မြတ်စွာဘုရားရှင်သည် လောကီလူသားများအား သံသရာမှ လွတ်မြောက်စေခြင်း အလို့ငှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ကျင့်လျက် ဘုရားအဖြစ်သို့ ကျင့်ကြံအားထုတ်တော်မူခဲ့ပါသည်။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ ဘဝတွင် ရဟန္တာအဖြစ် ရယူနိုင်သော်လည်း၊ သတ္တဝါအပေါင်းအား ကယ်ချွတ်လိုသော စိတ်စေတနာဖြင့် ဘုရားဆုပန်ခဲ့ပါသည်။ ဤသို့ မြင့်မြတ်လှသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအပေါင်းအား ရည်မှန်းလျက် ကိုးကွယ်ရာရတနာအဖြစ် လူသားအပေါင်းက ပူဇော်ကန်တော့လျက် ရှိကြပါသည်။ မြတ်စွာဘုရား၏ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တည်းဟူသော သာသနာသုံးရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်လာသူများမှာ ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်းပင်ဖြစ်လေသည်။
မြတ်စွာဘုရား၏ သားတပည့် သံဃာတော်စစ်မှန်သူဆိုပါက ပရိယတ္တိသာသနာ တခုတည်းကို ပြုလုပ်ခြင်းသည် မမှန်ကန်သကဲ့သို့၊ ပဋိပတ္တိသာသနာတခုတည်းကိုသာ အားသန်ခြင်းသည်လည်း ကောင်းသောလက္ခဏာ တရပ်မဟုတ်ပေ။ ပရိယတ္တိကို နှံ့စပ်ကျွမ်းကျင်ခြင်းနှင့်အတူ ပဋိပတ္တိအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နိုင်မှသာ ပဋိဝေဓတည်းဟူသော ပန်းတိုင်ကို ဆိုက်ရောက်နိုင်ပေလိမ့်မည်။ သို့မှသာ သာသနာသုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော မြတ်စွာဘုရား၏ သားတပည့် အစစ်အမှန်အဖြစ် သတ်မှတ်နိုင်ပေသည်။
ပုထုဇဉ်လူသား၏စိတ်သည် မျောက်စိတ်နှင့် တူ၏……
လူသည် မျောက်မှ ဆင်းသက်လာသည်ဟူသော ဒါဝင်၏ သီအိုရီကို လက်မခံနိုင်သော်လည်း၊ ပုထုဇဉ် လူသား၏ စိတ်သည် မျောက်စိတ်နှင့် ဆင်ဆင်တူခြင်းကိုတော့ ဝန်ခံရပေမည်။ စိတ်သည် လက်တဖျစ်အတွင်း ကုဋေနှင့်ချီပြီး ဖြစ်ပျက် ပြောင်းလဲလေ့ရှိပါသည်။ ထို့ကြောင့် ပုထုဇဉ်လူသားမှန်လျှင် ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ အသွင်အပြင် အဆောင်အယောင်သာ ကွာခြားပါသည်။ စိတ်ဓာတ်အပြောင်းအလဲမြန်တတ်ခြင်းသည် အတူတူပင်ဖြစ်ပါသည်။ စိတ်ဟူသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နှစ်သက်မှုရှိပါက ထပ်ခါတလဲလဲ လုပ်ချင်သော သဘောသဘာဝ ရှိတတ်ပေသည်။ ထို့ကြောင့် ကောင်းသောအာရုံတွင် အမြဲတမ်းကျက်စားသူသည် ကောင်းသောအလုပ်ကိုသာ လုပ်ချင်တတ်ပြီး၊ မကောင်းသောအာရုံတွင် အစဉ်ကျက်စားသူသည်လည်း မကောင်းသောအလုပ်ကိုသာ ပျော်မွေ့လေ့ရှိပါသည်။ ထို့ကြောင့် အသိတရားနှင့် သတိကပ်ပြီး မိမိ၏စိတ်ကို အစဉ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင် ကောင်းမှုနှင့် မကောင်းမှု၊ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိရှိ ရှောင်ကျဉ် နိုင်ပေမည်။
ပရိယတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက……
မြတ်စွာဘုရား၏ တရားဒေသနာ ပါဠိ ပိဋကတ်သုံးပုံကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပိဋကတ်စာပေများ အာဂုံဆောင် သင်အံခြင်း၊ စာသင်တိုက်ကြီးများ တည်ထောင်ခြင်းသည် သာသနာထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သော်လည်း ပြီးပြည့်စုံခြင်း မရှိပေ။ ပဋိပတ္တိအကျင့်မြတ်ကို မကျင့်ကြံပဲ စာပေသင်ကြားခြင်းကိုသာ ပြုမည် ဆိုပါက၊ ရဟန်းအဆောင်အယောင်များ ခြုံလွှမ်းထားသော်လည်း ပုထုဇဉ်လူသားများအဖြစ် အပြစ်များ ကျူးလွန်တတ်ကြပါသည်။ ဝိနည်း စည်းကမ်းများ မည်မျှပင် ချမှတ်ထားသော်ငြားလည်း၊ သတိမမြဲပါက အသိတရားလက်လွတ်တတ်ကြပါသည်။ လူဖြစ်ရသောဘဝတွင် ရဟန်းအဖြစ်မှာ ရခဲပြီး မြင့်မြတ်လှပါသည်။ ထိုမြင့်မြတ်လှသောဘဝတွင် ရဟန်းဝိနည်းစည်းကမ်းများအား တသွေမတိမ်း လိုက်နာသင့်လှပါသည်။ အသေးအဖွဲအပြစ်ပင် ဖြစ်သော်ငြားလည်း၊ တခါတရံကျူးလွန်ခြင်းကို အာပတ်ဖြေခြင်းဖြင့် ခွင့်လွှတ်နိုင်သော်လည်း၊ ထပ်ခါထပ်ခါ ကျူးလွန် အာပတ်ဖြေခြင်းကိုတော့ နားလည်ခွင့်လွှတ်မှု မပေးသင့်တော့ပေ။ မကောင်းမှုဟူသည် ပြုလုပ်ဖန်များလာပါက၊ ထပ်မံကျူးလွန်ရန် ဝန်မလေးသကဲ့သို့၊ ယင်းထက် ကြီးမားသော အပြစ်ကို ကျူးလွန်နိုင်စေခြင်း၏ အစပျိုးလက္ခဏာလည်း ဖြစ်လာနိုင်ပါသည်။ နည်းနည်းချင်း ကျူးလွန်မှုမှ၊ များများ ကျူးလွန်လာနိုင်သကဲ့သို့၊ နည်းနည်းချင်း ထိန်းသိမ်းနိုင်မှလည်း များများထိန်းသိမ်းလာနိုင်ပါသည်။ မြတ်စွာဘုရားသည် တပည့်သား သံဃာတော်များအား အမှုနည်းနိုင်သမျှ နည်းနိုင်စေရန်၊ ကိလေသာမတိုးပွား လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ဝိနည်းစည်းကမ်းများ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဘောလုံးပွဲကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက် အွန်လိုင်းတက်ပြီး မလိုလားအပ်သော စကားများ ပြောဆိုခြင်းများသည်၊ ရဟန်းသံဃာတော်များအတွက် ကိလေသာတိုးပွားစေနိုင်ခြင်းကို သာ ဖြစ်စေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ တရားဓမ္မများနားထောင်ခြင်း၊ တပည့် ဒကာ၊ ဒကာမများအား ဆုံးမစကားပြောဆို ရေးသားခြင်း၊ တရားဟော တရားကျင့်ခြင်းများသည်သာလျှင် ရဟန်းသံဃာတော်များအတွက် ပိုမို သင့်လျော်ပါသည်။
ပဋိပတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက…..
ပရိယတ္တိစာပေ မလေ့လာဘဲ ပဋိပတ္တိသာသနာတခုတည်းသာ အားသန်မည်ဆိုပါကလည်း မြတ်စွာဘုရား ဟောကြားခဲ့သော တရားစစ်တရားမှန်များနှင့် ဗုဒ္ဓကိုယ်တွေ့ ကို မသိရှိ မနားလည်နိုင်တော့ဘဲ၊ ဆရာတွေ့နှင့် မိမိကိုယ်တွေ့ကိုသာ အမှန်ထင်ပြီး လမ်းလွဲ လမ်းမှားသို့ ရောက်ရှိနိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ ကျော်မှ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားဟောစာပေ ပိဋကတ်တော်များကို ခြောက်ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ စစ်ဆေးခဲ့သောကြောင့် ပါဠိ ပိဋကတ်တော်များကို မှားယွင်းမှုရှိပါသည်ဟု သံသယဝင်ခြင်းသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါးအပေါ် ပြစ်မှားသည့်သဘော မယုံကြည်သည့်သဘော သက်ရောက်နေပါသည်။ သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ပရိယတ္တိစာပေ မသင်ကြားပါက ပြီးပြည့်စုံသော သာသနာအဖြစ် သတ်မှတ်၍ မဖြစ်နိုင်သကဲ့သို့၊ ပဋိပတ္တိအကျင့်မြတ် မကျင့်ပါကလည်း ဆားမပါသောဟင်းကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ပရိယတ္တိသာသနာနှင့် ပဋိပတ္တိသာသနာ နှစ်မျိုးစလုံးကို ကျွမ်းကျင်နှံ့စပ်စွာ ဟန်ချက်ညီညီပြုနိုင်မှသာလျှင် မြတ်စွာဘုရားရှင်အလိုတော်ကျ ပဋိဝေဓ ပန်းတိုင်သို့ ဆိုက်ရောက်နိုင်သော၊ သာသနာသုံးရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော သံဃာတော်တပါးဖြစ်နိုင်ပါလိမ့်မည်။
ကိလေသာကုန်ခမ်းစေရန် ကျင့်ကြံနေသူရဟန်းများအား သံဃာတော်ဟု သတ်မှတ်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုများ အချိန်ပြည့်ပြုလုပ်ပြီး ဘုန်းကြီးနေသူ ရဟန်းတော်များကို ဘုန်းကြီးဟု ခေါ်ဆိုနိုင်ကြပါသည်။ သို့တည်းမဟုတ် သင်္ကန်းအဆောင်အယောင်သာရှိပြီး၊ လူ့အကျင့် လူ့အပြုအမူ ပြုနေသူများကို ရိုးရိုးရဟန်းအဖြစ်သာ သတ်မှတ်နိုင်ပါသည်။
ကိလေသာကုန်ခမ်းစေရန် ကျင့်ကြံနေသူရဟန်းများအား သံဃာတော်ဟု သတ်မှတ်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုများ အချိန်ပြည့်ပြုလုပ်ပြီး ဘုန်းကြီးနေသူ ရဟန်းတော်များကို ဘုန်းကြီးဟု ခေါ်ဆိုနိုင်ကြပါသည်။ သို့တည်းမဟုတ် သင်္ကန်းအဆောင်အယောင်သာရှိပြီး၊ လူ့အကျင့် လူ့အပြုအမူ ပြုနေသူများကို ရိုးရိုးရဟန်းအဖြစ်သာ သတ်မှတ်နိုင်ပါသည်။
ရဟန်းနှင့်လူ အတူတူဆိုလျှင်…. လူတွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းရှိသကဲ့သို့၊ ရဟန်းတော်များတွင်လည်း ရဟန်းဝိနည်း၊ ရဟန်းစည်းကမ်းဟူ၍ ရှိပါသည်။ လူနှင့်မတူ မြင့်မြတ်သောအကျင့်သိက္ခာနှင့် ဝိနည်းပေါင်း ၂၂၇သွယ်ကို စောင့်ထိန်းနိုင်သောကြောင့် လူအများ၏ အရိုအသေပေးခြင်း၊ ကြည်ညိုခြင်း၊ ရှိခိုးပူဇော်ခြင်းကို ခံယူထိုက်သူများ ဖြစ်နေကြပါသည်။ ထိုသို့မဟုတ်ဘဲ လူ့အကျင့် လူ့အပြုအမူအတိုင်း ကျင့်သုံးနေမည်ဆိုပါက လူလူချင်း အရိုအသေပေးစရာအကြောင်း မရှိတော့ပေ။ လူအများ၏ စားဦးစားဖျား၊ အမွန်အမြတ်ထားဖွယ်ရာ ပစ္စည်းလေးပါးကို အလှူခံထိုက်သူများ ပီသအောင် ကျင့်ကြံအားထုတ် နေထိုင်နိုင်မှသာ သံသရာအကြွေးရှင်းနိုင်သူ၊ သံသရာစာရင်း ပြတ်နိုင်သူအဖြစ် နတ်၊လူ သာဓု ခေါ်ဆိုနိုင်ပါမည်။
အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။မိမိ၏အမှားကို အမှန်အတိုင်းဝန်ခံပြီး၊ နောက်ထပ်မမှားအောင် အမှန်သို့ပြုပြင်ခြင်း၊ ယခင်အမှားမျိုးထပ်မံ မကျူးလွန်အောင် ရှောင်ကျဉ်နိုင်ခြင်းသည် သူတော်ကောင်းတဦး၏ အပြုအမူများဖြစ်ပါသည်။ မှားခြင်းကို မှားမှန်းသိပါလျက် ဆင်ခြင်အမျိုးမျိုးနှင့် မမှားလေသယောင်ယောင်၊ အပြစ်မကျူးလွန်သယောင်ယောင်၊ မျက်နှာပြောင်တိုက်ပြီး ဆက်လက်မှားနေဦးမည်ဆိုပါက မည်သူမပြု မိမိမှုဆိုသကဲ့၊ မိမိပြုသမျှကံတရား၏ ကောင်းခြင်း ဆိုးခြင်းကို မိမိသာလျှင် ပြန်လည်ခံစားရမည် ဖြစ်ပါသည်။ ။
.
.