောသင့်ပါတယ်...

ရဟန်းသိက္ခာချခြင်း အင်္ဂါ ၆-မျိုး စုံခဲ့ရင်တော့ သိက္ခာကျပါမယ်...

၁... အမှန်တကယ် ရဟန်းအဖြစ် မနေလိုခြင်း...

၂... သိက္ခာချ စကားလုံး မှန်ကန်ရခြင်း.. (၂၆-မျိုးရှိသည်)

၃... ပစ္စုပ္ပန် ကာလဖြင့် ပြောဆိုရခြင်း...

၎... နှုတ်ဖြင့် ပီသစွာ ဆိုရခြင်း...

၅... နားထောင်သူက လူသားစင်စစ် ဖြစ်ရခြင်း...

၆... နားထောင်သူက ချက်ခြင်း နားလည်ခြင်း...

ရဟန်းဝိနည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်...

ဆက်လက်ပြီး ဆရာတော်များထံမှာ လေ့လာစေလိုပါတယ်...

ကိုယ်ရောစိတ်ပါငြိမ်းချမ်းပါစေ...

(အရှင်လောကနာထ-၂ မှ ကူးယူဖော်ပြပါသည်။)

.

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၂)

27 Oct 09, 09:37
ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ တကယ်လို့ များ ရဟန်းတော်တစ်ပါးဟာ လူသူမနီး တောထဲမှာဘဲ မိမိတစ်ပါးတည်း အသက်ထက်ဆုံး သီတင်းသုံးရင်း တရားနှင့်မွေ့ လျော်နေမယ်ဆိုရင် အဲဒီရဟန်းကို (၁) လောကလူသားတို့ ရဲ့ ကောင်းကျိုးကို မသယ်ပိုး မဆောင်ရွက် သူလို့ ပြောနိုင်ပါသလားဘုရား (၂) သာသနာတော်ကို မကာကွယ် မစောင့်ရှောက်သူလို့  ပြောနိုင်ပါသလားဘုရား (၃) တကယ်လို့များ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ရင် ဒီရဟန်းမျိုးကို ချီးကျူးတော်မူမှာလား ကဲ့ရဲ့ တော်မူမှာပါလားဘုရား။

ဦးလောကနာထ: ဒကာလေး ဝိမုတ္တိသုခ ရေ... မေးခွန်းက ကောင်းတယ် ၁-၂-၃-ဆိုပြီးတော့... ဘုန်းကြီးကတော့ လုံးချမှာ... ညာချမှာတော့ မဟုတ်ဖူးနော်... ရှင်းရှင်း လွယ်လွယ် ဖြေရရင်တော့ မြတ်ဗုဒ္ဓက သာဓုခေါ်တော်မူပါတယ်.... ကိလေသာချုပ်ငြိမ်းအောင် လုပ်နေသူကို သာဓု ခေါ်ပါတယ်... လောကမှာ စတင်ပြီး ကိလေသာခပ်သိမ်း ချုပ်ငြိမ်းလို့ မြတ်ဗုဒ္ဓ ပွင့်ပေါ်တယ် ခေါ်ရတာ... ဒီတော့ကာ မိမိ ကိလေသာ ချုပ်ငြိမ်းဖို့...၊ သတ္တဝါအများ ဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့...၊ ဒီနှစ်မျိုးမှာ... မိမိ ကိလေသာချုပ်ငြိမ်းဖို့ ကျင့်တာကို ပဋိပတ္တိ အမည်တတ်ကြည့်မယ်... သူတစ်ပါးတွေ ကောင်းကျိုး (ကောင်းကျိုးဆိုတာထက် ဆင်းရဲဒုက္ခ (ကိလေသာခပ်သိမ်း) ချုပ်ငြိမ်းဖို့ အသုံးကို ပိုကြိုက်တယ်) အတွက် ဟောပြောပေး လုပ်ကိုင်ပေး သင်ကြားပေးတာကို ပရိယတ္တိ အမည်တတ်မယ်... ဒီလို အမည်တတ်လို့ ရပြီဆိုရင် မြတ်ဗုဒ္ဓက ဘယ်အလုပ် လုပ်တာကို နှစ်သက်သလဲ မနှစ်သက်သလဲ ဆိုခဲ့သော်... သာသနာနှစ်ရပ် ဖြစ်နေတဲ့အတွက် အထူးပြောဖွယ် မရှိလို့ မြင်ပါတယ်... ဒီတော့ ပဋိပတ္တိ ပရိယတ္တိ လုပ်နေသူများအား အပြစ်ပြောသူကိုသာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဆိုပြီးတော့ မြတ်ဗုဒ္ဓက ကဲ့ရဲ့လိမ့်မယ် ထင်မိပါတယ်... ရဟန်းမှန်ရင် မြတ်ဗုဒ္ဓနှစ်သက်တဲ့ သာသနာနှစ်ရပ် တစ်ရပ်ရပ်တော့ လုပ်သင့်ပါတယ်... လုပ်ကြရမယ်... စွမ်းရည် ပြည့်စုံသူများကတော့ သာသနာနှစ်ရပ်လုံး ဆောင်ရွက်နေကြပါတယ်... ဒကာဒကာမအားလုံးပဲ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

ဝက်-လော့ တွေမှာ သာသနာသုံးရပ် ရေးကြရင်...

(ပဋိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဓ၊ ဒီလို ရေးမဲ့အစား)

(ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ ဒီလို ရေးသင့်ပါတယ်)

26 Oct 09, 16:27
ထက်စုနှင်းဆီ: အရှင်ဘုရား မိန့်တာ တပည့်တော် အလွန်အားရပါတယ်ဘုရားး အဲဒီလို မြင်တတ်တဲ့သူ ဒီခေတ်မှာ သိပ်ရှားသွားပြီဘုရား တပည့်တော် အရှင်ဘုရား ရှင်းထားတာတွေကို ကူးယူခွင့်ပြုပါဘုရားး တပည့်တော် ပို့စ်ရေးရင် ထည့်ရေးခွင့်ပြုပါ တပည့်တော် ပြောချင် ရေးချင်တာ အဲဒီအတိုင်းပါပဲဘုရားး တပည့်တော် အရှင်ဘုရားနံမည်နဲ့ အီးမေးပို့ချင်လို့.. ခွင့်ပြု မပြု သိချင်ပါတယ်ဘုရား

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... သိစေလိုလို့ ရေးထားတာဆိုတော့ ဒကာမကြီးဆန္ဒ သင့်တော်ပါတယ်... အဆင်ပြေသလို သုံးခွင့်ပြုပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းစွာနဲ့ သာသနာ့အကျိုး သည်ပိုးနိုင်ပါစေ...

26 Oct 09, 07:44
အောင်မြင့်: အရှင်ဘုရား.. တပည့်တော် ရှိခိုးကန်တော့လိုက်ပါတယ် ဘုရား။ ဆရာတော်ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့site ကိုတွေ့ရလို့ ဝေမျှဖြန့်ဝေလိုက်ရပါတယ် ဘုရား။ http://www.thumingala-deou.com/

ဦးလောကနာထ: ဒကာလေး အောင်မြင့် ရေ... ကောင်းပါတယ် ဆရာတော်ဆိုက်ကို တချို့က မေးနေကြတာ... အဆင်ပြေသွားတာပေါ့... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...

25 Oct 09, 12:28
ထက်စုနှင်းဆီ: အရှင်ဘုရား တပည့်တော်လဲ ငွေလှူတာ မနှစ်သက်ပါဘူးဘုရား.. ဒါပေမဲ့ ပြည်ပမှာ အဲဒါမရှိတော့ မဖြစ်ပြန်ဘူးဘုရား ကပ္ပိယ မရှိတော့လဲ လုပ်နေကြရတာပါပဲ.. ကျေးဇူးတင်ပါတယ်ဘုရား

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... မအပ်မစပ် ငွေ လှူဒါန်းခြင်းကို မနှစ်သက်ဘူးလို့ သိရလို့ ဝမ်းသာမိပါတယ်... နိုင်ငံခြားဆိုတာ...?... မြန်မာပြည့်မှ အပကို နိုင်ငံခြား သတ်မှတ်မှာလား... ဣန္ဒြိယမှ အပကို နိုင်ငံခြား သတ်မှတ်မှာလား... ဒါကလည်း မေးသာမေးရတာပါ... မြတ်ဗုဒ္ဓရဲ့ ဝိနည်းစည်းကမ်းမှာ ဒီကိစ္စနဲ့ပါတ်သက်လို့ ချွင်းချက်မရှိပါ... ဓမ္မဆိုတာ ပြည်တွင်းရယ် ပြည်ပရယ် ခွဲခြားမှုမရှိပါ... ထေရဝါဒ ဆိုင်းဘုတ်အောက်မှာဆိုရင် ရှေးရှေး သူတော်ကောင်း မထေရ်များရဲ့ မူဝါဒအတိုင်းပေါ့... ရဟန်း ဘာ့ကြောင့်ဝတ်ရတယ် ဆိုခဲ့သော်... ကုသိုလ်များများ လိုချင်လို့ ဝတ်ပါတယ် ဆိုတဲ့အဖြေကို နှစ်သက်မိပါတယ်... တရားတွေကို သိပ်ပြီး မလေ့လာ နားမလည်ခင်ကတော့ အများသူငါလို နေခဲ့ပါတယ်... သံဃာစင်မှာထိုင် ဘုရားကျောပေး ဘုရားရှေ့ကနေ ဘုရားသားတော်အမည်ခံ ပြီးတော့ ဘုရားမကြိုက်တာကြီး လုပ်ရတာကို ရှက်လာတယ်... တကယ်ကို ရှက်လာတာ... ပြောရင်းနဲ့ကို အရင်က လက်ဝါးကြီးဖြန့်ပြီး ယူခဲ့တာတွေ မြင်ပြီး ရှက်သေးတယ်... သူများမပြောပါဘူး ကိုယ့်ဟာကိုပြောတာပါ... ဒီလို နဝကမ္မ လှူတဲ့အချိန်မျိုးမှာ စဉ်းစားမိတာ တစ်ခုကတော့... အရှင်ဘုရား ဘုရားစကား နားမထောင်ပါနဲ့ တပည့်တော်စကား နားထောင်ပြီး ဒီစာအိပ်ကလေး ယူပါဘုရားလို့ မပြောသော်လည်း ပြောနေသလိုပဲ ခံစားရတယ်... အလှူရှင်များအနေနဲ့ မိမိတို့ မအပ်မစပ် လှူတဲ့အတွက်ကြောင့် ဘုရားသားတော်များ အပြစ်ဖြစ်သွားပါလားလို့ ဆင်ခြင်သင့်တယ် ထင်ပါတယ်... တစ်နေ့က ကထိန်ပွဲမှာ ကျောင်းလာတဲ့ ဒကာတစ်ယောက်က ဒါဟာ ခေတ်အခြေအနေအရ မလုပ်ရင် မဖြစ်လို့ပါလို့ ပြောပါတယ်... မိမိတို့ပြောလိုက်တဲ့ စကားကို စဉ်းစားကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓဟာ ခုခေတ်အခြေအနေမျိုးကို မသိပါဘူးဆိုတဲ့ သဘောဘက်ကို ရောက်သွားပါတယ်... ဒီလိုအပြောဟာ သဗ္ဗညုတဉာဏ်ကို တစ်မျိုးဖြစ်စေတယ်လို့ မြင်မိပါတယ်... ခေတ်အခြေအနေကြောင့်ပါဆိုတာမျိုး ရဟန်းကော လူများကော မပြောသင့်ကြပါဘူး သေးတယ်ထင်ရပေမဲ့ မငယ်ဘူးဆိုတဲ့ သဘောရှိပါတယ်... ဘုန်းကြီးအနေနဲ့ ငွေကိုင်ပြီး လုပ်လို့ရလာမဲ့ ကုသိုလ်နဲ့ ဘုရားစကား နားမထောင်လို့ ဖြစ်ပေါ်လာမဲ့ အကုသိုလ် ယှဉ်ကြည့်ပြီးနောက် အကုသိုလ်ကို ရှောင်တော့မယ်... အပ်စပ်စွာနဲ့ အလှူခံလို့ရတဲ့ လုပ်ငန်းနဲ့ ဆက်လက်ပြီး ကုသိုလ်တွေ ရအောင်ယူသွားမယ်... လုပ်ငန်းစဉ်သေးပေမဲ့ ရမဲ့ကုသိုလ်ကတော့ သန့်ရှင်းတယ်လို့ ယုံကြည်ပါတယ်... ဒီစာတွေကို ဖတ်ပြီး တစ်ပါး-တစ်ယောက်လောက် တကယ် သဘောပေါက် လက်ခံကျင့်ရင်ကို မိမိကိုယ်မိမိ သာသနာပြုပါလို့ အမည်ခံရဲသွားပါပြီ... ဒကာဒကာမအားလုံး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

25 Oct 09, 06:26
ထက်စုနှင်းဆီ: အရှင်ဘုရား.. ရဟန်းတွေ ဆေးလိပ်နဲ့ ကွမ်းယာဝါးမယ်ဆိုရင် ဝိနည်းနဲ့ ညီပါသလား အပြစ်ဖြစ်ပါသလား ဘုရားး တပည့်တော်ရေးမယ့် ပို့စ်နဲ့ သက်ဆိုင်နေလို့ ဖြေကြားပေးတော်မူပါ ဘုရား။

ဦးလောကနာထ: ဒကာမကြီး ထက်ဆုနှင်းဆီ ရေ... ဆေးသောက်ကွမ်းဝါးကို ဘုန်းကြီးတွေ ဝိနည်းတော်ကို အဓိပ္ပါယ် အမျိုးမျိုး ကောက်ကြပါတယ်... ခေတ်အဆက်ဆက်လည်း မေးမဆုံး ဖြေမဆုံးပါပဲ... တကယ်လည်း မပြီးနိုင်ကြပါဘူး... ဝိနည်းနဲ့ပါတ်သက်ပြီး အဆုံးအဖြတ်လေးတွေ တင်ပေးသွားပါ့မယ်... ဒီထဲမှာလည်း ပါသေးတယ်... လေ့လာပါ ကောင်းပါတယ်... သူတော်ကောင်းဓါတ် ကိန်းတဲ့ ဘုန်းတော်ကြီးများကတော့ မွန်းလွဲပိုင်း အပြင်းပြေ ကွမ်းစားခြင်းတို့ကို မနှစ်သက်ကြပါဘူး... ကဲ့ရဲ့ကြပါတယ် အပြစ်ပြကြပါတယ်... ဘုန်းကြီး သဘောပေါက်ပုံလေးပါ... မြတ်ဗုဒ္ဓရဲ့တရားတော်များကို အနှစ်ချုပ်လိုက်ရင် ကိလေသာ တိုးပွားမဲ့အလုပ်တွေ မလုပ်နဲ့... ဒီလိုသဘောပေါက်မိပါတယ်... မြတ်ဗုဒ္ဓလက်ထက် ရှေ့ပိုင်းမှာ ရဟန်းတော်များ ကိလေသာ တိုးပွားမဲ့အလုပ်တွေ မလုပ်ကြသေးလို့ သာသနာရှေ့ပိုင်း ဝိနည်းလို့ခေါ်ဆိုတဲ့ စည်းကမ်းတွေ မထုတ်သေးပါဘူး... နောက်တော့ သင်္ကန်းဝတ်ကြီးနဲ့ ကိလေသာ တိုးပွါးကြောင်းတွေ ရဟန်းနဲ့မသင့်တာတွေ အားရပါးရ လုပ်လာကြလို့ ဝိနည်းစည်းကမ်းတွေ ထုတ်လာရပါတယ်... (တချို့ဟာက အရပ်ဒေသကြောင့်) ခု ဝိနည်းထုတ်ပြီးနောက်ပိုင်း ဟိုကလှည့် ဒီကလှည့်နဲ့ လက်တစ်လုံးခြား လှည့်ပတ်ပြီး လုပ်ကိုင်နေကြတာ မသင့်ဘူးလို့ ထင်မိတာပါပဲ... ဝိနည်းမထုတ်ခင် စင်ကြယ်အောင်နေခဲ့ကြသူ သူတော်ကောင်းတွေကို ကြည့်ညိုမိပါတယ်... ဝိနည်းထုတ်ပြီးနောက် (တချို့ အာပတ်သင့်ကြပေမဲ့) စည်းကမ်းအတိုင်း ရိုရိုသေသေ လိုက်နာနေကြတဲ့ သူတော်ကောင်းတွေကိုလည်း ကြည့်ညိုမိပါတယ်... ဝိနည်းထုတ်ပြီးနောက် ဝိနည်းကို အရေးမလုပ် တရားဓမ္မတွေ ဖျက်ဆီး ကိုယ်လုပ်ချင်ရာ လုပ်နေကြတဲ့သူများကိုတော့... ဒကာဒကာမတို့ ကြိုက်သလို တိုးတိုးတိတ်တိတ် အဖြေထည့်... ဘုန်းကြီးကတော့ မပြောတော့ပါဘူး... ဆေးလိပ်နဲ့ကွမ်းယာကို ဝိနည်းတော်အရ ငြင်းနေကြပေမဲ့... တဖြည်းဖြည်း နိုင်ငံတကာ ဥပဒေအရကတော့ မကောင်းတဲ့ဘက်ကို ပို့နေပါပြီ... သာမာန်လူတွေရဲ့ ဥပဒေကတောင် လူ့ဘောင်အပြင်ဘက်ကို တွန်းပို့နေပြီဆိုရင်... သူတော်ကောင်းအမည်ခံကြမဲ့ ရဟန်းတော်များ-လူများဟာ ပိုပြီးတော့တောင်မှ ရှောင်ရှားသင့်တယ်လို့ ဘုန်းကြီးလက်ခံမိပါတယ်... မိမိကိုယ်တိုင်က လူ့စည်းကမ်း ရဟန်းစည်းကမ်းတွေကို လိုက်နာပါမှ မိမိဆုံးမမှုကို ခံယူမဲ့သူများဟာလည်း လိုက်နာကြပါလိမ့်မယ်... ဘုန်းကြီးကိုယ်တိုင်လည်း ပြည့်စုံတယ်မပြောပါဘူး... ကြိုးစားနေစဲပါပဲ... မိမိကြိုးစားသလို အများကိုလည်း ကြိုးစားစေလိုတဲ့ စေတနာနဲ့ပြောခြင်းမျှပါ... (အမုန်းတော့ခံရပါတယ်) ဆက်လက်၍ ကြိုးစားနိုင်ကြပါစေ... ကိုယ်ပြုတဲ့ကံ အကျိုးတရားများကတော့ ကိုယ်နောက်ကနေ လိုက်လို့နေပါပြီ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...

ဒါကတော့ ရဟန်းတော်များကို အမြဲ စိန်ခေါ်ခံနေရတာပါ...


အမြဲလည်းရှုံးပါတယ်...

(အရှင်လောကနာထ-၂ မှ ကူးယူဖော်ပြပါသည်။)

.

Monday, November 9, 2009

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၁)

23 Oct 09, 20:26
thandar: ဦးဇင်းဘုရား... လာရောက်ဖတ်ရှုသွားပါတယ်ဘုရား.... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ... ဦးဇင်းဘုရား... တပည့်တော် ကွန်ပျူတာသင်တန်းတက်တုန်းက စာအုပ်နဲ့ အခု အသိတစ်ယောက်ကို စာသင်ပေးနေပါတယ်ဘုရား အဲဒီစာအုပ်ကို သုံးပြီး သင်တဲ့အတွက် သီလပျက်ပါသလားဘုရား... စင်ကြယ်သော ငွေရှာခြင်းရော ဖြစ်ပါသလားဘုရား.... တစ်ဘ၀စာအတွက်နဲ့ အကြွေးမရှိချင်လို့ပါဘုရား..... သိခွင့်ပြုပါဘုရား....

ဦးလောကနာထ: ဒကာမကြီး thandar ရေ... သင်တန်းတက်တုန်းက ရထားတဲ့စာအုပ်က သင်ပေးရုံမျှသာ သူတစ်ပါးကို ပြန်သင်မပေးရလို့ ကန့်သတ်ချက် မပါရှိခဲ့လျှင် သီလပျက်ဖွယ်မရှိပါ... ဒီစာအုပ်နဲ့ ပြန်သင်ပေးနေလို့ သူ့အတွက် ပညာရေး ကုသိုလ်တစ်ခုတောင် ဖြစ်စေပါတယ်... သူတော်ကောင်းဓာတ်ခံ ပြည့်ဝနေသူများဟာ သူတို့အတွက် စာဝတ်နေရေး ပြည့်စုံရင် ပိုတာမှန်သမျှ သတ္တဝါအများအတွက်လို သတ်မှတ်ပြီး ဖြစ်နေတတ်ပါတယ်... ခွင့်ပြုကြပါတယ်... အသိပညာ အတတ်ပညာတွေကို ဖြန့်ဝေပေးနေခြင်းက သံသရာတစ်လျှောက်မှာ အသိဉာဏ်တွေ ကြီးမားစေပါတယ်... သာဓုခေါ်ပါတယ်... မမျှော်လင့် မတောင့်တပေမဲ့လည်း ရရှိနေမှာပါ... ဆက်လက်ပြီးတော့ ဖြန့်ဝေပါ... သတ္တဝါတွေကို ကယ်ဆယ်ဖို့ ပညာရှင် သူတော်ကောင်းတွေ အများကြီး အမြဲလိုအပ်နေပါတယ်... သူတော်ကောင်းဖြစ်ကြဖို့ သာသနာရေးသမားတွေ ကြိုးစားကြရမယ်... ပညာရှင်တွေ တိုးပွါးဖို့ ပညာတတ်တွေ ကြိုးစားကြရမှာ ဖြစ်ပါတယ်... သတ္တဝါတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ကြပါစေ... ကိုယ်ရောစိတ်ပါငြိမ်းချမ်းပါစေ...

21 Oct 09, 18:21
ထက်စုနှင်းဆီ: http://universaltruthplace.blogspot.com/2009/10/blog-post.html အရှင်ဘုရား တပည့်တော် စိတ်မကောင်းပါဘုရား..

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... စိတ်မကောင်းဖြစ်မိပါတယ်... သာသနာအတွက် စောင့်ရှောက်မဲ့သူတစ်ဦး လျှော့သွားတာပေါ့... ခန္ဓာရှိပြီဆိုတော့ ပြိုကွဲတဲ့ဒဏ် ခံကြရပါတယ်... ဒါ့ကြောင့် မြတ်ဗုဒ္ဓက ခန္ဓာကုန်ရာကုန်ကြောင့် ကျင့်စေချင်တာပါ... ဘုန်းကြီးတို့ လက်ကျန်အချိန်လေးမှာ လုပ်သင့်လုပ်ထိုက်တာတွေ မမေ့မလျော့ လုပ်ကြရမှာပါ... များသောအားဖြင့် အချိန်တွေ အများကြီး ကျန်သေးတယ် ထင်နေတတ်ကြပါတယ်... တကယ်တော့ လက်ကျန်အချိန်ဆိုတာ တိုတောင်းလွန်းလှပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

20 Oct 09, 04:52
ထက်စုနှင်းဆီ: ကျေးဇူးတင်ပါတယ်ဘုရား. တပည့်တော် အသိတခု တိုးသွားပါတယ်ဘုရား.. နောက်နောင် စာရေးရင် သံဃာတော်အစား ဘုန်းကြီး(သို့) ရဟန်းလို့ သုံးစွဲရေးသားပါ့မယ်ဘုရား. တပည့်တော် ရတနာသုံးပါးကို စော်ကားလိုစိတ်အလျဉ်း မရှိပါဘုရားးးး အပြစ်ဖြစ်မှာ ကြောက်လှပါတယ်ဘုရား. တပည့်တော် အမှားလုပ်မိရင် ဆုံးမတော်မူပါဘုရား.

ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ထက်စုနှင်းဆီ ရေ... အသိဉာဏ်တွေ တိုးပွားအောင် ရှာဖွေနေတာ သိရလို့ ဝမ်းသာပါတယ်... ဆိုဆုံးလွယ်တဲ့သူဟာ တိုးတက်နိုင်ဆုံးသူပါပဲ... နေရာတကာမှာမေး များများလေ့လာ အသိဉာဏ်တွေနဲ့ ချင့်ချိန်ဆုံးဖြတ်... မြတ်ဗုဒ္ဓအာဘော်နဲ့ အနည်းစပ်ဆုံးရအောင်ယူ... အပြစ်ဖြစ်မှာ ကြောက်တာထက် အပြစ်လုပ်ရမှာကိုကြောက်... ဘာ့ကြောင့်လဲဆို အပြစ်ဖြစ်မှာကြောက်လို့ဆိုပြီး ဘာမှမလုပ်တော့တဲ့သူတွေ ဘေးထွက်နေတဲ့သူတွေ များလာတယ်... ကြာတော့ အဲလိုလူတွေကို ဆုံးမစကားပြောကြည့်တဲ့အခါ အပေါက်မပါတဲ့ အုံးသီးထဲ ရေထည့်နေရသလိုပဲ... ဝင်ပေါက်တွေ ပိတ်နေတယ်... ဘယ်လောက်ပြောပြော ဘာမှကို မဘာတော့ဘူး... ဒီတော့ မသိတာတွေမေး လေ့လာ မှတ်သား ပြင်စရာရှိရင် ပြင်သွားပါ... မကြာမှီ... သူတော်ကောင်းတရားတွေ သစ္စာတရားများစုဝေးရာဖြစ်လာပါလိမ့်မယ်... မိသားစု စိတ်ချမ်းသာကြပါစေ...

19 Oct 09, 17:45
ထက်စုနှင်းဆီ: ဘုန်းဘုန်းရေ တပည့်တော် သိချင်တာတခုက သံဃာတော်တွေ လိမ်ပြောရင် ဘယ်လို အပြစ်ရနိုင်ပါသလဲ.. သူတပါးကို မထိခိုက်ပေမဲ့ မလုပ်တာကို လုပ်တယ် မရှိတာကို ရှိတယ် လိမ်ပြောမယ်ဆိုရင် အပြစ်ရှိပါသလားဘုရား တပည့်တော် မေးမိတာ အပြစ်ရှိရင် ခွင့်လွှတ်ပါဘုရား.. တပည့်တော် သိချင်လို့ပါ..

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... ဒီလိုမေးတာ အပြစ်မဖြစ်ပါဘူး... မေးတဲ့အတွက် အသိဉာဏ်တိုးပါတယ်... မိမိအသိဉာဏ်တိုးသလို လာရောက်ဖတ်ကြတဲ့သူတွေလည်း အသိဉာဏ်တိုးစေပါတယ်... သံဃာဆိုတာ ဘုန်းကြီးတွေ အများကြီး စုပေါင်းထားတာကို ခေါ်တာလေ... ဒါ့ကြောင့် သံဃာဆိုတာကတော့ မလိမ်ပါဘူး... ဘုန်းကြီး(သို့)ရဟန်း ဒီလိုသုံးမယ်လေ... လိမ်ပြောတဲ့အခါ လူကအပြစ်တစ်ခုဆိုရင် ရဟန်းကအပြစ်နှစ်ခုဖြစ်မယ်... လူကအကုသိုလ်အပြစ်... ရဟန်းကတော့ အကုသိုလ်အပြစ်ရယ် ဘုရားစည်းကမ်း မလိုက်နာတဲ့အပြစ်ရယ်ပေါ့... အကုသိုလ်အပြစ်ရဲ့ အကျိုးပေးက လူနဲ့ရဟန်းအတူတူပါပဲ... ဘုရားစည်းကမ်း မလိုက်နာတဲ့ အပြစ်ကတော့ ပြုတဲ့အပေါ် မူတည်ပြီး အကြီးအသေး ကွာသွားပါလိမ့်မယ်... အပြစ်အကြီးဆုံးကတော့ ရဟန်းမဟုတ်တော့ဘူး(ပါရာဇိက) ဆိုတဲ့ထိ ဖြစ်နိုင်တယ်... အသေးဆုံးကတော့ လူအများကဲ့ရဲ့ဖွယ်ပေါ့လေ... လူဖြစ်စေ ရဟန်းဖြစ်စေပေါ့ မလိမ်မညာ အမှန်အတိုင်း ပြောဆိုခြင်းကတော့ အကောင်းဆုံးပါပဲ... တခါတရံ အမှန်အတိုင်းပြောလို့ အဆင်မပြေတာတွေ ဖြစ်ပေါ်တတ်ပါတယ်... ဒီအခါမျိုးမှာ လိမ်လည်မှုမပါတဲ့ ပရိယာယ်ကို သုံးပါ... ဘယ်တော့မှ မလိမ်မညာသင့်ပါ... မိသားစုစိတ်ချမ်းသာကြပါစေ...

19 Oct 09, 06:48
ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ သံဃာတော်များ ကွန်ပျူတာသုံးစွဲရာတွင် တရားဝင် လိုင်စင်ဖြင့်ဝယ်ထားတာမဟုတ်တဲ့ ဆော့ဖ်ဝဲများ (Pirate Softwares) ကို အသုံးပြုပါက ၀ိနည်းတော်နှင့် ညီ၊ မညီ သိလိုပါတယ်ဘုရား။

ဦးလောကနာထ: ဒကာလေး ဝိမုတ္တိရေ... ဘုန်းကြီးတို့ စည်းရိုးနားတော့ ရောက်လာပြီ... ပိုင်ရှင်က ရောင်းစားတဲ့ ဆော့ဖ်ဝဲများကို တရားမဝင် အသုံးပြုရင် ဘုရားဝိနည်းတော်အရ အပြစ်ရှိပါတယ်... အပြစ် အကြီး အသေးကတော့ အခြေအနေအားလုံးအပေါ်မှာ မူတည်ပါလိမ့်မယ်... လေးနက် သိမ်မွေ့မှုတော့ အများကြီး ရှိပါတယ်... ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

ဒုတိယပါရာဇိက ခိုးမှုကို ဆုံးဖြတ်နိုင်ဖို့ အချက် ၅-ချက်ကို ထည့်သွင်းစဉ်းစားဖို့ ပြထားပါတယ်...

၁... ပိုင်ရှင်၏ သဘောထား...

၂... ခိုးယူသည့် အချိန်ကာလ...

၃... ခိုးယူရာ အရပ်ဒေသ...

၎... ခိုရာပါပစ္စည်း တန်ဖိုး...

၅... ခိုရာပါပစ္စည်း သုံးစွဲမှုတို့ ဖြစ်ပါတယ်...

အကျယ်ကိုတော့ ဒုတိယပါရာဇိကအခန်းမှာ အတော်စုံပါတယ်... ဆက်လက်လေ့လာပါ... စိတ်ချမ်းသာပါစေ...

17 Oct 09, 02:03
thandarsoe: ဦးဇင်းဘုရား....ငါးပါးသီလကို လုံးဝအပြစ်ကင်းစင် လုံခြုံအောင် ဘယ်လိုထိန်းရမလဲဆိုတာ သိခွင့်ပြုပါ ဘုရား.. စိတ်ချမ်းသာပါစေ....ကိုယ်ကျန်းမာပါစေ...

ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... ငါးပါးသီလကို လုံးဝ အပြစ်ကင်းစင် လုံခြုံအောင် ပြုချင်တယ်ဆိုရင် သောတာပန် လုပ်လိုက်ကြရအောင်... ဒီထိသွားမှ လုံးဝဆိုတာကြီး ဖြစ်မှာ... သွားရမဲ့လမ်းက ဝိပဿနာလမ်းပေါ့... ဒါတွေကတော့ သိသင့်သလောက် သိပြီးသား... မရောက်သေးခင် လမ်းခရီးပေါ်မှာ အနေအထား မေးတာနေမှာပါ... ဒီတော့... တွေ့သလောက် လေ့လာလို့ ရသလာက်လေးပေါ့ ရေးပေးလိုက်ပါတယ်... ဆက်ပြီးတော့လည်း လေ့လာပါ... စိတ်ချမ်းသာပါစေ...

သိက္ခာရှိလို သီလကို...

စောင့်ရှောက်ကြစေလို...

သူ့အပေါ်မှာ ချစ်ကြင်နာ...

ကိုယ်ချင်းစာကာ ဆက်ဆံပါ...

သီလမစင် တွေ့လာလျှင်...

ရွံရှာစက်ဆုပ် များများလုပ်...

မိမိသိက္ခာ လေးစားပါ...

ရှက်ကြောက်တရား များများထား...

သီလပျက်လာ ဝန်ခံပါ...

ကိုယ်အမူအရာ ဆင်ခြင်ပါ...

နှုတ်မှုရေးရာ ပြေပြစ်စွာ...

စိတ်ထဲကတော့ ပြစ်မှားမယ်...

သီလကတော့ မပျက်တယ်...

ဒါပေမဲ့လည်း မတင့်တယ်...

စိတ်ကိုဖြူအောင် ထားသင့်တယ်...

နောက်ဆုံးချုပ်မယ် သတိကွယ်...

သမ္မာသတိတော့ ဖြစ်ရမယ်...

14 Oct 09, 21:48
ခွန်နောင်: ဓမ္မစေတီ ဦးကောသလ္လက ဟောတဲ့တရားတွေ အကုန်မှားတာ မဟုတ်ဘူးဆိုရင် ဘာတစ်ခုမှကို မမှန်တာလို့ ပြောရလိမ့်မယ် ဘုရား။ သင်္ကန်းကြီးခြုံပြီး အညှီအဟောက်တွေ ဟောနေတာ ရွံဖို့တောင် ကောင်းတယ်။ ကာမတဏှာ ဒီလောက် ဟုန်းဟုန်းထ နေလဲ လူထွက်ပေါ့။ သင်္ကန်းဝတ်နဲ့ ညစ်တီးညစ်ပတ်တွေဟော မိန်းကလေးတွေပါ စင်ပေါ်ကနေ ရိသဲ့သဲ့ပြောနဲ့ ဘုန်းကြီးဖြစ်ပြီး တဏှာတရား ဒီလောက်ဟောချင်တာ ဘယ်လိုသွား ဦးချနိုင်မလဲဘုရား။ ဇိမ်ခေါင်းဦးချရတာနဲ့ တန်းတူနေမှာ။

ဦးလောကနာထ: ဒကာလေးခွန်နောင် အတွေးကောင်း... ဘုရားအစစ်ကိုမြင် တရားအစစ်ကိုမြင် သံဃာအစစ်ကို မြင်နိုင်ကြရင် တို့သာသနာကြီး အဓွန့်ရှည်ဦးမှာပေါ့... ဒကာဒကာမအပေါင်း ဉာဏ်တွေရင့်လို့ အမှန်ကို တွေ့မြင်နိုင်ကြပါစေ...

(အရှင်လောကနာထ-၂ မှ ကူးယူဖော်ပြပါသည်။)

.

Thursday, November 5, 2009

လူ့အဆင့်အတန်းနှင့် လူ့တန်ဖိုး…

လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။ လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။

များသောအားဖြင့် လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာမှု၊ ရာထူးဂုဏ်ရှိန် တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။

သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်….
ချမ်းသာကြွယ်ဝမှုနဲ့ မိမိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟု သတ်မှတ်လေ့ရှိသော လူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရော ပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏ နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည် ခိုးယူ နှိုက်ယူ နေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။

ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားမှုနဲ့ အစဉ်အမြဲ ဂုဏ်ယူလေ့ရှိသော လူကုံထံ လူပေါ်လူဇော် တို့သည် အမြဲတစေ ပွဲလမ်းသဘင် ပါတီ အခန်းအနားတို့တွင် ခေါင်းပေါင်းစ တလူလူ ပုဝါနှစ်စ စုံချ၍ မိန့်မိန့်ကြီး ပြုံးကာ ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါသည်။ တကယ်တမ်း လူမသိသူမသိ မိဘအရှိန်အဝါမရှိ ဝမ်းရေးအတွက် မလုပ်မဖြစ် သူတပါးအိမ်တွင် ကျွန်ခံနေရသော မျက်နှာမွဲ မိန်းမငယ်များကို အနိုင်ကျင့် စော်ကားမော်ကား လက်ရဲဇက်ရဲ လုပ်နေကြသည်မှာလည်း သူတို့ မှတ်ယူနေသော လူ့အဆင့်အတန်းထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။

ပညာအရည်အချင်း ဘွဲ့ရာထူးနဲ့ ခေါင်းမော့ ခြေဖျားထောက်လေ့ရှိသော ပညာတတ်လူတန်းစားတို့သည် မိမိတို့နဲ့ သက်ဆိုင်ရာ နေရာတိုင်း ဋ္ဌာနတိုင်းတွင် မာနမျက်နှာ မချိုမြသောမျက်နှာတို့ဖြင့် လူအများကို ဆက်ဆံလေ့ရှိပြီး ၄င်းတို့အကျိုးရှိမည့် မည်သည့်ကိစ္စ အတွက်မဆို လူမှုရေး ဖောက်ပြန်မှုပြုလုပ်ရန် ဝန်မလေးကြပေ။ ဤသည်မှာလည်း ထိုသူတို့၏ လူ့အဆင့်အတန်းတခု ဖြစ်ပေသည်။

မြင့်မြတ်သော လူ့အဆင့်အတန်း
သေချာသည်မှာ လူတယောက်၏ အဆင့်အတန်းကို ထိုလူကိုယ်တိုင် ပြသနေခြင်းပင်ဖြစ်ပါသည်။ လူတစ်ယောက်၏ အပြုအမူ အပြောအဆို အနေအထိုင်သာမက အရေးကြီးဆုံးဖြစ်သော စိတ်နေစိတ်ထား မြင့်မြတ်မှု၊ စိတ်ထားတတ်မှု စိတ်ကောင်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မည်သို့သော အခြေအနေ အချိန်အခါတွင်မဆို မပြောင်းမလဲ မဖောက်မပြန်သော စိတ်ဓာတ်ခွန်အားရှိမှု တို့သည် မြင့်မြတ်သော လူ့အဆင့်အတန်းကို ပြသနေသော အဓိက အကြောင်းများ ဖြစ်ပေသည်။

ခိုင်မာသောစိတ်ဓာတ်ရှိမှသာလျှင် ဆောင်ရွက်ချက် လုပ်ဆောင်ချက် နှင့် ရပ်တည်ချက်တို့သည် မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ အမြဲ တည်တံ့နေပေမည်။ ထိုသို့မဟုတ်ပါက သူတပါး၏ သွေးထိုးမှု မြှောက်ပင့်ပေးမှု သွေးဆောင်မှု ဖြားယောင်းမှု ကြောင့် လေယူရာ ယိမ်းတတ်သော အရောင်ပြောင်းတတ်သောသူအဖြစ် အလွယ်တကူ အရေခွံ လဲတတ်ပေသည်။ မည်သည့်လုပ်ငန်းကို မဆို ပြုလုပ်ရာတွင် အစမှ အဆုံးတိုင်အောင် မိမိ၏ ရပ်တည်ချက် ခံယူချက် ယုံကြည်ချက်ကို မပြိုလဲအောင်ထိန်းသိမ်းနိုင်ပြီး ပန်းတိုင်ကို ရယူရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အခြေအနေ အချိန်အခါပြောင်းလဲမှု နှင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များပေါ် မူတည်၍ သင့်တော်သလို လိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ပေသည်။ ထိုကဲ့သို့သော လူတို့၏ နောက်ဆုံးခရီး နေဝင်ချိန်သည်ကား လှပ စည်ကားသိုက်မြိုက်မှာ သေချာလှပေသည်။

မိမိတို့ အားသန်ရာကို မိမိတို့သဘောကျသလို မည်သို့ပင် သတ်မှတ်စေကာမူ ပတ်ဝန်းကျင်၏ချစ်ခင်မှု တန်ဖိုးထားမှု လေးစားမှု ယုံကြည်မှု အားကိုးမှု သာမက စံပြလူသားအဖြစ် သဘောထား မှတ်ယူမှုများကို မိမိ၏ လုပ်ဆောင်ချက်များဖြင့်သာ ရယူနိုင်ပေမည်။

လူ့စရိုက်နဲ့ ပတ်ဝန်းကျင်
လူ့စရိုက်ဆိုသည်မှာ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်မြင်စရာရှိသော်လည်း ပတ်ဝန်းကျင်ထက် အရေးကြီးသည်မှာ လူ၏ မွေးရာပါ ပင်ကိုယ်စရိုက်ဖြစ်ပါသည်။

ပတ်ဝန်းကျင် မည်မျှပင်ကောင်းစေကာမူ ပင်ကိုယ်စရိုက် မကောင်းမှုကို ဆုံးမပဲ့ပြင် လမ်းညွှန်ပြသ ထိန်းကျောင်းမည့်သူ မရှိလျှင်သော်လည်းကောင်း၊ ရှိသော်ငြားလည်း ဆိုဆုံးမလွယ်သူ မဟုတ်လျှင်သော်လည်းကောင်း၊ မွေးရာပါ ပင်ကိုယ်စရိုက်တွင် ဝါသနာပါ ပူးတွဲနေပါက မည်သို့ဆုံးမစေကာမူ တသက်လုံး မပြင်တော့ဘဲ သေသည်အထိ မိုက်တွင်းနက်ကြပေလိမ့်မည်။

ပင်ကိုယ်စရိုက်ကောင်းမွန်သော လူတစ်ယောက်သည် မည်သည့်ဘဝ၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန်ဖြစ်ဖြစ် မည်သို့သောအပေါင်းအသင်းနဲ့ တွေ့စေကာမူ ပတ်ဝန်းကျင် မကောင်းသည့်တိုင်အောင် လမ်းမှားပေါ်ရောက်ရန် အင်မတန်ခက်ခဲလှပါသည်။ ထိုသူ၏ ပင်ကိုယ်စရိုက်ကောင်းသည် မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည်သာမက ပတ်ဝန်းကျင်ကိုပါ တည့်မတ် ကောင်းမွန်စေတတ်ပါသည်။ ပတ်ဝန်းကျင်၏ ကောင်းခြင်းဆိုးခြင်းသည် ထိုသူအပေါ် မလွှမ်းမိုးနိုင်ဘဲ ထိုသူ၏ ကောင်းမြတ်တဲ့ ပင်ကိုယ်စရိုက် အကျင့်သီလ နှင့်တကွ သင့်မြတ်မှန်ကန်တဲ့ အနေအထိုင်သည်သာ ပတ်ဝန်းကျင်ကို သြဇာသက်ရောက်မှု ရှိစေမည်ဖြစ်သည်။

အမှန်စင်စစ် အရေးကြီးဆုံးမှာ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်ပေါ် မူတည်ပြိး ဖြစ်ပေါ်လာသော အပြုအမူ အပြောအဆို အနေအထိုင်သာမက အကျင့်သီလ သိက္ခာ သမာဓိသာလျှင် အဓိကဖြစ်ပေသည်။

အကယ်၍ လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကလေးဘဝက ဆိုးဝါးလှတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကာ စိတ်ဒဏ်ရာ နာကျည်းမှု စိတ်မလုံခြုံမှု ရခဲ့သည့်တိုင် ၄င်း၏ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်သာ ကောင်းမွန်မြင့်မြတ်မည် ဆိုပါက ကြီးပြင်းလာသောအချိန်တွင် ရောက်ရှိနေသော ပတ်ဝန်းကျင်နဲ့ လျော်ညီစွာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်လျော်သော အေးချမ်းသော မြင့်မြတ်သာလွန်သော ကိုယ် စိတ် နှလုံး သုံးပါးလုံးကို ပိုင်ဆိုင်နိုင်သောသူဖြစ်ပေမည်။ ပတ်ဝန်းကျင်ကို အပြစ်တင် ဝေဖန် လက်ညှိုးထိုး နေမည့်အစား မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ပြီး ပြုပြင်ယူသင့်ပေသည်။

လူ့တန်ဖိုးကို ကြည့်တတ်ပါစေ
လူဆိုသည်မှာ အစစအရာရာ မပြည့်စုံနိုင်ပေ။ ကောင်းသောအားသာချက်ရှိနိုင်သကဲ့သို့ မကောင်းသော အားနည်းချက်လဲ ရှိနိုင်ပါသည်။ ကောင်းသောအချက်များကိုသာ ကြည့်ပြီး လူကောင်းဟု မသတ်မှတ်နိုင်သလို ဆိုးသောအချက်များသာ ကွက်ကြည့်ပြီး လူဆိုးဟုလဲ မခေါ်ဆိုနိုင်ပေ။ ကောင်းသော အချက်များသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနေပြီး လူ့အကျိုးဆောင်နေမည်ဆိုပါက လူ့အသိုင်းအဝိုင်းတခုလုံးက လူကောင်းဟုသတ်မှတ်ပေလိမ့်မည်။ ထို့အတူ မိမိ၏မကောင်း သောလုပ်ရပ်များက မိမိဘေးပတ်ဝန်းကျင်မှ အစပြုပြီး လူသားအားလုံးကို အန္တရာယ်ပေးနိုင်မည်ဆိုပါက လူဆိုးဟု ခေါ်ဝေါ်ပေလိမ့်မည်။

လူ့တန်ဖိုးဆိုသည်မှာ ကြည့်တတ်သောသူမှသာလျှင် မြင်နိုင်ပါသည်။ လူ့တန်ဖိုးသည် ကြည့်တတ်သောသူအပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါသည်။ လူများကို အပေါ်စီးမှ ကြည့်တတ်သူ တနည်းအားဖြင့် မိမိကိုယ်သာလျှင်အတော်ဆုံး အတတ်ဆုံးလို့ ထင်နေသောသူများသည် လူအချင်းချင်း အထင်သေးလွယ်ပြီး လူ့တန်ဖိုးကို အလွယ်တကူမသိနိုင်ပေ။ လူများကို အောက်မှ မော့ကြည့်တတ်သူ (သို့) မိမိကိုယ်ကို ယုံကြည်မှုမရှိသူများသည် မည်သူ့ကို မဆို အထင်ကြီးလွယ်ပြီး ယုံလွယ်တတ်ကြပါသည်။ လူများကို တန်းတူရည်တူသဘောထားပြီး လူ့အရည်အချင်းကို အထင်မသေးလွန်း အထင်မကြီးလွယ်သူများသာလျှင် လူ့တန်ဖိုးကို မှန်မှန်ကန်ကန် မြင်နိုင် ယုံယုံကြည်ကြည် အသုံးချနိုင်ပေလိမ့်မည်။ နေရာတိုင်းတွင် အယုံအကြည်မလွယ်သင့်သလို အယုံအကြည်မဲ့တာမျိုးလည်း မဖြစ်သင့်ပေ။ အစဉ်အမြဲ သံသယစိတ်နှင့် အထင်သေးမည်ဆိုပါကလည်း နောက်ဆုံးတွင် မိမိအရိပ်ကိုပင် မိမိမယုံကြည်တော့ဘဲ အထီးကျန်စိတ်နှင့် အရာရာကျဆုံးသွားနိုင်ပေလိမ့်မည်။

လူတစ်ယောက်၏ကံကြမ္မာကို မည်သည့်နတ်သိကြား နတ်ဘုရားမှဖန်ဆင်းယူ၍ မရနိုင်သကဲ့သို့ ဘေးပတ်ဝန်းကျင်မှလည်း ပြုပြင်ယူ၍ မရနိုင်ပေ။ မိမိ၏ ကိုယ် စိတ် နှလုံး သုံးပါးနှင့်တကွ ကာယကံ ဝဇီကံ မနောကံတည်းဟူသော ကံသုံးပါးသာလျှင် မိမိ၏ဘဝတစ်ခုလုံးကိုသာမက သံသရာတလျှောက်လုံးတွင်ပါ တန်ဖိုးရှိသူအဖြစ် လမ်းပြကြယ်သဖွယ် ဖန်ဆင်းပြုပြင်ယူသွားမည် ဖြစ်ပါသည်။ ။