အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Monday, March 8, 2010

ငါးပါးသီလကုသိုလ်ကြောင့် ရဟန္တာဖြစ်သူ

ငါးပါးသီလ ကုသိုလ်လောက်နှင့် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်သည် ဆိုသည်မှာ ဟုတ်လောက်ပါ့မလားဟု သံသယဝင်နိုင်သူများ အတွက် ထေရာပါဒါန် ပါဠိတော် သုဘူတိဝဂ်လာ ပဉ္စသီလသမာဒါနိယမထေရ် အကြောင်းကို အနည်းငယ် တင်ပြပါမည်။

ထိုမထေရ်သည် လွန်ခဲ့သော ၉၁ ကမ္ဘာက ပွင့်တော်မူခဲ့သည့် အနောမဒဿီမြတ်စွာဘုရား လက်ထက်အခါက စန္ဒဝတီပြည်တွင် အခစား ကျွန်ယောက်ျား တစ်ယောက် ဖြစ်ခဲ့ရသည်။ ၉၆ပါးသော ရောဂါတို့ပေါက်ဖွားရာ ခန္ဓာကိုယ်၊ ကိုးပေါက်သော ဒွါရတို့မှ အပုပ်ရည်တို့ အမြဲယိုစီးရာ ခန္ဓာကိုယ်၏ အနှစ်သာရကား သီလတရားသာဖြစ်၏ဟု သိသွားသော ကျွန်ယောက်ျားသည် အနောမဒဿီမြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်နိသဘ မထေရ်ထံမှ ငါးပါးသီလခံယူပြီး တစ်သက်လုံး လုံခြုံအောင် စောင့်ထိန်းခဲ့သည်။

ငါးပါးသီလကို တစ်ဘဝတာ စောင့်ထိန်းခဲ့ရသော ကုသိုလ်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာ အပါယ်တံခါးပိတ်ခြင်း၊ သိကြားမင်းဘဝ အကြိမ်(၃၀)ဖြစ်ရခြင်း၊ စကြာဝတေးမင်းဘဝ (၇၅)ကြိမ်ဖြစ်ရခြင်း၊ ပဒေသရာဇ်မင်း အဖြစ် မရေမတွက်နိုင်အောင် ဖြစ်ရခြင်း၊ ဖြစ်ရာဘဝတွင် အသက်ရှည်သူ၊ အနာရောဂါကင်းသူ၊ စည်းစိမ်ဥစ္စာပေါများ ချမ်းသာသူ၊ ထက်မြက်သော ဥာဏ်ပညာရှိသူသာဖြစ်ရခြင်း ဟူသော ကောင်းကျိုးတို့ကို ခံစားပြီးလျှင် နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား သာသနာအတွင်း မဟာသာလသူဋ္ဌေးမျိုး၌ လာဖြစ်ရသည်။ ထိုဘဝတွင် ငါးနှစ်သားအရွယ်မှာပင် မိဘများနှင့်အတူ ငါးပါးသီလ ဆောက်တည်ပြီးသည်၏ အဆုံး၌ လေးမဂ် လေးဖိုလ်ရပြီး ရဟန္တာဖြစ်တော်မူရလေသည်။

ငါးပါးသီလ စောင့်ထိန်း၍ရသော ကောင်းကျိုးများတွင် ဘဝဆက်တိုင်း ဥာဏ်ပညာထက်မြက်သူဖြစ်ခြင်းဟူသော ကောင်းကျိုးကို သတိထား ကြည့်စေချင်သည်။ မည်သူ့ကို မေးမေး ဥာဏ်ကောင်းသူသာ ဖြစ်ချင်၏။ ဥာဏ်ထိုင်းသူ မဖြစ်ချင်ပေ။ သို့သော် ဥာဏ်ကောင်းသူထက် ဥာဏ်မကောင်းသူက များ၏။ အကြောင်းကား ငါးပါးသီလ မလုံခြုံခဲ့သောကြောင့်ဟု အဖြေထွက်၏။

ထို့ကြောင့် ဘဝအဆက်ဆက် ဥာဏ်ထက်မြက်ဖို့အတွက် ငါးပါးသီလ စောင့်ကြပါဟု တိုက်တွန်းချင်ပေသည်။ မြန်မာပြည်တွင် သံဃာတော်ပေါင်း လေးသိန်းခန့်ရှိသော်လည်း ပိဋကတ်သုံးပုံကို အာဂုံ၊ ရေးဖြေ နှစ်မျိုးလုံးတွင် အောင်မြင်သော ဆရာတော်များမှာ ကိုးပါးသာ ပေါ်သေးသည်။

(အရှင်ဇဝန - မေတ္တာရှင်၏ သီလအစွမ်း စာအုပ်မှ ကောက်နှုတ်ချက်)
.

4 comments:

Anonymous said...

Ma Su,

Great and Perfect Post, Well Done, Well Done, Well Done


TZY

Anonymous said...

မစု...
ငါးပါးသီလစောင့်ထိန်းရန် တိုက်တွန်းချက်မှာ အားလုံးအတွက် လိုအပ်လှသော်လည်း ငါးပါးသီလချည်းသက်သက် ၀ိပဿာနာအားထုတ်မှု လုံးဝ မပါဘဲ ရဟန္တာဖြစ်နိုင်သည်ဟု အများယူဆမိပါက လုံးဝမှားယွင်းပါသည်။
သီလ-သမာဓိ-ပညာ(၀ိပဿနာ) သုံးပါးလုံးပြည့်စုံ မှသာ မဂ်ဥာဏ်-ဖိုလ်ဥာဏ် များ၏ ကျေးဇူးပြုမှုများကြောင့်သာ ရဟန္တာဖြစ်နိုင်ကြောင်း ဆရာတော်ကြီးအများအပြားဟောကြားထားပြီးဖြစ်ပါသည်။ သဲအင်း-မိုးကုတ်ဆရာတော်ကြီးများ၏ ရဲ့ ပြောကြားချက်များ၊ တိုက်တွန်းချက်များကိုသေသေချာချာ နားထောင်ခြင်းဖြင့် ဒါန၊ သီလ -သမထ စသည့် သာသနာပ တရားများနဲ့တင် ရပ်တန့်မနေပဲ ၀ိပဿနာတရား အားထုတ်မှုကို တတ်နိုင်သမျှ မဖြစ်မနေပြုလုပ်သင့်ပါကြောင်း မှန်မှန်ကန်ကန် သုံးသပ်ပါစေခင်ဗျား-

ထက်စုနှင်းဆီ said...

အမည်မသိရေ.

ဘုရားဟောတရားကို ထုတ်နှုတ်ပြထားတာပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီး ဆင်ခြင်သုံးသပ်နိုင်ပါစေ။

ဘုရားဟောတဲ့ တရားထက် ပိုမိုမှန်ကန်သော တရား ဤလောက၌ မရှိပါ။

လိုရာဆွဲတွေးခြင်းကို တတ်နိုင်သလောက် ရှောင်ကျဉ်စေချင်ပါတယ်။

Anonymous said...

တရားနှင့် ပျော်မွေ့မှု (တရားသိအောင်ပြုလုပ်မှု)အစစ် အမှန် အင်္ဂါငါးတန်

၁။ ပရိယတ်စာပေချည်းသက်သက်ကိုသာ သင်ကြားနေသူသည် ပရိယတ္တိဗဟုလော တရားနှင့်မွေ့လျော်သူ (တရားသိအောင်ပြုလုပ်သူ)မဟုတ်။
၂။ ပရိယတ်ကိုသာ ဟောပြောနေသော ဓမ္မကထိကသည် ပညတ္တိဗဟုလော တရားနှင့်မွေ့လျော်သူ (တရားသိအောင်ပြုလုပ်သူ) မဟုတ်။
၃။ ပရိယတ်စာပေများကိုသာ ရွတ်ဖတ် သရဇ္ဈယ်နေသူသညါ သစ္ဖျာယဗဟုလော တရားနှင့်မွေ့လျော်သူ (တရားသိအောင်ပြုလုပ်သူ) မဟုတ်။
၎။ ပရိယတ်စာပေများကိုသာ တွေးတော ကြံစည် စိတ်ကူးနေသူသည် စိတက္ကဗဟုလော တရားနှင့်မွေ့လျော်သူ (တရားသိအောင်ပြုလုပ်သူ) မဟုတ်။
၅။ မိမိကိုယ်တွင်း လောဘ-ဒေါသ-ကိလေသာ ကင်းငြိမ်းရန် ၀ိပဿနာတရားအားထုတ်နေသူ ဓမ္မပရိယတ္တိယာ သာ တရားနှင့် မွေ့လျော်သူမည်၏။
မြတ်စွာဘုရားသည် ထိုသို့ဟော်တော်မူပြီးနောက် တစ်သက်တာလုံး တစ်ရံတစ်ခါမျှ ၀ိပဿနာတရားထူးကို ဟုတ်ဟုတ် ဟတ်ဟတ် အားမထုတ်ဖူးသူကို ရည်ရွယ်၍ ......
အို....သာဝက တို့
သေခါနီျးကျမှ ငါဖြင့် ...၀ိပဿနာကမ္မဌါန်းတရား အားမထုတ်ခဲ့သေးပါတကား......ဟု ...
နောင်တ တဖန် မပူပင်နှင့် ။ ယခုဟောကြားချက်ကား ငါဘုရား သီးခြား ဟောကြားချက်တည်းဟု ....၀ိပဿနာကမ္မဌါန်းတရား ပြုလုပ်ဖို့ အတန်တန် အထူး ဂရုစိုက် မှာတော် မိန့်တော်မူခဲ့သည်ကို ထောက်လျှင် သီလ-သမထ-သည် ၀ိပဿနာမှု အများဆုံးပြုလုပ်ရန် အတွက် အကူအညီသက်သက်သာ ဖြစ်ပြီး၊ ၀ိပဿနာမှု သည် တရားအစစ်အမှန်သိရေး အရေးကြီးဆုံးဖြစ်ကြောင်းသိနိုင်ပေသည်။
(အင်္ဂုတ္ထိုရ်၊ ပဉ္ဖကနိပါတ်-၇၃)
(မှတ်ချက်။ ။ ဗုဒ္ဓမှ ၀ိပဿနာတရားအားထုတ်ရန် (၁၇၉၂) ကြိမ်မှာခဲ့ကြောင့် ပဋိကတ်စာပေများတွင် တွေ့ရှိရသည်)

ခင်မင်လေးစားစွာဖြင့်
သစ္စာ