အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Thursday, April 29, 2010

ဖန်ဆင်းတာလား၊ ဖန်တီးတာလား

လူ့လောကမှာနေရတာ နေရာတကာ ကမောက်ကမ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေသလိုပဲ။ လူတွေက ကိုယ်ပိုင်ဥာဏ်နဲ့မစဉ်းစားတတ်ကြတော့ဘူးလား မသိဘူး။ အမြဲတမ်း သူများပြောတာ မျက်စိမှိတ်ယုံကြ၊ ဒဏ္ဍာရီတွေ ပုံပြင်တွေကို အဟုတ်ထင်နေကြ၊ မှားနေတာတွေက ကြာလာတော့ အမှန်လိုလို ဖြစ်လာကြ၊ ဖြစ်လာတဲ့ အမှားတွေကို ပြင်ဖို့ရာ မရွံမရဲ ဖြစ်နေကြ၊ ကြောက်နေကြ၊ အပြစ်ကျုးလွန်သလို ခံစားနေကြ နဲ့ ဘယ်လိုမှ အမှန်တရားဆိုတာ ပေါ်မလာတော့ဘဲ ကြာလေ ကြာလေ အမှားနွံထဲ နစ်သထက် နစ်နေကြရတယ်။ တကယ်တမ်းက တကယ့်အမှန်တရားဆိုတာ ရိုးရိုးလေးမှ တကယ့် ရိုးရိုးလေးပါ။ ဘာမဆို ဖြစ်တတ်တဲ့ ဖြစ်လေ့ရှိတဲ့ သဘာဝတရားအတိုင်း အခြေအနေအတိုင်းကို အမှန်အတိုင်းလေး ကြည့်တတ်ရုံ မြင်တတ်ရုံကလေးပါပဲ။ ဒါပေမဲ့လူဆိုတဲ့ သဘာဝကိုက ခက်ခဲတာ ဆန်းပြားတာကိုမှ တန်ဖိုးထားတတ် အမှန်ယူတတ်ကြတယ်လေ။ လွယ်ကူတာ ရိုးစင်းတာ သဘာဝကျတာကို အထင်သေးကြ နှိမ်ချင်ကြ လွယ်လင့်တကူ အမှားလုပ်ပစ်တတ်ကြတယ်။ တကယ့်အမှန်တရားကို သိလာကြ နားလည်ကြသည့်တိုင်အောင် မိရိုးဖလာအရ အသိုင်းအဝိုင်းအရ လူမှုရေးအရ ပုဂ္ဂိုလ်ရေးအရ မပြင်ရဲ မကူးပြောင်းရဲ မပစ်ပယ်ရဲကြဘဲ ပြင်ဆင်ဖို့ရန် သတ္တိမရှိကြဘဲ သေသည့်တိုင်အောင် ဆုပ်ကိုင်သွားကြပါတယ်။

အမှန်စင်စစ် ဘုရားသခင်က လူတွေကို ဖန်ဆင်းတာမဟုတ်ပါဘူး။ လူတွေကသာ ဘုရားသခင်ကို ဖန်တီးနေကြတာပါ။ လူ့ပြည် လူ့အသိုင်းအဝိုင်းမှာ ရှိတဲ့ သက်မဲ့အရာအားလုံးကို လူတွေကသာ ဖန်တီးထားကြတာပါ။ သက်ရှိသတ္တဝါ အားလုံးကလဲ ဘုရားသခင် ဖန်ဆင်းထားတာ လားလားမျှ မဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် သစ်ပင်နဲ့ မျိုးစေ့၊ မျိုးစေ့နဲ့ သစ်ပင်လို ဘယ်ဟာက အစ ဘယ်ဟာက အဆုံးမှန်းမသိဘဲ သံသရာလည်နေတဲ့ အမှန်တရား နိယာမတစ်ခုရယ်ပါ။ သစ်ပင်ဘယ်ကရ မျိုးစေ့ကလာ၊ မျိုးစေ့ဘယ်ကလာ သစ်ပင်ကရ ဆိုသကဲ့သို့ သက်ရှိသတ္တဝါအားလုံးတို့သည် ၄င်းတို့၏ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကံ မကောင်းမှုကံ အကျိုးကံ အဆိုးကံပေါ် မူတည်ပြီး ဘဝအမျိုးမျိုး သတ္တဝါအမျိုးမျိုးအဖြစ် သံသရာတလျှောက် ကျင်လည်နေကြရတာပါ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ဘဝထိုထို သတ္တဝါအစုံစုံအဖြစ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီသက်တမ်း ဖြည့်ကျင့်ခဲ့ရပြီး နောက်ဆုံးလူ့ဘဝတွင် ကျွတ်တမ်းဝင် ဘုရားအဖြစ်သို့ ရောက်ခဲ့ရသူ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့ဘဝတွင်သာ ဘုရားအဖြစ်ရရှိနိုင်ပြီး လူကသာလျှင် ဘုရားအဖြစ်ဖန်တီးနိုင်တာပါ။ ရေ လေ မီး နေ လ နှင့်တကွ ကမ္ဘာမြေပြင် အာကာသတခွင်မှာ ရှိတဲ့ အရာအားလုံးသည် သဘာဝက သူ့အလိုအလျောက် ဖြစ်ပေါ်နေသော သူ့နေရာနှင့်သူ အံဝင်ခွင်ကျ တည်ရှိနေသော ဖြစ်တည်မှု နိယာမတစ်ခု သာလျှင် ဖြစ်ပေသည်။ အခေါ်အဝေါ် သတ်မှတ်ချက် ဘာသာစကား အသုံးပြုမှုနှင့် အသုံးအနှုန်းဝေါဟာရ အားလုံး၏ ဖန်တီးသခင်မှာ လူသားများသာလျှင်ဖြစ်၏။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းနေတာပါဟူသော သတ်မှတ်ချက်ပင်လျှင် လူသားများက ဖန်တီးထားခြင်း ဖြစ်ပေသည်။

လူတစ်ယောက်မှာ အတွေးအခေါ် အယူအဆက သိပ်အရေးကြီးပါတယ်။ အတွေးအခေါ်အမှား အယူအဆအမှားကို အမှန်တရားအဖြစ် တရားသေဆုပ်ကိုင်ထားတဲ့သူတွေအဖို့ အမှန်တရားနဲ့ အမြဲဝေးနေမှာဖြစ်တယ်။ သဘာဝနိယာမ အမှန်တရားကို လက်မခံ မျက်စိမှိတ်ငြင်းဆိုနေခြင်းသည် လူစင်စစ်မဟုတ်ဘူး လူသားအဖြစ်မရပ်တည်ချင်ဘူးဟု ငြင်းဆိုနေသည်နှင့် အတူတူပင် ဖြစ်ပေတော့သည်။

(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်း။)

1 comment:

Anonymous said...

နေကောင်းလားအမ။ အမလှူတဲ့ မရမ်းချောင်းကဓါတ်ပုံတွေတင်ထားတယ်။ လာလည်ဖို့ဖိတ်ပါတယ်နော်။