အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Monday, June 8, 2009

သာသနာ့ အန္တရာယ် အသွယ်သွယ်

သာသနာ့အန္တရာယ် ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်စွာနဲ့ သာသနာ့ဥသျှောင်အဖွဲ့ကြီးကို ပီနန်ဆရာတော်ဘုရားကြီးနဲ့အတူ ဦးဆောင်ဦးရွက် ဖွဲ့စည်းခဲ့တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အမိမြန်မာပြည်တွင် စစ်အာဏာရှင်အစိုးရ၏ မတရားဖိနှိပ်မှုကြောင့် သာသနာ့ဝန်ထမ်း သံဃာတော်များသာမက ပြည်သူပြည်သားအများစုမှာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ရတနာသုံးပါးအနက် တစ်ပါးဖြစ်သော သံဃာရတနာကို တန်ဖိုးမထား ပြင်းထန်စွာနှိပ်ကွပ်မှုကြောင့် သာသနာအတွက် ကြီးစွာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

သာသနာဆိုသည်မှာ….

သာသနာဆိုသည်မှာ မြတ်စွာဘုရား၏ အဆုံးအမကို ဆိုလိုခြင်းဖြစ်ပါတယ်။ သာသနာရေရှည်တည်တံ့ ခိုင်မြဲရေးမှာ အကြောင်းအချက်များစွာ လိုအပ်ပါတယ်။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတည်တံ့ခိုင်မြဲရေးအတွက် လက်ဆင့်ကမ်း တာဝန်ယူ ထိန်းသိမ်း ဟောပြောခဲ့သူများမှာ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်များ ဖြစ်ပါတယ်။ သံဃာတော်များ၏ ဟောပြောဆုံးမမှုများကို အစဉ်အမြဲ နားထောင်လိုက်နာခဲ့သူများမှာ မြတ်စွာဘုရား၏ သာဝက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။

သာသနာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများ

သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများမှာ ရဟန်း၊ရှင်၊လူ ဟု ခေါ်တွင်အပ်သော ရဟန်းသံဃာတော်များ၊ အစိုးရမင်းနဲ့ ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်များဖြစ်ပါတယ်။

သာသနာနဲ့ ရဟန်းသံဃာတော်များ

ရဟန်းသံဃာတော်များသည် မြတ်စွာဘုရား၏ အဆုံးအမ နှုတ်ခပဋ်တော်များကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသူများ ဖြစ်သည့်အတွက် သာသနာ့အတွက် အရေးကြီးသော အဓိက တာဝန်ရှိသူများ ဖြစ်ကြပါတယ်။ မြတ်စွာဘုရား ချမှတ်ခဲ့သော စည်းမျဉ်းစည်းကမ်းများကို ကိုယ်၊စိတ်၊နှုတ် သုံးပါးလုံး လုံခြုံအောင် တသွေမတိမ်း ထိန်းသိမ်း လိုက်နာခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ရာ ရောက်ပါတယ်။ ထို့အပြင် မြတ်စွာဘုရား၏ ကိုယ်စား၊ သားတပည့် ပီသစွာ ဗုဒ္ဓဘာသာဝင်များ၏ စံနမူနာထားရာ သာသနာ့သူတော်စင်များအဖြစ် လေးစားကြည်ညိုဖွယ် နေထိုင်ခြင်းသည်လည်း သာသနာ့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မည်ပါတယ်။

ဝိနည်းတော် ပညတ်ချက်များနှင့် သံဃာတော်များ

မြတ်စွာဘုရားသည် ၄င်း၏ သားတပည့်များအတွက် အမှန်တကယ်လိုအပ်လှသော ဝိနည်းစည်းကမ်းများကိုသာ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သံဃာတော်များအနေနဲ့ မြတ်စွာဘုရားချမှတ်ခဲ့သော ဝိနည်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာသင့်လှပါတယ်။ သို့သော် တချို့ရဟန်းတော်များသည် ဆင်ခြေအမျိုးမျိုးနဲ့ မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းများကို မသိမသာတမျိုး သိသိသာသာတမျိုး ဖောက်ဖျက်မှုများ ပြုလုပ်လာကြပါတယ်။

မြတ်စွာဘုရားလက်ထက်က နာရီမပေါ်သေးသဖြင့် နေကို ကြည့်ပြီး အချိန်ကိုဆုံးဖြတ်ပါတယ်ဆိုပြီး နေ့လည် ၁၂ နာရီကျော်ပြီးမှ ဆွမ်းဘုန်းပေးသော စာတတ်ပေတတ် နံမည်ကြီး ဓမ္မကထိက ရဟန်းဘုန်းကြီး ရှိသကဲ့သို့၊ ၄င်း ရဟန်းပင် နိုင်ငံခြားသူ မာတုဂါမများကို လက်ဆွဲနှုတ်ဆက်သည်အထိ မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းကို ဖောက်ဖျက်ခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားသကဲ့သို့ပင် မည်သူမဆို မိမိကိုယ်မိမိ ဘာလဲဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ရဟန်းသည် ရဟန်းကဲ့သို့ ကျင့်ကြံနေထိုင်သင့်ပြီး လူကဲ့သို့ မပြုမူသင့်ပါ။ လူသည်လည်း လူကဲ့သို့ ကျင့်ကြံနေထိုင်သင့်ပြီး တိရိစ္ဆာန်ကဲ့သို့ မပြုမူသင့်ပေ။

လာပ်လာဘနှင့် သံဃာတော်များ

ရဟန်းသံဃာများသည် လိုဘနည်းပြီး လောကီကို စက်ဆုပ်ရွံရှားသဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ကြခြင်းဖြစ်ပါတယ်။ လူ့ဘောင် အိမ်ရာထူထောင်ခြင်းကို စွန့်လွှတ်ခဲ့သောရဟန်းများအနေနဲ့ ပစ္စည်းဥစ္စာငွေကြေးကို မက်မောတွယ်တာခြင်း၊ ကျောင်းသင်ခန်းများကို ပူပန်ခြင်းကြီးစွာနဲ့ လိုချင်တပ်မက်ခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမနဲ့ မကိုက်ညီလှသည့်အပြင် ထွေးပြီးထားသော တံတွေးကို ပြန်မျိုနေသကဲ့သို့ ဖြစ်တတ်ပါတယ်။

အမှန်စင်စစ် ဘုရားစေတီတည်ခြင်း၊ ကျောင်း ကန် အဆောက်အဦးများ တိုးပွားအောင် ပြုလုပ်ခြင်းသည် သာသနာပြုခြင်းစစ်စစ် မဟုတ်ပါ။ မြတ်စွာဘုရား၏ အဆုံးအမကို တသွေမတိမ်းလိုက်နာခြင်း၊ လူအများအား နားလည်အောင် ဟောပြောရှင်းပြခြင်း၊ မျိုးဆက်သစ်ကလေးသူငယ်များအား ဗုဒ္ဓအဆုံးအမစာပေများ သင်ကြားပေးခြင်းသည်သာလျှင် သာသနာပြုခြင်းစစ်စစ် ဖြစ်ပါတယ်။

ပြည်ပတွင်သာသနာပြုခြင်း

ပြည်ပတွင် သာသနာပြုခြင်းသည် ပြည်တွင်းထက် ပှို၍ အစစအရာရာ သတိထားဆောင်ရွက်သင့်ပါတယ်။ အတွေးအခေါ်၊ ယဉ်ကျေးမှုများ ခြားနားသော လူမျိုးခြား၊ ဘာသာခြားများအလယ်တွင် မိမိနိုင်ငံနှင့်လူမျိုးသာမက ဘာသာ သာသနာ၏ ဂုဏ်သိက္ခာ မထိပါးစေရေးအတွက် အပြုအမူ အပြောအဆိုသာမက လှုပ်ရှားမှုတိုင်းကိုပါ မြတ်စွာဘုရား၏ အဆုံးအမ ဝိနည်းတော်နဲ့အညီ ကိုယ်၊စိတ်၊နှုတ် သုံးပါးစလုံးကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

သာသနာနှင့် အစိုးရမင်း

သာသနာတရပ် အဓွန့်ရှည် တည်တံ့စေရန် အစိုးရမင်း၏ အကူအညီ အထောက်အပံ့ အားပေးမှုသည်လည်း များစွာ အရေးပါလှပါတယ်။ မြတ်စွာဘုရားသည် ရဟန်းသံဃာတော်များအတွက်သာမက အစိုးရမင်းများ၏ ကျင့်ဝတ်နဲ့ ဝတ္တရားများကိုပါ ထည့်သွင်းဟောကြားခဲ့ပါတယ်။ မင်းကျင့်တရားနဲ့အညီ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ရန်၊ လမ်းညွန်ဟောကြား ဆုံးမခဲ့ပါတယ်။

လက်ရှိစစ်အာဏာရှင်အစိုးရသည် မြတ်စွာဘုရား ဆုံးမဟောကြားချက်နဲ့ ဆန့်ကျင်စွာ ပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက်သည့်အပြင်၊ မြတ်စွာဘုရား၏ သားတပည့် သံဃာတော်များကိုပါ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပါတယ်။ ထို့အပြင် သာသနာပြန့်ပွားရေးအတွက် တရားဟောပြောနေသော ရဟန်းသံဃာတော်များကို အကန့်အသတ်ဖြင့် ချုပ်ချယ်ခြင်း၊ ပိတ်ပင်ခြင်းသာမက လွတ်လပ်စွာ ဟောပြောခွင့်ကို ထိပါးသည်အထိ သာသနာ့အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။

ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ရေးအတွက်သာမက အမိမြန်မာပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးမှုများ ရပ်တန့်စေရေးအတွက် တရားမျှတသော၊ အရည်အချင်းပြည့်မီသော၊ ခေါင်းဆောင်ကောင်းများ ဦးဆောင်သော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းစေရန် ဝိုင်းဝန်းကြိုးပမ်းရေးမှာ မြန်မာပြည်သူတိုင်း၏ တာဝန်ဖြစ်ပေသည်။

သာသနာနှင့် ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်များ

သာသနာ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နေသော ရဟန်းသံဃာတော်များကို ထောက်ပံ့လှူဒါန်းလျှက်ရှိသော ဒါယိကာ၊ ဒါယိကာမများ၏ အခန်းကဏ္ဍမှာလည်း အရေးပါလှပါတယ်။ ထောက်ပံ့လှူဒါန်းသူများမရှိပါက ရဟန်းသံဃာတော်များ ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူလှသကဲ့သို့ သာသနာတည်မြဲရေးအတွက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

သံဃာဂုဏ်ကို ရည်မှန်းပူဇော်

ဒကာ၊ ဒကာမများအနေနဲ့ ရဟန်းသံဃာတော်များကို ဆည်းကပ်ကိုးကွယ်ရာတွင် သံဃာအားလုံး၏ဂုဏ်တော်ကို ရည်မှန်းပူဇော်သင့်ပါတယ်။ မိမိ၏ တရားလွန် အပြုအမူ အပြောအဆိုကြောင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာ နဲ့ ဝိနည်းစည်းကမ်း ပျက်ပြားစေခြင်းသည် လက်ရှိဘဝတွင် သာမက သံသရာတလျှောက်တွင်ပါ ကြီးစွာသော အပြစ်ဒဏ်ကို ရရှိနိုင်ပါတယ်။ သဒ္ဒါလွန်က တဏှာကျွံတဲ့ အဖြစ်မျိုး၊ ပညာလွန်က သဒ္ဒါမရှိတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ပညာနဲ့ သဒ္ဒါ ချိန်ခွင်လျှာကို ညီမျှအောင် ပြုမူနေထိုင်သင့်ပါတယ်။

ကိုးကွယ်ရာ အစစ်အမှန်ရှာတတ်ပါစေ…..

ဒကာ၊ ဒကာမများအနေဖြင့် မိမိတို့၏ ဘဝကောင်းကျိုး၊ သံသရာကောင်းကျိုးအတွက် ကိုးကွယ်ရာ အစစ်အမှန် ဆရာသခင် သံဃာတော်များ၏ ပြောဆိုဆုံးမမှုများကို တသွေမတိမ်း လိုက်နာသင့်ပါတယ်။ မိမိကို လိမ်မာသိတတ်မှုရှိစေရန် ဆိုဆုံးမသော ဆရာတော် သံဃာတော်များသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ အားထားရာ အစစ်အမှန်ဖြစ်ပါတယ်။ မိမိအား မြှောက်ပင့်ပြောဆိုသော၊ ဆုံးမရန် မဝံ့မရဲဖြစ်နေသော၊ လာပ်လာဘ အခွင့်အရေး မျှော်ကိုးတတ်သော၊ ဝိနည်းစည်းကမ်းကို အလွယ်တကူ ချိုးဖောက်တတ်သော ရဟန်းတော်များသည် ယခုဘဝတွင်သာမက သံသရာအတွက်ပါ ကိုးကွယ်ရာ အစစ်အမှန် မဖြစ်နိုင်ပါ။

သာသနာပြု မှာလား၊ သာသနာဖျက်မှာလား…

သာသနာပြုချင်ပါတယ် ဆိုတဲ့ စိတ်ထားသည် အင်မတန်မွန်မြတ်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သာသနာပြုတတ်အောင် အရင်ဦးဆုံး တတ်သိနားလည်သော ဆရာသမားများထံတွင် လေ့လာသင်ယူ ဆည်းပူးဖို့လိုအပ်ပါတယ်။ နားလည်သလိုလိုနဲ့၊ တရားသိ တရားရှိသလိုလိုနဲ့ သာသနာပြုမည်ဆိုပါက သာသနာပြုရာ မရောက်ပဲ သာသနာဖျက်သကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။ တတ်သိနားလည်သော ဆရာသမားများ၏ ဆိုဆုံးမမှုကို နာယူမှုမရှိပဲ မိမိထင်ရာစိုင်းမည်ဆိုပါက ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ မိမိပြုသောကံ ပဲ့တင်သံ မိမိထံသာ ပြန်လာမည်ဆိုတာကို သဘောပေါက်နားလည်သင့်ပါတယ်။ တခါတရံ သာသနာပြုသောသူများတွင် မမြင်နိုင်သော မာရ်နတ်၏ နှောင့်ယှက်မှုများ ရှိတတ်ပါတယ်။ ဤသို့ဖြစ်တတ်ပါကလည်း မိမိ၏ အသိဥာဏ်နှင့်ယှဉ်လျက် ကုသိုလ်မရသည့်တိုင် အကုသိုလ်မဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သင့်ပါတယ်။

ဆရာတော်များ သံဃာတော်များအနေနဲ့လည်း မိမိ၏ သားတပည့်များအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် ကယ်တင်ပေးရမည့်အစား မိမိ၏ အပြောအဆို အပြုအမူ အနေအထိုင်ကြောင့် ဖြစ်ပေါ်လာသော ဝေဖန်ပြောဆိုမိသော ဝဇိအကုသိုလ်ကံ သည် လူအများအား အပယ်ကျရောက်စေရန် တွန်းပေးသကဲ့သို့ ဖြစ်တတ်ပါတယ်။ ထိုကဲ့သို့ မဖြစ်စေရန် ထေကြီးဝါကြီး ဆရာတော်ကြီးများအနေနဲ့ မိမိတို့၏ သားတပည့်များအား ဆိုဆုံးမ ပြောဆိုခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ နောက်ဆုံး လူထွက်စေသည်အထိ အရေးယူဆောင်ရွက်သင့်ပါတယ်။

ဟန်ချက်ညီညီ ကြိုးပမ်းကြပါစို့…

သာသနာ့ဥသျှောင်၏ ဦးစီးနာယက မစိုးရိမ်ဆရာတော်ဘုရားကြီး၏ ဆန္ဒဖြစ်တော်မူသော သာသနာ့အန္တရာယ် ကာကွယ်ရေးသည် ဗုဒ္ဓဘာသာကို လေးလေးစားစား သက်ဝင်ယုံကြည်နေသူတိုင်း၏ ကြီးမားလှသော တာဝန်ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ သာသနာတော်ကို မိမိတို့၏ တစ်ဘဝစာ အကျိုးစီးပွားအတွက် အသုံးချနေသူများ၊ တရားစစ် တရားမှန်များကို အရောင်ဆိုးချင်နေသူများ၊ သာသနာပျက်စေရန် ဖျက်ဆီးနေကြသူများ၏ အန္တရာယ်သည် တနေ့တခြား ကြီးမားလာပါတယ်။ ဤသို့သော အခြေအနေမျိုးတွင် မြတ်စွာဘုရား၏ သာသနာ မပျက်စီးရေးအတွက် မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်းဖြင့် တတ်အားသမျှ ဟန်ချက်ညီညီ ကြိုးပမ်းကြပါစို့………….။

No comments: