အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Thursday, June 11, 2009

သာသနာပြုသည်ဆိုရာဝယ်…….

သာသနာဆိုသည်မှာ……..

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သာသနာပြုဆိုတဲ့ စကားလုံးကို လွယ်လွယ်ကူကူနဲ့ ဖောဖောသီသီ သုံးစွဲနေကြပါတယ်။ သာသနာပြုနေတယ်၊ သာသနာပြုမလို့၊ သာသနာပြုရဦးမယ် စသည် စသည်ဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်များစွာဖြင့် ပြောဆိုအသုံးပြုကြပါတယ်။

တကယ်တမ်းမှာတော့ သာသနာပြုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်မှန် ရည်ရွယ်ရင်းအမှန်ကို မသိနားမလည်ကြပါဘူး။ သာသနာပြုဆိုသည်မှာ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူပြု၊ ရဟန်းခံ၊ ရဟန်းအမလုပ်ခြင်း၊ ဘုရားထီးတော်တင်၊ ဘုရားဋ္ဌာပနာတည်ပြီး ရှေးဟောင်းဘုရားများ တူးဖော်ခြင်းကို သာသနာပြုခြင်းရယ်လို့ ယုံမှတ်နေကြပြီး၊ တစိုက်မတ်မတ် လုပ်ဆောင်နေကြပါတယ်။

သာသနာဆိုသည်မှာ အဆုံးအမပင်ဖြစ်တယ်။ တနည်းအားဖြင့် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းသည် သာသနာပြုခြင်းပင်ဖြစ်တယ်။ အမှန်စင်စစ် သာသနာပြုသည်ဆိုခြင်းမှာ မိမိကိုယ်ကိုကောင်းအောင် ပြုပြင် နေထိုင်ခြင်း၊ မကောင်းမှုရှောင်-ကောင်းမှုဆောင်-စိတ်ကိုဖြူအောင်ထားခြင်းပင် ဖြစ်ပါတယ်။ မိမိကိုယ်ကို သာသနာပြုခြင်း ပြည့်စုံလုံလောက်ပြီ၊ အားရကျေနပ်ပြီ ဆိုမှသာလျှင် တပါးသူကို သာသနာပြုချင်လာအောင် ဆွဲဆောင်စည်းရုံးပညာပေးရမှာ ဖြစ်ပါတယ်။

ကုသိုလ်၊ အကုသိုလ် ဆိုသည်မှာ…….

လူတော်တော်များများသည် ကုသိုလ်နဲ့ အကုသိုလ်ကို ယခုအချိန်ထိ ကွဲကွဲပြားပြားမသိကြသေးပါဘူး။ ကုသိုလ်ဆိုသည်ကို အလှုလုပ်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ဘုရားတည်ခြင်း၊ စသည်စသည်ဖြင့် အယူစွဲမြဲ နေကြပါတယ်။ တကယ်တမ်းမှာ ကုသိုလ်ဆိုသည်မှာ အစွဲအလန်းကင်းပြီး၊ မကောင်းမှုမှန်သမျှ ပြုလုပ်ဖို့ မဝံ့ရဲသော၊ မည်သူကိုမျှ စိတ်နဲ့တောင် မပစ်မှား မကြံစည်ချင်လောက်အောင်၊ စိတ်စင်ကြယ်ခြင်းတမျိုးပင် ဖြစ်တယ်။ တခါတရံ စိတ်နဲ့ ပစ်မှားကြံစည်မှုရှိခဲ့ရင်တောင် သတိတရား အသိပညာနဲ့ ဆင်ခြင်ပြီး မိမိစိတ်ကို ပြုပြင်ယူပြီး နေတတ်ခြင်းကို ကုသိုလ်နဲ့ နေတတ်သူရယ်လို့ သတ်မှတ်လို့ရပါတယ်။ ဤကဲ့သို့ မနောကံကို စင်ကြယ်အောင် ထိန်းသိမ်းနိုင်ပြီဆိုပါက၊ ဝဇီကံနဲ့ ကာယကံလွန်ကျူးခြင်းကို အလိုအလျောက်ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။ ကံသုံးပါး လုံခြုံပြီဆိုပါက အချိန်တိုင်း အချိန်တိုင်းသည် ကုသိုလ်စိတ်နဲ့သာ ဖြစ်နေပါတော့တယ်။ ကုသိုလ်စိတ်နဲ့ ပြုလုပ်သော အလှူမှန်သမျှ ဘုရားတည်၊ ကျောင်းဆောက်၊ တရားစာပေများ လိုက်စား လိုက်နာခြင်းမှန်သမျှသည်သာ စစ်မှန်သော ကုသိုလ်တရားများ ဖြစ်ပေသည်။

အကုသိုလ်ဆိုသည်မှာ စိတ်စွဲလန်းခြင်းကြီးမားစွာဖြင့် ပြုလုပ်သော အရေးကိစ္စမှန်သမျှကို ခေါ်ပါတယ်။ ငါ့ပစ္စည်း ငါ့ဥစ္စာ ငါ့အလှူဆိုပြီး၊ မပြတ်တောက်သော အစွဲအလန်းနဲ့ လှူသော အလှူများကို ကုသိုလ်ပြုလုပ်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။ အကုသိုလ်နဲ့ လှူနေသော အလှူဟုပင် သတ်မှတ်လို့ရပါတယ်။ ကုသိုလ်ဆိုသည်မှာ လှူဒါန်းခြင်း စွန့်လွှတ်ခြင်းတမျိုးပင် ဖြစ်သော်လည်း၊ တချို့သောလူများသည် လှူသည်ဟု ကြော်ညာမောင်းခတ်နေသော်လည်း၊ လှူဒါန်းခြင်းဖြင့် ရရှိလာမည့်အကျိုးအမြတ်များကို မျှော်ကိုး တွက်ချက်နေတတ်ပါတယ်။ မိမိလှူဒါန်းခြင်းကြောင့် အလှူခံပုဂ္ဂိုလ် ရရှိမည့် အဆင်ပြေမှု၊ ပျော်ရွှင်မှုများကို ဝမ်းသာကြည်နူးရမည့်အစား၊ မိမိပြန်လည်ရရှိမည့် အကျိုးအမြတ်များကို လက်ရှိဘဝအတွက်သာမက၊ နောင်လာမည့် ဘဝများအတွက်ပါ ကြိုတင်မျှော်ကိုး တွက်ချက်တတ်ကြပါတယ်။ ဤကဲ့သို့ စိတ်မထားတတ်ခြင်းကြောင့်ပင် ညောင်ပင်လောက် လှူဒါန်းနေကြသော်လည်း ညောင်စေ့လောက် အကျိုး မဖြစ်ထွန်းကြခြင်းပင် ဖြစ်ပါတယ်။

အမှန်စင်စစ် ကုသိုလ်၊ အကုသိုလ်ဆိုသည်မှာ အလှူလုပ်ခြင်း-မလုပ်ခြင်း၊ အလှူခံပစ္စည်းရှိခြင်း-မရှိခြင်း၊ ဘုရားကျောင်းကန်သွားခြင်း-မသွားခြင်း၊ တရားဓမ္မများ လိုက်နာခြင်း-မလိုက်နာခြင်း အပေါ် မမူတည်ပဲ မိမိ၏ စိတ်စင်ကြယ်မှု-မစင်ကြယ်မှု ၊ စိတ်ပြတ်တောက်မှု-မပြတ်တောက်မှု၊ စိတ်ထားတတ်မှု-မထားတတ်မှု အပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းသာ သာသနာပြုနိုင်မည်ဆိုပါက…………

မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာကို လူတိုင်း မိမိတို့အသိစိတ်ဓာတ်ဖြင့် လိုက်နာကျင့်သုံးပြီး မိမိတို့ကိုယ်ကို မိမိတို့ သာသနာပြုနိုင်မည်ဆိုပါက မည်သည့်ဥပဒေ စည်းကမ်းမျှ ချမှတ်စရာမလိုလောက်အောင် ကို ငြိမ်းချမ်းရေးရပြီး မည်သည့်လူဆိုး သူခိုးမျှ ကြာရှည် မင်းမူနိုင်မည် မဟုတ်ပဲ အလိုအလျှောက် ကျဆုံးခန်းသို့ အလျင်အမြန်ရောက်ရှိမည်မှာ သေချာလှပေသည်။ ။

No comments: