အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Tuesday, January 12, 2010

မိမိဂုဏ်မြှင့် ပွဲလယ်တင့်..

ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ကောင်းသောလူရှိသကဲ့သို့၊ ဆိုးသောလူလည်း ရှိပါသည်။ လူတစ်ဦးချင်း၏ ကောင်းမှုဆိုးမှုသည် လူမျိုးနှင့် မသက်ဆိုင်သကဲ့သို့၊ ကိုးကွယ်သည့်ဘာသာနှင့်လည်း ပတ်သက်မှုမရှိပေ။ ထိုလူ၏ ကောင်းမွေ၊ ဆိုးမွေသည် ၄င်း၏ အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ်ရေးရာနှင့်သာ သက်ဆိုင်မှုရှိပါသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာတရား..
ထေရဝါဒဗုဒ္ဓဘာသာဟူသည် ကိုးကွယ်ယုံကြည်မှု ရှိရုံသာမက၊ ကျင့်ကြံအားထုတ် လိုက်နာဆောင်ရွက်မှုလည်း ရှိရန် အထူးလိုအပ်ပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်စည်းကမ်း နည်းလမ်းကို အားထုတ်သူ မည်သည့်ဘာသာဝင်မဆို မြတ်တရားဓမ္မ၏ အကျိုးတရားကို ခံစားနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် ဖန်ဆင်းသူမဟုတ်သကဲ့သို့၊ တန်ခိုးရှင်လဲ မဟုတ်ပေ။ မြတ်ဓမ္မတရားများကို ဟောပြောပြသသူ၊ လမ်းညွှန်ပြသသူ ဆရာသခင်သက်သက်သာလျှင် ဖြစ်ခဲ့ပါသည်။ အမှန်စင်စစ် မိမိတို့၏ဘဝ ဖန်ဆင်းရှင်အစစ်အမှန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြုလုပ်သော အကြောင်းတရားများပင် ဖြစ်ပါသည်။ မိမိတို့ပြုလုပ်သမျှ အကြောင်းတရားကံများကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားများကိုသာ သံသရာတလျှောက် စံစား ခံစားကြရမည် ဖြစ်ပါသည်။

မြင့်မြတ်သောလူမျိုးဆိုသည်မှာ…
မြင့်မြတ်သောလူမျိုးဟူသည် စိတ်ဓာတ်ရေးရာ ကောင်းမြတ်သည်နှင့်အညီ၊ ဘာသာတရား၏ အဆုံးအမကို တသွေမတိမ်း လိုက်နာလေ့ရှိပါသည်။ အထူးအားဖြင့် အပြောအဆို အပြုအမူအရ ယဉ်ကျေးလိမ္မာသည့်အပြင် တခြားသောလူမျိုးနှင့် သူတပါး၏ ဘာသာတရားကို ဆိုးဝါးစွာ ပုတ်ခတ် ဝေဖန်လေ့မရှိကြပေ။

သူ့ဂုဏ်နှိမ့်ချ မိမိဂုဏ်ပိုနိမ့်ကျ
သူတပါး၏ဂုဏ်သိက္ခာကို နှိမ့်ချပြောဆိုခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို မြင့်တက်စေလိမ့်မည် မဟုတ်ပေ။ ထို့အတူ မိမိဘာသာ၏ ကြီးမြတ်မှုကို ထုတ်ဖော်ရမည့်အစား၊ သူတပါး၏ ဘာသာတရားကို မဟုတ်တန်းတရား ပုတ်ခတ်ဝေဖန်နေခြင်းသည် မယောင်ရာဆီလူး၊ အချိန်ကုန်လူပန်း အကျိုးမဲ့ဖြစ်စေပါသည်။ မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှုကို ထုတ်ဖော်ဝန်ခံနေသကဲ့သို့ ဖြစ်နေပါသောကြောင့် အထူးရှောင်ရှားရန် လိုအပ်လှပါသည်။ သူတပါး၏ကဲ့ရဲ့ ပုတ်ခတ်ခြင်းကြောင့် မိမိ၏ဂုဏ် နိမ့်ကျ ယုတ်လျော့မှု မရှိပါသော်လည်း၊ သူတပါးအား နှိမ့်ချပုတ်ခတ်မိပါက မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှု ပြသမိပါသောကြောင့် ရှိရင်းစွဲဂုဏ်သိက္ခာကို ထိခိုက်နိမ့်ကျစေပါသည်။

ဟုတ်လျှင်နာ၊ မဟုတ်လျှင် နာစရာမလိုပါ...
မိမိတို့အား စွပ်စွဲကဲ့ရဲ့ခြင်းသည် မှန်ကန်မှုမရှိပါက နာကျင်ခံစားစရာ လုံးဝ မလိုအပ်သလို၊ ပြန်လှန် တုန့်ပြန်စရာလည်း မလိုအပ်လှပေ။ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ နာကျင်နေခြင်းသည် မိမိတို့၏ လုပ်ရပ်မှားယွင်းမှုကို အများအား ဝန်ခံနေသည်နှင့် တူလှပါသည်။

ပုတ်ခတ်စွပ်စွဲကဲ့ရဲ့ခြင်းသည် အကျိုးမရှိပါ…
မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားဒေသနာများတွင် သူတပါး၏ ယုံကြည်ကိုးကွယ်ခြင်းအား ထိပါးစော်ကားမှုကို အားပေးခြင်း လုံးဝမပါရှိပါ။ ဒေသစွဲ၊ လူမျိုးစွဲ၊ ဒိဋ္ဌိစွဲဖြင့် လူလူချင်း နိုင်ထက်စီးနင်း ပြုမူခြင်းထက် သတ္တဝါအားလုံးအပေါ် တူညီသော မေတ္တာထားခြင်းကိုသာ ဆုံးမစကား ဟောကြားတော်မူခဲ့ပါသည်။ လူသားတို့သည် မိမိတို့ ကံဇာတ်ဆရာ၏ စီမံမှုအောက်တွင် အယူခံခွင့်၊ ရွေးချယ်ပိုင်ခွင့် လုံးဝမရှိဘဲ ဘဝအမျိုးမျိုး ဒေသအမျိုးမျိုးတို့၌် လူမျိုးကွဲ ဘာသာကွဲများအဖြစ် ကွဲပြားစွာ ကျင်လည်နေကြရပါသည်။ အတိတ်ဘဝ၏ ပါရမီဓာတ်ခံ ပါလာသူအချို့သာလျှင် မြတ်စွာဘုရား၏ တရားစစ် တရားမှန်ကို လေ့လာလိုက်စားခွင့် ဆည်းပူးကျင့်သုံးခွင့် ရရှိကြပါသည်။ ယုံကြည်မှုမရှိသောသူများ၊ အသိဥာဏ်မမှီသော မိစ္ဆာဒိဋ္ဌိများအား ဆွဲဆောင်စည်းရုံးခြင်း ပြုလုပ်ကြမည့်အစား၊ အမှန်တကယ် တရားဓမ္မများကို ကြည်ညိုသက်ဝင်သော်လည်း လမ်းလွဲ၊ လမ်းမှားရောက်နေသူများကိုသာ စေတနာဖြင့် လမ်းမှန်ရောက်စေရန် ကူညီပေးခြင်းသည် ပိုမိုသင့်လျော်လှပါသည်။

မိမိဂုဏ်မြှင့် ပွဲလယ်တင့်…
မိမိတို့လူမျိုး၊ မိမိတို့ဘာသာ၊သာသနာ တိုးတက်မြင့်မားမှုကို ဆောင်ရွက်ခြင်းသည်သာ အကျိုးကျေးဇူးများနိုင်ပြီး၊ သူတပါးလူမျိုး၊ သူတပါး၏ ဘာသာတရားကို ကဲ့ရဲ့ပုတ်ခတ်စော်ကားခြင်းသည် မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်လှပါသည်။ ဥပမာအားဖြင့် မိမိတို့၏ အိမ်ခြံစည်းရိုးအား လုံခြုံအောင် စောင့်ရှောက်နိုင်ပါက မည်သည့်ရန်သူ သူခိုးဂျပိုးများ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထိုသို့မဟုတ်ပဲ မိမိတာ မိမိ လုံအောင် မကာကွယ်ပဲ သူတပါးအား ရန်လို အမုန်းထားမည် ဆိုပါက ရန်သူများ၏ ဝါးမျို ဖျက်ဆီးမှုကို အချိန်မရွေးခံရနိုင်သည်ကို သတိပြုကြစေလိုသည်။ ထိုကြောင့် မိမိလူမျိုး၊ ဘာသာ သာသနာ၏ ဂုဏ်ကျက်သရေကို မြှင့်တင်နိုင်မှသာ ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်စေနိုင်ပါသည်။ ။
.

6 comments:

မောင်ကောင်း said...

ဟုတ်ပါ့အစ်မရေ..။ ကိုယ့်ဘာသာကို တန်ဖိုးထားရင် သူများဘာသာကို မပုတ်ခတ်ရပါဘူး။ သူများဘာသာကို ပုတ်ခတ်တာဟာ ကိုယ်ကိုးကွယ်နေတဲ့ ကိုယ့်ရဲ့ဘာသာ ဘယ်လောက်အဆင့်အတန်း နိမ့်လဲဆိုတာကို ဖော်ပြနေတာနဲ့ အတူတူပါပဲ။ ကိုယ့်ဘာသာကိုချစ်ရင် ကိုယ့်ဘာသာကို မြှင့်တင့်ပါ.. သူများဘာသာကိုလည်း လေးစားပါ လို့မှာချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်လူငယ်တွေ အင်မတန်သိသင့်တဲ့အရာလေးပါပဲ။ မှတ်ကျောက် အတင်ခံနိုင်တဲ့ ရွှေအစစ်ကို ရပြီးမှတော့ ရွှေလို့ အော်နေစရာမလိုပါဘူး။ သူများက မျက်စိအမြင်နဲ့လာပြီး အတုပြောရင်တော့ ပြုံးပြုံးလေးပဲ ကြည့်နေလိုက်ချင်ပါတယ်။ တန်ဖိုးရှိမှ တန်ဖိုးသိမည်ဆိုတဲ့ အတိုင်းပါပဲ။ ကိုယ့်ဘာသာရဲ့တန်ဖိုး ကိုယ်မြှင့်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်...။

U Lawkanartha said...

လာရောက်ဖတ်မှတ်သွားပါတယ်...

ဒါလေးလည်းကောင်းတယ်
"အမှန်တကယ် တရားဓမ္မများကို ကြည်ညိုသက်ဝင်သော်လည်း လမ်းလွဲ၊ လမ်းမှားရောက်နေသူများကိုသာ စေတနာဖြင့် လမ်းမှန်ရောက်စေရန် ကူညီပေးခြင်းသည် ပိုမိုသင့်လျော်လှပါသည်။"


လိုလားတောင့်တနေသူကို ပေးကမ်းရခြင်းက အကောင်းဆုံးပါပဲ...

လူသားတွေ တောင့်တနေတဲ့အရာကို ပေးဖို့ မြတ်ဗုဒ္ဓ ပွင့်ပေါ်လာခဲ့တယ် ဒါပေမဲ့ ယူတတ်သူကတော့ ရှားလှပေတယ်...

ဆင်းရဲကင်းကြပါစေ...
ဦးလောကနာထ
၁.၁၂.၂၀၁၀

Unknown said...

ကောင်းသောစိတ်ဖြင့်ရေးသောစာဖြစ်၍ ကောင်းသောစာဟု ပြောဆိုနိုင်သောကြောင့် မှားသောနေရာ ရှာမတွေ့ပါ။ သို့သော် လိုနေမည်လားဟု တွေးတောမိသော နေရာတစ်ခုအား ပြောပြချင်ပါတယ်။
............
( အမှန်စင်စစ် မိမိတို့၏ဘဝ ဖန်ဆင်းရှင်အစစ်အမှန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြုလုပ်သော အကြောင်းတရားများပင် ဖြစ်ပါသည်။ ) ....... ဟုသောစာသည် သူ့ချည်းသက်သက် ပြည့်စုံသလိုရှိသော်လည်း (မိမိတို့ပြုလုပ်သမျှ အကြောင်းတရားကံများကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားများကိုသာ သံသရာတလျှောက် စံစား ခံစားကြရမည် ဖြစ်ပါသည်။) ........ ဟုပါ နောက်ဆက်တွဲကိုပါ ဖတ်ရသောကြောင့် ဘ၀ဖန်ဆင်းရှင်သည် ကံသုံးပါး ဆိုသည်ကို ပေါ်လွင်သွားစေပါသည်။
........................................................
စာရေးသူက ကံသုံးပါးဟု သုံးသွားသော်လည်း မည့်သည့်ကံ (ကောင်းကံ၊ ဆိုးကံ) ကို ခွဲခြားမပြခြင်းကြောင့်လည်းကောင်း၊ ဒုတိယစာကြောင်း ထပ်တိုးသွားခြင်းကြောင့်လည်းကောင်း၊ ကံသုံးပါးသည် ဘ၀ကိုဖန်ဆင်းသည်ဟု စာဖတ်သူအား အထင်ရောက်စေနိုင်ပါသည်။ အမှန်စင်စစ်အားဖြင့် ကံသုံးပါးဖြင့် ဘ၀တစ်ခုကို ဖန်ဆင်းနိုင်သည်ဟုဆိုသည်ထက် အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟု ရေးမှ ဘ၀ဖန်ဆင်းရှင်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်မည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ကံသုံးပါးလုံးသည် ဘုရား၊ ရဟန္တာ၊ ပုထုဇဉ် အားလုံးမှာ ရှိတာချည်းဖြစ်သည်။ သို့သော် ကံမှာ ကိလေသာရောလျှင် ပုထုဇဉ်၊ ကံမှာ ကိလေသာမရောတော့လျှင် အရိယာသာလျှင် ဖြစ်ချေ၏။
.............................................
မိကျောင်းမင်း ရေခင်းပြခြင်းပဲ ..... ဟုမမှတ်စေလိုပါ။ အလှပေါ် အယဉ်ဆင့် အမြင့်တင့်စေလို၍ မေတ္တာရှေ့ထား ပြောကြားခြင်းသာ ဖြစ်ပါတယ်။ ပြောသမျှစကားထဲမှာ အမှားဆိုတာပါခဲ့ရင် တွေ့တဲ့နေရာမှာ ဆုံးမပါဦး။
................................
အကျိုးပြုစာပေ များများပေါ်ထွက်လာပါစေ။

ထက်စုနှင်းဆီ said...

ကျေးဇူးအများကြီးတင်ပါတယ် သုခရိပ်ရယ်..
ခုလို နက်နက်နဲနဲ လေးလေးနက်နက် စဉ်းစားပြီး ထောက်ပြတာကို ချီးကျူးဂုဏ်ယူမိပါတယ်....

စာရေးသူကလဲ စာရေးရင် တိုတိုတုတ်တုတ် ရေးလေ့ရှိပြီး ရှည်ရှည်လျားလျား ရှင်းပြတာကို သိပ်အလေးမထားမိလို့ ခုလို နားလည်မှုတွေ လွဲကုန်တာ စိတ်မကောင်းမိပါဘူး..

အမှန်တကယ် ဒီစာကို ရေးမိတာကလဲ မြတ်စွာဘုရားရှင်နဲ့ တကွ ဇာတိတဖန် မဖြစ်တော့တဲ့ အရိယာသူတော်ကောင်းတွေကို ရည်ရွယ်ပြီး ရေးခြင်းမဟုတ်ပါ။

အမှားကို အမှားမှန်းမသိ၊ အမှန်မမြင်နိုင်သေးတဲ့. စာရေးသူအပါအဝင် ပုထုဇဉ်လူသားတွေကို ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။

နောက်ပြီး ကံသုံးပါးပြုလုပ်ရာမှာလဲ အ၀ိဇ္ဇာနှင့် တဏှာက (ပုထုဇဉ်ဖြစ်၍) ပြောစရာမလို အလိုအလျောက်ပါပြီးသား ဖြစ်ပါသောကြောင့် အထူးတလည် မဖော်ပြတော့ခြင်းဖြစ်ပါတယ်လို့ ဖြေရှင်းပါရစေ။

နောင်လိုအပ်တာ ရှိရင်လဲ ထောက်ပြပါ။ ဆင်ခြေပေးဖို့ အဆင်သင့်ပါပဲ။ (အကျင့်ပါနေလို့)

thukha said...

အစ်မတရားစာတွေဖတ်၇တာ သဒ္ဓါတရားအရမ်း
ကောင်းတယ်ဆိုတာ သိသာပါတယ်အစ်မရေ။
တရားရှာ ကိုယ်မှာတွေ့ဆိုသလိုပေါ့ အစ်မ
အကျင့်ပိုင်းလေးများ ပိုပြီး ဖိဖိစီးစီးလုပ်နိုင်မယ်
ဆိုရင် ဒီထက် သာသနာပြုတာပိုထိရောက်မယ်
လို့ အကြံပြုပါစေ။

ထက်စုနှင်းဆီ said...

သုခတွေ များလွန်းလို့ မျက်စိတောင်လည်တယ်.တကယ်..

အခုလို အကြံဥာဏ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်..
နောင်လဲ လိုအပ်ချက်များ ထောက်ပြပါလို့...