အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Monday, December 13, 2010

လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ်ခံစားဖို့မဟုတ်၊ ကုသိုလ်ပြုဖို့အတွက်သာဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း ဟူသော အချက်လေးချက်ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင်ရှိ၏။ ဤလေးချက်သာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာဖြစ်၏။

လူသားသည် ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ်(ပရဟိတ အလုပ်)ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံသာ ကုသိုလ်လုပ်၍ရသလော။ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု မေးခဲ့ငြားအံ့။ ”မရနိုင်” ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင် ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့်မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။

လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပေ။ လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။ ဥပမာအားဖြင့် နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တွင် အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။

ထို့ကြောင့် ဘုရားအလောင်းများသည် နတ်ပြည်သို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို သေအောင်ပြု၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊သီလစသော ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည် လူ့ဘဝက ရှာဖွေလာသော ကုသိုလ်များကို သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။

(((((လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသောပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။)))))

(အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ) ရေးသားသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ ကောက်နှုတ်ချက်)

Monday, October 4, 2010

အသိ+သတိ

အသိပညာ များသော်ငြားလည်း
မိုက်မဲကောက်ကျစ် အမှောင်ထုဝယ်
လောဘ ဒေါသ သံသရာတွင်း
ဝဲစုပ်လည်လည် ငါမာနနှင့်
မမြင်မောဟ မရှိလိမ္မာ...
သိလေဟန်နှင့် ဟန်ဆောင်လောက
လွန်ကြွယ်ဝ၏ ထိုထိုဘဝ
ပေါများလှ။

မကောင်းမှုရှောင် ကောင်းမှုဆောင်ဟု
တွင်တွင်ပြောကြား လျှာနှုတ်ဖျားဝယ်
လက်တွေ့ဘဝ မကျင့်သုံးကြ
ပါးစပ်တရား လက်ကားရားနှင့်
မရှိသတိ မသိသာသနာ
တတ်လေဟန်နှင့် အတုအယောင်
ပေါကြွယ်ဝ၏ ထိုထိုအတန်းအစား
လွန်များလှ။

အသိသာရှိ သတိမရှိ
ကောက်ကျစ်စိတ်ထားညံ့...
သတိသာရှိ အသိမရှိ
လူလိမ်ခံရတတ်...
အသိနှင့်သတိ တန်းတူမျှ
သာသနာကောင်းကျိုးရ။ ။
.

Saturday, August 14, 2010

အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။

မြတ်စွာဘုရားရှင်သည် လောကီလူသားများအား သံသရာမှ လွတ်မြောက်စေခြင်း အလို့ငှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ကျင့်လျက် ဘုရားအဖြစ်သို့ ကျင့်ကြံအားထုတ်တော်မူခဲ့ပါသည်။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ ဘဝတွင် ရဟန္တာအဖြစ် ရယူနိုင်သော်လည်း၊ သတ္တဝါအပေါင်းအား ကယ်ချွတ်လိုသော စိတ်စေတနာဖြင့် ဘုရားဆုပန်ခဲ့ပါသည်။ ဤသို့ မြင့်မြတ်လှသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအပေါင်းအား ရည်မှန်းလျက် ကိုးကွယ်ရာရတနာအဖြစ် လူသားအပေါင်းက ပူဇော်ကန်တော့လျက် ရှိကြပါသည်။ မြတ်စွာဘုရား၏ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တည်းဟူသော သာသနာသုံးရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်လာသူများမှာ ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်းပင်ဖြစ်လေသည်။

မြတ်စွာဘုရား၏ သားတပည့် သံဃာတော်စစ်မှန်သူဆိုပါက ပရိယတ္တိသာသနာ တခုတည်းကို ပြုလုပ်ခြင်းသည် မမှန်ကန်သကဲ့သို့၊ ပဋိပတ္တိသာသနာတခုတည်းကိုသာ အားသန်ခြင်းသည်လည်း ကောင်းသောလက္ခဏာ တရပ်မဟုတ်ပေ။ ပရိယတ္တိကို နှံ့စပ်ကျွမ်းကျင်ခြင်းနှင့်အတူ ပဋိပတ္တိအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နိုင်မှသာ ပဋိဝေဓတည်းဟူသော ပန်းတိုင်ကို ဆိုက်ရောက်နိုင်ပေလိမ့်မည်။ သို့မှသာ သာသနာသုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော မြတ်စွာဘုရား၏ သားတပည့် အစစ်အမှန်အဖြစ် သတ်မှတ်နိုင်ပေသည်။

ပုထုဇဉ်လူသား၏စိတ်သည် မျောက်စိတ်နှင့် တူ၏……

လူသည် မျောက်မှ ဆင်းသက်လာသည်ဟူသော ဒါဝင်၏ သီအိုရီကို လက်မခံနိုင်သော်လည်း၊ ပုထုဇဉ် လူသား၏ စိတ်သည် မျောက်စိတ်နှင့် ဆင်ဆင်တူခြင်းကိုတော့ ဝန်ခံရပေမည်။ စိတ်သည် လက်တဖျစ်အတွင်း ကုဋေနှင့်ချီပြီး ဖြစ်ပျက် ပြောင်းလဲလေ့ရှိပါသည်။ ထို့ကြောင့် ပုထုဇဉ်လူသားမှန်လျှင် ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ အသွင်အပြင် အဆောင်အယောင်သာ ကွာခြားပါသည်။ စိတ်ဓာတ်အပြောင်းအလဲမြန်တတ်ခြင်းသည် အတူတူပင်ဖြစ်ပါသည်။ စိတ်ဟူသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နှစ်သက်မှုရှိပါက ထပ်ခါတလဲလဲ လုပ်ချင်သော သဘောသဘာဝ ရှိတတ်ပေသည်။ ထို့ကြောင့် ကောင်းသောအာရုံတွင် အမြဲတမ်းကျက်စားသူသည် ကောင်းသောအလုပ်ကိုသာ လုပ်ချင်တတ်ပြီး၊ မကောင်းသောအာရုံတွင် အစဉ်ကျက်စားသူသည်လည်း မကောင်းသောအလုပ်ကိုသာ ပျော်မွေ့လေ့ရှိပါသည်။ ထို့ကြောင့် အသိတရားနှင့် သတိကပ်ပြီး မိမိ၏စိတ်ကို အစဉ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင် ကောင်းမှုနှင့် မကောင်းမှု၊ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိရှိ ရှောင်ကျဉ် နိုင်ပေမည်။

ပရိယတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက……

မြတ်စွာဘုရား၏ တရားဒေသနာ ပါဠိ ပိဋကတ်သုံးပုံကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပိဋကတ်စာပေများ အာဂုံဆောင် သင်အံခြင်း၊ စာသင်တိုက်ကြီးများ တည်ထောင်ခြင်းသည် သာသနာထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သော်လည်း ပြီးပြည့်စုံခြင်း မရှိပေ။ ပဋိပတ္တိအကျင့်မြတ်ကို မကျင့်ကြံပဲ စာပေသင်ကြားခြင်းကိုသာ ပြုမည် ဆိုပါက၊ ရဟန်းအဆောင်အယောင်များ ခြုံလွှမ်းထားသော်လည်း ပုထုဇဉ်လူသားများအဖြစ် အပြစ်များ ကျူးလွန်တတ်ကြပါသည်။ ဝိနည်း စည်းကမ်းများ မည်မျှပင် ချမှတ်ထားသော်ငြားလည်း၊ သတိမမြဲပါက အသိတရားလက်လွတ်တတ်ကြပါသည်။ လူဖြစ်ရသောဘဝတွင် ရဟန်းအဖြစ်မှာ ရခဲပြီး မြင့်မြတ်လှပါသည်။ ထိုမြင့်မြတ်လှသောဘဝတွင် ရဟန်းဝိနည်းစည်းကမ်းများအား တသွေမတိမ်း လိုက်နာသင့်လှပါသည်။ အသေးအဖွဲအပြစ်ပင် ဖြစ်သော်ငြားလည်း၊ တခါတရံကျူးလွန်ခြင်းကို အာပတ်ဖြေခြင်းဖြင့် ခွင့်လွှတ်နိုင်သော်လည်း၊ ထပ်ခါထပ်ခါ ကျူးလွန် အာပတ်ဖြေခြင်းကိုတော့ နားလည်ခွင့်လွှတ်မှု မပေးသင့်တော့ပေ။ မကောင်းမှုဟူသည် ပြုလုပ်ဖန်များလာပါက၊ ထပ်မံကျူးလွန်ရန် ဝန်မလေးသကဲ့သို့၊ ယင်းထက် ကြီးမားသော အပြစ်ကို ကျူးလွန်နိုင်စေခြင်း၏ အစပျိုးလက္ခဏာလည်း ဖြစ်လာနိုင်ပါသည်။ နည်းနည်းချင်း ကျူးလွန်မှုမှ၊ များများ ကျူးလွန်လာနိုင်သကဲ့သို့၊ နည်းနည်းချင်း ထိန်းသိမ်းနိုင်မှလည်း များများထိန်းသိမ်းလာနိုင်ပါသည်။ မြတ်စွာဘုရားသည် တပည့်သား သံဃာတော်များအား အမှုနည်းနိုင်သမျှ နည်းနိုင်စေရန်၊ ကိလေသာမတိုးပွား လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ဝိနည်းစည်းကမ်းများ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဘောလုံးပွဲကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက် အွန်လိုင်းတက်ပြီး မလိုလားအပ်သော စကားများ ပြောဆိုခြင်းများသည်၊ ရဟန်းသံဃာတော်များအတွက် ကိလေသာတိုးပွားစေနိုင်ခြင်းကို သာ ဖြစ်စေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ တရားဓမ္မများနားထောင်ခြင်း၊ တပည့် ဒကာ၊ ဒကာမများအား ဆုံးမစကားပြောဆို ရေးသားခြင်း၊ တရားဟော တရားကျင့်ခြင်းများသည်သာလျှင် ရဟန်းသံဃာတော်များအတွက် ပိုမို သင့်လျော်ပါသည်။

ပဋိပတ္တိသာသနာတခုတည်းပြုလုပ်မည်ဆိုပါက…..

ပရိယတ္တိစာပေ မလေ့လာဘဲ ပဋိပတ္တိသာသနာတခုတည်းသာ အားသန်မည်ဆိုပါကလည်း မြတ်စွာဘုရား ဟောကြားခဲ့သော တရားစစ်တရားမှန်များနှင့် ဗုဒ္ဓကိုယ်တွေ့ ကို မသိရှိ မနားလည်နိုင်တော့ဘဲ၊ ဆရာတွေ့နှင့် မိမိကိုယ်တွေ့ကိုသာ အမှန်ထင်ပြီး လမ်းလွဲ လမ်းမှားသို့ ရောက်ရှိနိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ ကျော်မှ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားဟောစာပေ ပိဋကတ်တော်များကို ခြောက်ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ စစ်ဆေးခဲ့သောကြောင့် ပါဠိ ပိဋကတ်တော်များကို မှားယွင်းမှုရှိပါသည်ဟု သံသယဝင်ခြင်းသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါးအပေါ် ပြစ်မှားသည့်သဘော မယုံကြည်သည့်သဘော သက်ရောက်နေပါသည်။ သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ပရိယတ္တိစာပေ မသင်ကြားပါက ပြီးပြည့်စုံသော သာသနာအဖြစ် သတ်မှတ်၍ မဖြစ်နိုင်သကဲ့သို့၊ ပဋိပတ္တိအကျင့်မြတ် မကျင့်ပါကလည်း ဆားမပါသောဟင်းကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ပရိယတ္တိသာသနာနှင့် ပဋိပတ္တိသာသနာ နှစ်မျိုးစလုံးကို ကျွမ်းကျင်နှံ့စပ်စွာ ဟန်ချက်ညီညီပြုနိုင်မှသာလျှင် မြတ်စွာဘုရားရှင်အလိုတော်ကျ ပဋိဝေဓ ပန်းတိုင်သို့ ဆိုက်ရောက်နိုင်သော၊ သာသနာသုံးရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော သံဃာတော်တပါးဖြစ်နိုင်ပါလိမ့်မည်။

ကိလေသာကုန်ခမ်းစေရန် ကျင့်ကြံနေသူရဟန်းများအား သံဃာတော်ဟု သတ်မှတ်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုများ အချိန်ပြည့်ပြုလုပ်ပြီး ဘုန်းကြီးနေသူ ရဟန်းတော်များကို ဘုန်းကြီးဟု ခေါ်ဆိုနိုင်ကြပါသည်။ သို့တည်းမဟုတ် သင်္ကန်းအဆောင်အယောင်သာရှိပြီး၊ လူ့အကျင့် လူ့အပြုအမူ ပြုနေသူများကို ရိုးရိုးရဟန်းအဖြစ်သာ သတ်မှတ်နိုင်ပါသည်။

ရဟန်းနှင့်လူ အတူတူဆိုလျှင်…. လူတွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းရှိသကဲ့သို့၊ ရဟန်းတော်များတွင်လည်း ရဟန်းဝိနည်း၊ ရဟန်းစည်းကမ်းဟူ၍ ရှိပါသည်။ လူနှင့်မတူ မြင့်မြတ်သောအကျင့်သိက္ခာနှင့် ဝိနည်းပေါင်း ၂၂၇သွယ်ကို စောင့်ထိန်းနိုင်သောကြောင့် လူအများ၏ အရိုအသေပေးခြင်း၊ ကြည်ညိုခြင်း၊ ရှိခိုးပူဇော်ခြင်းကို ခံယူထိုက်သူများ ဖြစ်နေကြပါသည်။ ထိုသို့မဟုတ်ဘဲ လူ့အကျင့် လူ့အပြုအမူအတိုင်း ကျင့်သုံးနေမည်ဆိုပါက လူလူချင်း အရိုအသေပေးစရာအကြောင်း မရှိတော့ပေ။ လူအများ၏ စားဦးစားဖျား၊ အမွန်အမြတ်ထားဖွယ်ရာ ပစ္စည်းလေးပါးကို အလှူခံထိုက်သူများ ပီသအောင် ကျင့်ကြံအားထုတ် နေထိုင်နိုင်မှသာ သံသရာအကြွေးရှင်းနိုင်သူ၊ သံသရာစာရင်း ပြတ်နိုင်သူအဖြစ် နတ်၊လူ သာဓု ခေါ်ဆိုနိုင်ပါမည်။

အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။

မိမိ၏အမှားကို အမှန်အတိုင်းဝန်ခံပြီး၊ နောက်ထပ်မမှားအောင် အမှန်သို့ပြုပြင်ခြင်း၊ ယခင်အမှားမျိုးထပ်မံ မကျူးလွန်အောင် ရှောင်ကျဉ်နိုင်ခြင်းသည် သူတော်ကောင်းတဦး၏ အပြုအမူများဖြစ်ပါသည်။ မှားခြင်းကို မှားမှန်းသိပါလျက် ဆင်ခြင်အမျိုးမျိုးနှင့် မမှားလေသယောင်ယောင်၊ အပြစ်မကျူးလွန်သယောင်ယောင်၊ မျက်နှာပြောင်တိုက်ပြီး ဆက်လက်မှားနေဦးမည်ဆိုပါက မည်သူမပြု မိမိမှုဆိုသကဲ့၊ မိမိပြုသမျှကံတရား၏ ကောင်းခြင်း ဆိုးခြင်းကို မိမိသာလျှင် ပြန်လည်ခံစားရမည် ဖြစ်ပါသည်။ ။
.

Tuesday, July 27, 2010

စာရင်းရှင်းကြစို့။

ဘဝသံသရာ လည်ပတ်စေတာ
အဟောင်းကြွေး မဆပ်.
အသစ်ကြွေး ထပ်တင်
ကြိုးချင်းငြိတွယ်
နေထွက်နေဝင်
ဝင်္ကဘာပမာ
စာရင်းလိမ် စာရင်းမှား
အပြန်ပြန်ထပ်လို့
ရှုပ်ထွေးလူ့ဘဝ
ရင်မောစွ။

အသေရပ်
အနေတန့်ကြစေဖို့..
အသေမကြောက်
အနေသန့်အောင်
အကြွေးမကင်း အရှုပ်တွင်းမှ
လွတ်အောင်ရုန်းထွက်ကြပါစို့လား။ ။

Wednesday, June 30, 2010

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၅)

ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား...

ကလျာ: တပည့်တော် သိချင်မေးချင်တာ တခုရှိပါတယ်ဘုရား။ ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား။ ဘုရားအဆုံးအမ သာသနာဖြန့်ဖြူးနိုင်ဖို့ ဘာသာစကား သင်ကြားတတ်မြောက်ဖို့ လိုတယ်ဆိုတာ လက်ခံပါတယ် ဘုရား။ ဒါပေမဲ့ သာသနာနဲ့ မပတ်သက်တဲ့ ခေတ်ပညာ.. ဗဟုသုတ.. ကိလေသာတိုးပွားစေမယ့် ပညာရပ်များကို သင်ကြားဖို့ မလိုအပ်လှဘူးလို့ ထင်မိပါတယ်ဘုရား။ တချို့ ဘုန်းကြီးများ ဝက်ဆိုဒ်မှာ ဘုရားသာသနာ အဆုံးအမ တရားတော်များနှင့် မသက်ဆိုင်လှသော အမေရိကန်သမ္မတကတော် အကြောင်းရေးတာမျိုး၊ မယ်ရွေးပွဲအကြောင်း၊ အဲလိုမျိုးတွေ တွေ့နေရတာ.. စိတ်မသက်မသာ ဖြစ်မိပါတယ်ဘုရား။

lknt: ဒကာမကြီး ကလျာ ရေ... သတ္တ၀ါအားလုံးကို မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ ဟောပြောပြီး ကောင်းကျိုးချမ်းသာ ရရှိစေရန် သူတို့ရဲ့ ဘာသာစကားတွေ တတ်ကျွမ်းဖို့ လိုအပ်တာကို ဒကာမကြီးလိုပဲ ယခုခေတ် အမြင်ကျယ်သူ အများကတော့ သဘောတူကြတာ များပါတယ်... ဒါပေမဲ့ ဗုဒ္ဓအဆုံးအမက သွေဖယ်ပြီး ကိလေသာငြိမ်းကြောင်း မဟုတ်ပဲ... တိုးပွားကြောင်း အလုပ်တွေမျိုး... ရှင်ရဟန်းနဲ့ မတော်တဲ့အလုပ်တွေမျိုး မလုပ်ဖို့ရာကတော့ အထူးပြောနေဖွယ် မလိုတော့ဘူးပေါ့... လူ့လောကကလည်း မသင့်တော်ကြောင်း သတ်မှတ်ကဲ့ရဲ့သလို... မြတ်ဗုဒ္ဓကလည်း ၀ိနည်း စည်းကမ်း အမျိုးမျိုးနဲ့ သတ်မှတ်ထား ကဲ့ရဲ့ထားခဲ့ပါတယ်...

တစ်ချို့ ဘာသာရေးဆိုဒ်တွေက ဆရာတော်တွေကိုယ်တိုင် ရေးကြပါတယ်... တစ်ချို့ကတော့ ဒကာ ဒကာမတွေကနေ တင်ပေးကြတယ်... တစ်ချို့က ဘုန်းကြီး အမည်ခံပြီး လူတွေရေးကြပါတယ်... ဘယ်လိုပဲ ရေးရေး တင်တင် ဗုဒ္ဓဘာသာဝင်မှန်ရင် မိမိကြောင့် ရတနာသုံးပါး ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် ထိန်းသိမ်းသင့်ပါတယ်... အပြစ်ပြောတယ်လို့ မယူဆကြပဲ... ဖြစ်သင့်တာတွေ ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်...

သည်လို အဖြစ်မျိုးတွေ မဖြစ်စေလိုလို့ ရှေးဆရာတော် ဘုရားများက တပည့်များကို ဘာသာခြားစကား မသင်ကြဖို့ ခေတ်ပညာတွေ မသင်ကြားဖို့ တားမြစ်ပိတ်ပင်ခဲ့ကြဖူးပါတယ်... သည်လို တားမြစ်ပိတ်ပင်ခဲ့ကြတာ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် တချို့တပည့်တွေ မပျက်စီးဖို့အရေးအတွက် မှန်ပါတယ်... ဒါပေမဲ့ ခေတ်နဲ့အညီ သာသနာပြုလိုတဲ့ ဆရာတော်များက သာသနာပြန့်ပွားဖို့ ခေတ်ပညာတစ်ချို့နဲ့ ဘာသာစကားတွေ သိဖို့ တတ်ဖို့ လိုအပ်တယ်လို့ ထင်မြင်ကြပြီးနောက်... သင်ကြားလာကြပြန်ပါတယ်... တိုးတက်မှုနဲ့အမျှ ဆုတ်ယုတ် ပျက်စီးမှုတွေကတော့ တွဲပြီး ပါလာတာပါပဲ... ပျက်စီးမှုတွေ ဘာကြောင့် ပါလာလည်းဆို ပုထုဇဉ် ရှင်ရဟန်းတွေဆိုတော့ ရရှိတွေ့ထိလာတဲ့ ကာမဂုဏ်ငါးပါးရဲ့ဒါဏ်ကို မခံနိုင်ကြတော့ဘူးပေါ့... သည်ဒဏ်ကို ခံနိုင်ဖို့ရာ သီလ သမာဓိ ပညာ သင့်သလောက်တော့ လက်ကိုင် ရှိထားရပါမယ်... သည်လို ရှိမထားဘူးဆိုရင်... ခေတ်နဲ့ညီဖို့ သူ့တိုင်းပြည် ရေမြေ ရာသီဥတုနဲ့ မျှတဖို့ ဆွမ်းကိစ္စ အဆင်ပြေဖို့ ၀ိနည်းစည်းကမ်းတွေ ချိုးဖေါက်လာကြတယ်... ၀ိနည်းနဲ့ လုံအောင်ကာထားရမဲ့ ရဟန်းဟာ ပင်ပင်ပန်းပန်း ထမ်းထားရသလို ဖြစ်လာတယ်... စည်းဖေါက်တာ ကြာလာတော့ ၀ိနည်းဆိုတာကို စောင့်ထိန်းရမှာ ပင်ပန်းလာတယ်... လေးလာတယ်... မစောင့်ထိန်းချင်တော့ဘူး... ၀ိနည်းမရှိတဲ့ ရှင်ရဟန်းဟာ လူနဲ့တူတူပါပဲ... နေတာထိုင်တာ ပြောတာဆိုတာ အားလုံး လူလို ဖြစ်လာတတ်ပါတယ်... သူကိုယ်တိုင် လူလိုဖြစ်လာပြီဆိုရင် လူနဲ့မတူတဲ့ ရှင်ရဟန်းကောင်းတွေအပေါ်မှာ အမြင်စောင်းလာတတ်ပါတယ်...

ရှင်ရဟန်းများ ခေတ်နဲ့အညီ သာသနာပြုတာကို ကောင်းတဲ့ လက္ခဏာမို့ လက်ခံပါတယ်... ခေတ်ကိုမှီလို့ ခေတ်နဲ့အညီ ပျက်စီးတာတော့ မဖြစ်စေလိုပါဘူး... မပျက်စီးဖို့ရာကလည်း သီလသိက္ခာ အစ သိက္ခာသုံးပါးကို နှစ်သက်သူမှသာ ခေတ်နဲ့အမှီ တွဲပြီးပါလာတဲ့ ကာမဂုဏ်တွေကို ကြိုးစားထိန်းနိုင်ပါလိမ့်မယ်... ၀ိနည်း သီလဆိုတာက ရဟန်းတော်များအတွက် ဘေးရန်ကင်းစေဖို့ မြတ်ဗုဒ္ဓရဲ့ မေတ္တာစည်းရိုးကြီးပါ... ခုတော့ သည်စည်းရိုးကို ကိုယ်တိုင် ရိုက်ချိုးထားကြသလိုပါပဲ... ငွေဆိုတာ လူသတ္တ၀ါတွေအတွက် သည်းခြေကြိုက် အစာတစ်ခုပါပဲ... အရပ်သူလူသားတွေ နှစ်သက်တဲ့ငွေကိုမှ ရှင်ရဟန်းတစ်ပါး နှစ်သက်သာယာ မအပ်မစပ် လက္ခံနေပြီဆိုရင် ကျန်သော တံခါးပေါက်တွေ ဖွင့်ထားသလို စည်းရိုးတွေ ရိုက်ချိုးထားသလိုပဲလို့ မြင်မိတာပါပဲ... စည်းရိုးတွေ ကျိုးနေပါပြီ ကျိုးနေတဲ့စည်းရိုးကနေ ဘေးမျိုးစုံ လာတော့မှာပါ... ထိန်းနိုင်သူများလည်း ရှိပါတယ် ထိန်းနိုင်ပါဦးမယ်... မထိန်းနိုင်သူများကတော့ ပျက်စီးတော့မယ်... သာသနာမှာ အရေအတွက်များဖို့ ခက်သလို အရည်အချင်းပြည့်သူ ဖြစ်ဖို့လည်း ခက်ခဲလှပါတယ်... အမုန်းခံပြီး ထိန်းသိမ်း စောင့်ရှောက်မဲ့သူတွေ အများကြီးလိုပါတယ်... ဒါပေမဲ့လည်း အရမ်းကို နည်းနေပါတယ်...

ဒကာဒကာမတွေဘက်ကလည်း ဆွမ်း သင်္ကန်း ကျောင်း ဆေး ထောက်ပံ့ခြင်းထက် ငွေထောက်ပံ့ခြင်းကို နှစ်သက်နေကြပြီပဲလေ... အလှူကို မလှူနဲ့လို့ မတားလိုပေမဲ့ ငွေစက္ကူစာအိပ်လေး ကိုင်ပြီး မအပ်မစပ် လှူကာနီးမှာ အားပါးတရ ဘုန်းကြီးတွေရဲ့နောက်မှာ ရှိနေတဲ့ မြတ်ဗုဒ္ဓမျက်နှာလေးတော့ မော်ကြည့်ပြီးမှ ဆက်လုပ်သင့် မလုပ်သင့် စဉ်းစားစေချင်ပါတယ်... ငါ ခုလုပ်မဲ့အလုပ်ကို မြတ်ဗုဒ္ဓ နှစ်သက်ရဲ့လားလို့ တွေးကြည့်လိုက်ကြစမ်းပါ ဒကာမတို့... ကိုယ်လှူလိုက်တဲ့ စာအိပ်လေးဟာ သာသနာကို ထောက်ပံ့နိုင်သလို... ရှင်ရဟန်းတစ်ပါးကို ပျက်စီးစေနိုင်တဲ့ အနုမြူဗုံးတစ်လုံး ပါသွားတာကို သိစေချင်ပါတယ်...

သည်တော့ ထိုထိုဤဤ ဒကာမကြီးများက ပြောကြပြန်တယ်...

အရှင်ဘုရား ခုခေတ်က အစိမ်းလေးမှမရှိရင် သွားရေးလာရေး နေရေးထိုင်ရေး မလွယ်ဘူးလေတဲ့...

သာသနာပြု လုပ်ငန်းမှာ ငွေဟာ မပါမဖြစ်လိုအပ်ပေမဲ့ ရဟန်းအတွက် မအပ်မစပ်တော့ မဖြစ်သင့်ဘူးပေါ့... မအပ်မစပ် သူပါလာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းဖို့ရာ ရာခိုင်နှုန်းများပါတယ်... စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာပြီဆိုရင်တော့ မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေ နောက်ဆက်တွဲအဖြစ် မြောက်များစွာ ပါလာမှာပါပဲ...

အာပတ်အသင့်ခံပြီး... မပျက်မစီးပဲ တစ်ဖက်က တကယ့်ကို သာသနာပြု လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ ဆရာတော်ဘုရားများ ရှိကြပါတယ်... သာသနာပြုနေတဲ့လုပ်ငန်းက သာဓုခေါ်စရာပါ...

အာပတ်အသင့်ခံတဲ့ကိစ္စကတော့ သာဓုခေါ်စရာ မဟုတ်ဘူးပေါ့...

ခု ဒကာဒကာမတွေ ဖြစ်နေကြတာက ဟိုဝိနည်းတော့ ဖေါက်ကြပါဘုရား... သည်ဝိနည်းလေးတော့ မဖေါက်ကြပါနဲ့လို့ ပြောနေသလိုပဲ... မလွယ်ဘူးလေ... မရတော့ဘူး... ဖေါက်ထားတဲ့ စည်းရိုးက အမှားမျိုးစုံ ဥဒဟို သွားလာတတ်ပါတယ်... ဒီတော့ သူတော်ကောင်းများက ၀ိနည်းစည်းကမ်းတွေ မပေါက်အောင် ၀ိုင်းဝန်းပြီး ထိန်းသိမ်း ပြုပြင်ပေးသင့်တယ်... နောက်ထပ်ဆက်ပြီး မပေါက်အောင် ဘေးကနေ စောင့်ရှောက်ပေးသင့်တယ်... သည်လိုသာ ၀ိုင်းဝန်း စောင့်ရှောက်ကြရင် ဗုဒ္ဓသာသနာကြီးဟာ သက်တမ်းနည်းနည်း တိုးလာမှာပါ... အမျိုးကောင်းသားသမီးတွေ စိတ်ချမ်းသာကြရမှာပါ...

အမျိုးကောင်းသားသမီးတို့ရဲ့ စောင့်ရှောက်မှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၆.21.၂၀၁၀



ကလျာ said...

အရှင်ဘုရားဖြေကြားချက်ကို ကျေနပ်အားရမိပါတယ် ဘုရား။

တပည့်တော်တို့ အနေနဲ့ ရဟန်းတော်များကို စော်ကားလိုစိတ် အလျဉ်း မရှိပါဘူးဘုရား။

တချို့သော ရဟန်းများနဲ့ လူများက ဗုဒ္ဓဘာသာအချင်းချင်း မသင့်မမြတ် ရန်ဖြစ်နေတယ်၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြတယ်လို့ အမြင်တမျိုး ရှိကြပါတယ်ဘုရား။ တချို့ကလဲ အပြောသာ လွယ်ပါတယ်၊ လက်တွေ့မှာ ကိုယ်တိုင် လုပ်ကြရဲ့လားလို့ ရေးကြပါတယ်ဘုရား။

မြတ်စွာဘုရားရှင်ကလည်း မိန့်ကြားခဲ့ပါတယ်ဘုရား။ ငါဘုရားသာသနာတော်ကို ဖျက်ဆီးမည့်သူများက ငါ့သားတော်များပါပဲရယ်လို့ မိန့်မှာခဲ့ပါတယ်။

ဒါပေမဲ့လည်း အရှင်ဘုရားရေးသလိုပါပဲ တပည့်တော်တို့ လက်ထက်မှာ မပျက်မစီးဖြစ်ဖို့က တပည့်တော်တို့ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ခံယူမိတာက တကြောင်း၊ ပျက်စီးချိန် မရောက်ခင် ပျက်စီးမှာ စိုးရိမ်မိတာက တကြောင်းကြောင့်သာလျှင် အခုလို အမုန်းခံပြီး ပြောနေ ရေးနေရပါတယ်ဘုရား။

သာသနာပြင်ပက လူတွေ ပြောချင်သလောက်ပြော ရေးချင်သလောက် ရေးကြပါစေ. တပည့်တော်တို့ ဂရုစိုက်စရာ မလိုပါဘူး။ သာသနာတွင်းက ရဟန်း ရှင် လူတို့ရဲ့ အတွေးမှား အမြင်မှား အထင်မှားတွေနဲ့ ဘုရားသာသနာကို ပြောင်းပြန်လှန်ပြီး ငါ့သာသနာလုပ်နေကြတဲ့ အန္တရာယ်က ပိုပြီး ကြီးလှပါတယ် အရှင်ဘုရား။

ခေတ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင်ဆိုပြီး မဟာယန ဘုန်းတော်ကြီးများကဲ့သို့ အခွင့်အရေးလိုချင်တာမျိုး၊ သိရိလင်္ကာဘုန်းတော်ကြီးများကဲ့သို့ အာဏာလိုချင်တာမျိုး၊ ကွန်ပြူတာနဲ့ အင်တာနက်ကို ကောင်းတဲ့ဖက်မှာ အသုံးမချဘဲ တလွဲဆံပင်ကောင်း အသုံးမှားနေကြတာမျိုးတွေက မဖြစ်သင့်ပါဘူး အရှင်ဘုရား။

တပည့်တော်တို့အနေနဲ့ လက်လှမ်းမှီသလောက် ပြောနေ ရေးနေသော်လည်း၊ ဝိနည်းစည်းကမ်းဖောက်ဖျက်ရင် အာပတ်ဖြေနိုင်ပါတယ်လို့ ဆင်ခြင်ပေးတဲ့ ရဟန်းတွေနဲ့ အကြိမ်ကြိမ်ချိုးဖောက် ခဏခဏ အာပတ်ဖြေနေကြတဲ့ ရဟန်းတွေရဲ့ အင်အားက တနေ့တခြား ပိုမို ကြီးထွားလာနေပါတယ်ဘုရား။

သူများအပြစ်မကြည့်ပဲ ကိုယ့်တရားကိုယ်လုပ်တာ ကောင်းပါတယ်လို့ အထင်ရှိသူ လူတွေ များလာတာကလည်း အပြစ်လုပ် ရဟန်းများကို အထောက်အပံ့ ပေးနေသလို ဖြစ်နေပါတယ် ဘုရား။

ဘယ်လိုပဲ ဖြစ်နေပါစေ. ဘုရားမျက်နှာ သာသနာမျက်နှာတခုတည်းကြည့်ပြီး ပြောနေတာ ဖြစ်လို့၊ ကိုယ့်ဖာသာကိုယ် လိပ်ပြာသန့် လိပ်ပြာလုံနေပါတယ် အရှင်ဘုရား။

အဆိပ်ပင် ရေလောင်းသလို အဖြစ်မျိုးကိုတော့ မလုပ်မိအောင် ကြိုးစားနေပါတယ် အရှင်ဘုရား။
.

Tuesday, June 8, 2010

ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန

ပါရမီထိုက်သော ဒါနဟူသည် လောဘကုန်ခန်းစေရန် ပြုသော ဒါနဖြစ်ပြီး၊ လောဘပွားစီးစေရန် ပြုသောဒါနသည် ပါရမီမထိုက်သောဒါနဖြစ်ပေသည်။

လောဘပွားစီးစေရန် ပြုသောဒါနဟူသည် နံမည်ကြီးလိုခြင်း၊ လူသိများလိုခြင်း၊ အခွင့်အရေးရလိုခြင်း၊ နောင်ဘဝချမ်းသာလိုခြင်း စသော မျှော်လင့်ချက် တခုခုနှင့် လှူဒါန်းသော ဒါနမျိုးဖြစ်ပေသည်။ ယင်းဒါနမျိုးသည် လူချမ်းသာ၊ နတ်ချမ်းသာ ဘဝမျိုးကိုသာ ပေးစွမ်းနိုင်ပြီး၊ နိဗ္ဗာန်ချမ်းသာကို မပေးစွမ်းနိုင်ပေ။

ထိုပြင် ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ဒါနမှန်သမျှသည် ပါရမီမထိုက်ဟု ထပ်ဆင့် မှတ်ယူသင့်ပေသည်။ ငါဟူသည် ဒိဋ္ဌိကိလေသာဖြစ်ပြီး၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်၏။ ထိုကိလေသာနှစ်ပါး ဦးဆောင်ပြီးပြုသော ဒါနသည် ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ဧကန်မုချ ပို့မပေးနိုင်သည်မှာ သေချာလှပါသည်။ ထိုကြောင့် ငါကောင်းစားဖို့ ဟူသော မျှော်လင့်ချက်နှင့် လှူဒါန်းသော ဒါနသည် ပါရမီမထိုက်ခြင်း ဖြစ်၏။

လောဘကုန်ခန်းစေရန် ပြုသောဒါနဟူသည် မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းသောဒါနပင် ဖြစ်၏။ အလှူခံပုဂ္ဂိုလ်တည်းဟူသော သူတစ်ပါးကောင်းစားစေရန် ရည်ရွယ်ချက်ထားလိုက်ခြင်းသည် ဒိဋ္ဌိနှင့် လောဘ ကိလေသာကို ထိုဒါနက တခါတည်း ပယ်သတ်ပြီးသား ဖြစ်သွား၏။ ကိလေသာကို ပယ်သတ်နိုင်သောကြောင့် ပါရမီထိုက်သော ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်၏။

ပါရမီဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု၊ သီလဆောက်တည်မှု စသည်တို့သာတည်း။ လောကီ စည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှုကို ပါရမီဟု မဆိုထိုက်ပေ။

(((((အရှင်ဇဝန - မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန စာအုပ်မှ ကောက်နှုတ်ချက်)))))
.