အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Monday, November 9, 2009

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၁)

23 Oct 09, 20:26
thandar: ဦးဇင်းဘုရား... လာရောက်ဖတ်ရှုသွားပါတယ်ဘုရား.... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ... ဦးဇင်းဘုရား... တပည့်တော် ကွန်ပျူတာသင်တန်းတက်တုန်းက စာအုပ်နဲ့ အခု အသိတစ်ယောက်ကို စာသင်ပေးနေပါတယ်ဘုရား အဲဒီစာအုပ်ကို သုံးပြီး သင်တဲ့အတွက် သီလပျက်ပါသလားဘုရား... စင်ကြယ်သော ငွေရှာခြင်းရော ဖြစ်ပါသလားဘုရား.... တစ်ဘ၀စာအတွက်နဲ့ အကြွေးမရှိချင်လို့ပါဘုရား..... သိခွင့်ပြုပါဘုရား....

ဦးလောကနာထ: ဒကာမကြီး thandar ရေ... သင်တန်းတက်တုန်းက ရထားတဲ့စာအုပ်က သင်ပေးရုံမျှသာ သူတစ်ပါးကို ပြန်သင်မပေးရလို့ ကန့်သတ်ချက် မပါရှိခဲ့လျှင် သီလပျက်ဖွယ်မရှိပါ... ဒီစာအုပ်နဲ့ ပြန်သင်ပေးနေလို့ သူ့အတွက် ပညာရေး ကုသိုလ်တစ်ခုတောင် ဖြစ်စေပါတယ်... သူတော်ကောင်းဓာတ်ခံ ပြည့်ဝနေသူများဟာ သူတို့အတွက် စာဝတ်နေရေး ပြည့်စုံရင် ပိုတာမှန်သမျှ သတ္တဝါအများအတွက်လို သတ်မှတ်ပြီး ဖြစ်နေတတ်ပါတယ်... ခွင့်ပြုကြပါတယ်... အသိပညာ အတတ်ပညာတွေကို ဖြန့်ဝေပေးနေခြင်းက သံသရာတစ်လျှောက်မှာ အသိဉာဏ်တွေ ကြီးမားစေပါတယ်... သာဓုခေါ်ပါတယ်... မမျှော်လင့် မတောင့်တပေမဲ့လည်း ရရှိနေမှာပါ... ဆက်လက်ပြီးတော့ ဖြန့်ဝေပါ... သတ္တဝါတွေကို ကယ်ဆယ်ဖို့ ပညာရှင် သူတော်ကောင်းတွေ အများကြီး အမြဲလိုအပ်နေပါတယ်... သူတော်ကောင်းဖြစ်ကြဖို့ သာသနာရေးသမားတွေ ကြိုးစားကြရမယ်... ပညာရှင်တွေ တိုးပွါးဖို့ ပညာတတ်တွေ ကြိုးစားကြရမှာ ဖြစ်ပါတယ်... သတ္တဝါတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ကြပါစေ... ကိုယ်ရောစိတ်ပါငြိမ်းချမ်းပါစေ...

21 Oct 09, 18:21
ထက်စုနှင်းဆီ: http://universaltruthplace.blogspot.com/2009/10/blog-post.html အရှင်ဘုရား တပည့်တော် စိတ်မကောင်းပါဘုရား..

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... စိတ်မကောင်းဖြစ်မိပါတယ်... သာသနာအတွက် စောင့်ရှောက်မဲ့သူတစ်ဦး လျှော့သွားတာပေါ့... ခန္ဓာရှိပြီဆိုတော့ ပြိုကွဲတဲ့ဒဏ် ခံကြရပါတယ်... ဒါ့ကြောင့် မြတ်ဗုဒ္ဓက ခန္ဓာကုန်ရာကုန်ကြောင့် ကျင့်စေချင်တာပါ... ဘုန်းကြီးတို့ လက်ကျန်အချိန်လေးမှာ လုပ်သင့်လုပ်ထိုက်တာတွေ မမေ့မလျော့ လုပ်ကြရမှာပါ... များသောအားဖြင့် အချိန်တွေ အများကြီး ကျန်သေးတယ် ထင်နေတတ်ကြပါတယ်... တကယ်တော့ လက်ကျန်အချိန်ဆိုတာ တိုတောင်းလွန်းလှပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

20 Oct 09, 04:52
ထက်စုနှင်းဆီ: ကျေးဇူးတင်ပါတယ်ဘုရား. တပည့်တော် အသိတခု တိုးသွားပါတယ်ဘုရား.. နောက်နောင် စာရေးရင် သံဃာတော်အစား ဘုန်းကြီး(သို့) ရဟန်းလို့ သုံးစွဲရေးသားပါ့မယ်ဘုရား. တပည့်တော် ရတနာသုံးပါးကို စော်ကားလိုစိတ်အလျဉ်း မရှိပါဘုရားးးး အပြစ်ဖြစ်မှာ ကြောက်လှပါတယ်ဘုရား. တပည့်တော် အမှားလုပ်မိရင် ဆုံးမတော်မူပါဘုရား.

ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ထက်စုနှင်းဆီ ရေ... အသိဉာဏ်တွေ တိုးပွားအောင် ရှာဖွေနေတာ သိရလို့ ဝမ်းသာပါတယ်... ဆိုဆုံးလွယ်တဲ့သူဟာ တိုးတက်နိုင်ဆုံးသူပါပဲ... နေရာတကာမှာမေး များများလေ့လာ အသိဉာဏ်တွေနဲ့ ချင့်ချိန်ဆုံးဖြတ်... မြတ်ဗုဒ္ဓအာဘော်နဲ့ အနည်းစပ်ဆုံးရအောင်ယူ... အပြစ်ဖြစ်မှာ ကြောက်တာထက် အပြစ်လုပ်ရမှာကိုကြောက်... ဘာ့ကြောင့်လဲဆို အပြစ်ဖြစ်မှာကြောက်လို့ဆိုပြီး ဘာမှမလုပ်တော့တဲ့သူတွေ ဘေးထွက်နေတဲ့သူတွေ များလာတယ်... ကြာတော့ အဲလိုလူတွေကို ဆုံးမစကားပြောကြည့်တဲ့အခါ အပေါက်မပါတဲ့ အုံးသီးထဲ ရေထည့်နေရသလိုပဲ... ဝင်ပေါက်တွေ ပိတ်နေတယ်... ဘယ်လောက်ပြောပြော ဘာမှကို မဘာတော့ဘူး... ဒီတော့ မသိတာတွေမေး လေ့လာ မှတ်သား ပြင်စရာရှိရင် ပြင်သွားပါ... မကြာမှီ... သူတော်ကောင်းတရားတွေ သစ္စာတရားများစုဝေးရာဖြစ်လာပါလိမ့်မယ်... မိသားစု စိတ်ချမ်းသာကြပါစေ...

19 Oct 09, 17:45
ထက်စုနှင်းဆီ: ဘုန်းဘုန်းရေ တပည့်တော် သိချင်တာတခုက သံဃာတော်တွေ လိမ်ပြောရင် ဘယ်လို အပြစ်ရနိုင်ပါသလဲ.. သူတပါးကို မထိခိုက်ပေမဲ့ မလုပ်တာကို လုပ်တယ် မရှိတာကို ရှိတယ် လိမ်ပြောမယ်ဆိုရင် အပြစ်ရှိပါသလားဘုရား တပည့်တော် မေးမိတာ အပြစ်ရှိရင် ခွင့်လွှတ်ပါဘုရား.. တပည့်တော် သိချင်လို့ပါ..

ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... ဒီလိုမေးတာ အပြစ်မဖြစ်ပါဘူး... မေးတဲ့အတွက် အသိဉာဏ်တိုးပါတယ်... မိမိအသိဉာဏ်တိုးသလို လာရောက်ဖတ်ကြတဲ့သူတွေလည်း အသိဉာဏ်တိုးစေပါတယ်... သံဃာဆိုတာ ဘုန်းကြီးတွေ အများကြီး စုပေါင်းထားတာကို ခေါ်တာလေ... ဒါ့ကြောင့် သံဃာဆိုတာကတော့ မလိမ်ပါဘူး... ဘုန်းကြီး(သို့)ရဟန်း ဒီလိုသုံးမယ်လေ... လိမ်ပြောတဲ့အခါ လူကအပြစ်တစ်ခုဆိုရင် ရဟန်းကအပြစ်နှစ်ခုဖြစ်မယ်... လူကအကုသိုလ်အပြစ်... ရဟန်းကတော့ အကုသိုလ်အပြစ်ရယ် ဘုရားစည်းကမ်း မလိုက်နာတဲ့အပြစ်ရယ်ပေါ့... အကုသိုလ်အပြစ်ရဲ့ အကျိုးပေးက လူနဲ့ရဟန်းအတူတူပါပဲ... ဘုရားစည်းကမ်း မလိုက်နာတဲ့ အပြစ်ကတော့ ပြုတဲ့အပေါ် မူတည်ပြီး အကြီးအသေး ကွာသွားပါလိမ့်မယ်... အပြစ်အကြီးဆုံးကတော့ ရဟန်းမဟုတ်တော့ဘူး(ပါရာဇိက) ဆိုတဲ့ထိ ဖြစ်နိုင်တယ်... အသေးဆုံးကတော့ လူအများကဲ့ရဲ့ဖွယ်ပေါ့လေ... လူဖြစ်စေ ရဟန်းဖြစ်စေပေါ့ မလိမ်မညာ အမှန်အတိုင်း ပြောဆိုခြင်းကတော့ အကောင်းဆုံးပါပဲ... တခါတရံ အမှန်အတိုင်းပြောလို့ အဆင်မပြေတာတွေ ဖြစ်ပေါ်တတ်ပါတယ်... ဒီအခါမျိုးမှာ လိမ်လည်မှုမပါတဲ့ ပရိယာယ်ကို သုံးပါ... ဘယ်တော့မှ မလိမ်မညာသင့်ပါ... မိသားစုစိတ်ချမ်းသာကြပါစေ...

19 Oct 09, 06:48
ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ သံဃာတော်များ ကွန်ပျူတာသုံးစွဲရာတွင် တရားဝင် လိုင်စင်ဖြင့်ဝယ်ထားတာမဟုတ်တဲ့ ဆော့ဖ်ဝဲများ (Pirate Softwares) ကို အသုံးပြုပါက ၀ိနည်းတော်နှင့် ညီ၊ မညီ သိလိုပါတယ်ဘုရား။

ဦးလောကနာထ: ဒကာလေး ဝိမုတ္တိရေ... ဘုန်းကြီးတို့ စည်းရိုးနားတော့ ရောက်လာပြီ... ပိုင်ရှင်က ရောင်းစားတဲ့ ဆော့ဖ်ဝဲများကို တရားမဝင် အသုံးပြုရင် ဘုရားဝိနည်းတော်အရ အပြစ်ရှိပါတယ်... အပြစ် အကြီး အသေးကတော့ အခြေအနေအားလုံးအပေါ်မှာ မူတည်ပါလိမ့်မယ်... လေးနက် သိမ်မွေ့မှုတော့ အများကြီး ရှိပါတယ်... ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

ဒုတိယပါရာဇိက ခိုးမှုကို ဆုံးဖြတ်နိုင်ဖို့ အချက် ၅-ချက်ကို ထည့်သွင်းစဉ်းစားဖို့ ပြထားပါတယ်...

၁... ပိုင်ရှင်၏ သဘောထား...

၂... ခိုးယူသည့် အချိန်ကာလ...

၃... ခိုးယူရာ အရပ်ဒေသ...

၎... ခိုရာပါပစ္စည်း တန်ဖိုး...

၅... ခိုရာပါပစ္စည်း သုံးစွဲမှုတို့ ဖြစ်ပါတယ်...

အကျယ်ကိုတော့ ဒုတိယပါရာဇိကအခန်းမှာ အတော်စုံပါတယ်... ဆက်လက်လေ့လာပါ... စိတ်ချမ်းသာပါစေ...

17 Oct 09, 02:03
thandarsoe: ဦးဇင်းဘုရား....ငါးပါးသီလကို လုံးဝအပြစ်ကင်းစင် လုံခြုံအောင် ဘယ်လိုထိန်းရမလဲဆိုတာ သိခွင့်ပြုပါ ဘုရား.. စိတ်ချမ်းသာပါစေ....ကိုယ်ကျန်းမာပါစေ...

ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... ငါးပါးသီလကို လုံးဝ အပြစ်ကင်းစင် လုံခြုံအောင် ပြုချင်တယ်ဆိုရင် သောတာပန် လုပ်လိုက်ကြရအောင်... ဒီထိသွားမှ လုံးဝဆိုတာကြီး ဖြစ်မှာ... သွားရမဲ့လမ်းက ဝိပဿနာလမ်းပေါ့... ဒါတွေကတော့ သိသင့်သလောက် သိပြီးသား... မရောက်သေးခင် လမ်းခရီးပေါ်မှာ အနေအထား မေးတာနေမှာပါ... ဒီတော့... တွေ့သလောက် လေ့လာလို့ ရသလာက်လေးပေါ့ ရေးပေးလိုက်ပါတယ်... ဆက်ပြီးတော့လည်း လေ့လာပါ... စိတ်ချမ်းသာပါစေ...

သိက္ခာရှိလို သီလကို...

စောင့်ရှောက်ကြစေလို...

သူ့အပေါ်မှာ ချစ်ကြင်နာ...

ကိုယ်ချင်းစာကာ ဆက်ဆံပါ...

သီလမစင် တွေ့လာလျှင်...

ရွံရှာစက်ဆုပ် များများလုပ်...

မိမိသိက္ခာ လေးစားပါ...

ရှက်ကြောက်တရား များများထား...

သီလပျက်လာ ဝန်ခံပါ...

ကိုယ်အမူအရာ ဆင်ခြင်ပါ...

နှုတ်မှုရေးရာ ပြေပြစ်စွာ...

စိတ်ထဲကတော့ ပြစ်မှားမယ်...

သီလကတော့ မပျက်တယ်...

ဒါပေမဲ့လည်း မတင့်တယ်...

စိတ်ကိုဖြူအောင် ထားသင့်တယ်...

နောက်ဆုံးချုပ်မယ် သတိကွယ်...

သမ္မာသတိတော့ ဖြစ်ရမယ်...

14 Oct 09, 21:48
ခွန်နောင်: ဓမ္မစေတီ ဦးကောသလ္လက ဟောတဲ့တရားတွေ အကုန်မှားတာ မဟုတ်ဘူးဆိုရင် ဘာတစ်ခုမှကို မမှန်တာလို့ ပြောရလိမ့်မယ် ဘုရား။ သင်္ကန်းကြီးခြုံပြီး အညှီအဟောက်တွေ ဟောနေတာ ရွံဖို့တောင် ကောင်းတယ်။ ကာမတဏှာ ဒီလောက် ဟုန်းဟုန်းထ နေလဲ လူထွက်ပေါ့။ သင်္ကန်းဝတ်နဲ့ ညစ်တီးညစ်ပတ်တွေဟော မိန်းကလေးတွေပါ စင်ပေါ်ကနေ ရိသဲ့သဲ့ပြောနဲ့ ဘုန်းကြီးဖြစ်ပြီး တဏှာတရား ဒီလောက်ဟောချင်တာ ဘယ်လိုသွား ဦးချနိုင်မလဲဘုရား။ ဇိမ်ခေါင်းဦးချရတာနဲ့ တန်းတူနေမှာ။

ဦးလောကနာထ: ဒကာလေးခွန်နောင် အတွေးကောင်း... ဘုရားအစစ်ကိုမြင် တရားအစစ်ကိုမြင် သံဃာအစစ်ကို မြင်နိုင်ကြရင် တို့သာသနာကြီး အဓွန့်ရှည်ဦးမှာပေါ့... ဒကာဒကာမအပေါင်း ဉာဏ်တွေရင့်လို့ အမှန်ကို တွေ့မြင်နိုင်ကြပါစေ...

(အရှင်လောကနာထ-၂ မှ ကူးယူဖော်ပြပါသည်။)

.

2 comments:

winmyint said...

ဆောင်ရန် ရှောင်ရန် နှစ်ချက်ကို သိခွင့်ရလို့ ပိုစ့်ဖော်ပြမှု ကျေးဇူးများပါတယ် မထက်စု။

ဆရာတော်ဦးလောကနာထ၏ ဖြေဆိုပုံ ကောင်းမှုကိုလည်း သာဓု သာဓု သာဓု ခေါ်ပါတယ်ဘုရား...
ကျန်းမာ အေးမြပါစေ...

Chimmy said...

အရှင်ဘုရား တပည့်တော်ရဲ့ဗုဒ္ဓစာပေများဖြန့်ဝေပေးနေတဲ့page မှာလာမေးထားတဲ့မေးခွန်းလေးပါဘုရား
admin ကြီးခင်ဗျားကျွန်တော်သိတာကရဟန်းတော်တပါးကသူးတပါးအသက်ကိုသတ်မိန်းမယူကိုယ်ကျိုးအတွက်စီးပွားရှာတဲရဟန်းကိုရဟန်းလိုမခေါ်ထိုက်ဘူးလို့သိထားပါတယ်မှန်ပါသလားခင်ဗျားမှန်လျှင်အဲဒီသုံးမျိုးစလုံးပြုလုပ်မှလားတမျိုးထဲပြုလုပ်ရင်လည်းအကျိုးသက်ရောက်မှုရှိပါသလားနောက်တခုကရဟန်းတော်တပါးကအရက်သောက်လိမ်လည်ပြောဆိုလျှင်လည်းရဟန်းလို့ခေါ်သင့်ပါသလားဖြေကြားပေးပါဦးpost တင်ပြီးသားရှိလျှင်လည်းရှာဖတ်ပါမယ်တင်ရသေးလျှင်တော့အများသူငှာသိစေရန်တင်ပေးစေလိုပါတယ် ။

အထက်ပါမေးခွန်းကို စာပေအထောက်အထာနဲ့တကွသိလိုပါတယ်ဘုရား။
အရှင်ဘုရား blogမှာ အမေးအဖြေများကိုနှစ်သက်အားရလှပါတယ်ဘုရား။
တပည့်တော်ကို အလျဉ်းသင့်သလိုမျှဝေခွင့်ပြုပါဘုရား။