အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Wednesday, June 30, 2010

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၅)

ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား...

ကလျာ: တပည့်တော် သိချင်မေးချင်တာ တခုရှိပါတယ်ဘုရား။ ရဟန်းတော်များ ခေတ်ပညာ တတ်သင့် မတတ်သင့်ကိုပါဘုရား။ ဘုရားအဆုံးအမ သာသနာဖြန့်ဖြူးနိုင်ဖို့ ဘာသာစကား သင်ကြားတတ်မြောက်ဖို့ လိုတယ်ဆိုတာ လက်ခံပါတယ် ဘုရား။ ဒါပေမဲ့ သာသနာနဲ့ မပတ်သက်တဲ့ ခေတ်ပညာ.. ဗဟုသုတ.. ကိလေသာတိုးပွားစေမယ့် ပညာရပ်များကို သင်ကြားဖို့ မလိုအပ်လှဘူးလို့ ထင်မိပါတယ်ဘုရား။ တချို့ ဘုန်းကြီးများ ဝက်ဆိုဒ်မှာ ဘုရားသာသနာ အဆုံးအမ တရားတော်များနှင့် မသက်ဆိုင်လှသော အမေရိကန်သမ္မတကတော် အကြောင်းရေးတာမျိုး၊ မယ်ရွေးပွဲအကြောင်း၊ အဲလိုမျိုးတွေ တွေ့နေရတာ.. စိတ်မသက်မသာ ဖြစ်မိပါတယ်ဘုရား။

lknt: ဒကာမကြီး ကလျာ ရေ... သတ္တ၀ါအားလုံးကို မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ ဟောပြောပြီး ကောင်းကျိုးချမ်းသာ ရရှိစေရန် သူတို့ရဲ့ ဘာသာစကားတွေ တတ်ကျွမ်းဖို့ လိုအပ်တာကို ဒကာမကြီးလိုပဲ ယခုခေတ် အမြင်ကျယ်သူ အများကတော့ သဘောတူကြတာ များပါတယ်... ဒါပေမဲ့ ဗုဒ္ဓအဆုံးအမက သွေဖယ်ပြီး ကိလေသာငြိမ်းကြောင်း မဟုတ်ပဲ... တိုးပွားကြောင်း အလုပ်တွေမျိုး... ရှင်ရဟန်းနဲ့ မတော်တဲ့အလုပ်တွေမျိုး မလုပ်ဖို့ရာကတော့ အထူးပြောနေဖွယ် မလိုတော့ဘူးပေါ့... လူ့လောကကလည်း မသင့်တော်ကြောင်း သတ်မှတ်ကဲ့ရဲ့သလို... မြတ်ဗုဒ္ဓကလည်း ၀ိနည်း စည်းကမ်း အမျိုးမျိုးနဲ့ သတ်မှတ်ထား ကဲ့ရဲ့ထားခဲ့ပါတယ်...

တစ်ချို့ ဘာသာရေးဆိုဒ်တွေက ဆရာတော်တွေကိုယ်တိုင် ရေးကြပါတယ်... တစ်ချို့ကတော့ ဒကာ ဒကာမတွေကနေ တင်ပေးကြတယ်... တစ်ချို့က ဘုန်းကြီး အမည်ခံပြီး လူတွေရေးကြပါတယ်... ဘယ်လိုပဲ ရေးရေး တင်တင် ဗုဒ္ဓဘာသာဝင်မှန်ရင် မိမိကြောင့် ရတနာသုံးပါး ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် ထိန်းသိမ်းသင့်ပါတယ်... အပြစ်ပြောတယ်လို့ မယူဆကြပဲ... ဖြစ်သင့်တာတွေ ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်...

သည်လို အဖြစ်မျိုးတွေ မဖြစ်စေလိုလို့ ရှေးဆရာတော် ဘုရားများက တပည့်များကို ဘာသာခြားစကား မသင်ကြဖို့ ခေတ်ပညာတွေ မသင်ကြားဖို့ တားမြစ်ပိတ်ပင်ခဲ့ကြဖူးပါတယ်... သည်လို တားမြစ်ပိတ်ပင်ခဲ့ကြတာ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် တချို့တပည့်တွေ မပျက်စီးဖို့အရေးအတွက် မှန်ပါတယ်... ဒါပေမဲ့ ခေတ်နဲ့အညီ သာသနာပြုလိုတဲ့ ဆရာတော်များက သာသနာပြန့်ပွားဖို့ ခေတ်ပညာတစ်ချို့နဲ့ ဘာသာစကားတွေ သိဖို့ တတ်ဖို့ လိုအပ်တယ်လို့ ထင်မြင်ကြပြီးနောက်... သင်ကြားလာကြပြန်ပါတယ်... တိုးတက်မှုနဲ့အမျှ ဆုတ်ယုတ် ပျက်စီးမှုတွေကတော့ တွဲပြီး ပါလာတာပါပဲ... ပျက်စီးမှုတွေ ဘာကြောင့် ပါလာလည်းဆို ပုထုဇဉ် ရှင်ရဟန်းတွေဆိုတော့ ရရှိတွေ့ထိလာတဲ့ ကာမဂုဏ်ငါးပါးရဲ့ဒါဏ်ကို မခံနိုင်ကြတော့ဘူးပေါ့... သည်ဒဏ်ကို ခံနိုင်ဖို့ရာ သီလ သမာဓိ ပညာ သင့်သလောက်တော့ လက်ကိုင် ရှိထားရပါမယ်... သည်လို ရှိမထားဘူးဆိုရင်... ခေတ်နဲ့ညီဖို့ သူ့တိုင်းပြည် ရေမြေ ရာသီဥတုနဲ့ မျှတဖို့ ဆွမ်းကိစ္စ အဆင်ပြေဖို့ ၀ိနည်းစည်းကမ်းတွေ ချိုးဖေါက်လာကြတယ်... ၀ိနည်းနဲ့ လုံအောင်ကာထားရမဲ့ ရဟန်းဟာ ပင်ပင်ပန်းပန်း ထမ်းထားရသလို ဖြစ်လာတယ်... စည်းဖေါက်တာ ကြာလာတော့ ၀ိနည်းဆိုတာကို စောင့်ထိန်းရမှာ ပင်ပန်းလာတယ်... လေးလာတယ်... မစောင့်ထိန်းချင်တော့ဘူး... ၀ိနည်းမရှိတဲ့ ရှင်ရဟန်းဟာ လူနဲ့တူတူပါပဲ... နေတာထိုင်တာ ပြောတာဆိုတာ အားလုံး လူလို ဖြစ်လာတတ်ပါတယ်... သူကိုယ်တိုင် လူလိုဖြစ်လာပြီဆိုရင် လူနဲ့မတူတဲ့ ရှင်ရဟန်းကောင်းတွေအပေါ်မှာ အမြင်စောင်းလာတတ်ပါတယ်...

ရှင်ရဟန်းများ ခေတ်နဲ့အညီ သာသနာပြုတာကို ကောင်းတဲ့ လက္ခဏာမို့ လက်ခံပါတယ်... ခေတ်ကိုမှီလို့ ခေတ်နဲ့အညီ ပျက်စီးတာတော့ မဖြစ်စေလိုပါဘူး... မပျက်စီးဖို့ရာကလည်း သီလသိက္ခာ အစ သိက္ခာသုံးပါးကို နှစ်သက်သူမှသာ ခေတ်နဲ့အမှီ တွဲပြီးပါလာတဲ့ ကာမဂုဏ်တွေကို ကြိုးစားထိန်းနိုင်ပါလိမ့်မယ်... ၀ိနည်း သီလဆိုတာက ရဟန်းတော်များအတွက် ဘေးရန်ကင်းစေဖို့ မြတ်ဗုဒ္ဓရဲ့ မေတ္တာစည်းရိုးကြီးပါ... ခုတော့ သည်စည်းရိုးကို ကိုယ်တိုင် ရိုက်ချိုးထားကြသလိုပါပဲ... ငွေဆိုတာ လူသတ္တ၀ါတွေအတွက် သည်းခြေကြိုက် အစာတစ်ခုပါပဲ... အရပ်သူလူသားတွေ နှစ်သက်တဲ့ငွေကိုမှ ရှင်ရဟန်းတစ်ပါး နှစ်သက်သာယာ မအပ်မစပ် လက္ခံနေပြီဆိုရင် ကျန်သော တံခါးပေါက်တွေ ဖွင့်ထားသလို စည်းရိုးတွေ ရိုက်ချိုးထားသလိုပဲလို့ မြင်မိတာပါပဲ... စည်းရိုးတွေ ကျိုးနေပါပြီ ကျိုးနေတဲ့စည်းရိုးကနေ ဘေးမျိုးစုံ လာတော့မှာပါ... ထိန်းနိုင်သူများလည်း ရှိပါတယ် ထိန်းနိုင်ပါဦးမယ်... မထိန်းနိုင်သူများကတော့ ပျက်စီးတော့မယ်... သာသနာမှာ အရေအတွက်များဖို့ ခက်သလို အရည်အချင်းပြည့်သူ ဖြစ်ဖို့လည်း ခက်ခဲလှပါတယ်... အမုန်းခံပြီး ထိန်းသိမ်း စောင့်ရှောက်မဲ့သူတွေ အများကြီးလိုပါတယ်... ဒါပေမဲ့လည်း အရမ်းကို နည်းနေပါတယ်...

ဒကာဒကာမတွေဘက်ကလည်း ဆွမ်း သင်္ကန်း ကျောင်း ဆေး ထောက်ပံ့ခြင်းထက် ငွေထောက်ပံ့ခြင်းကို နှစ်သက်နေကြပြီပဲလေ... အလှူကို မလှူနဲ့လို့ မတားလိုပေမဲ့ ငွေစက္ကူစာအိပ်လေး ကိုင်ပြီး မအပ်မစပ် လှူကာနီးမှာ အားပါးတရ ဘုန်းကြီးတွေရဲ့နောက်မှာ ရှိနေတဲ့ မြတ်ဗုဒ္ဓမျက်နှာလေးတော့ မော်ကြည့်ပြီးမှ ဆက်လုပ်သင့် မလုပ်သင့် စဉ်းစားစေချင်ပါတယ်... ငါ ခုလုပ်မဲ့အလုပ်ကို မြတ်ဗုဒ္ဓ နှစ်သက်ရဲ့လားလို့ တွေးကြည့်လိုက်ကြစမ်းပါ ဒကာမတို့... ကိုယ်လှူလိုက်တဲ့ စာအိပ်လေးဟာ သာသနာကို ထောက်ပံ့နိုင်သလို... ရှင်ရဟန်းတစ်ပါးကို ပျက်စီးစေနိုင်တဲ့ အနုမြူဗုံးတစ်လုံး ပါသွားတာကို သိစေချင်ပါတယ်...

သည်တော့ ထိုထိုဤဤ ဒကာမကြီးများက ပြောကြပြန်တယ်...

အရှင်ဘုရား ခုခေတ်က အစိမ်းလေးမှမရှိရင် သွားရေးလာရေး နေရေးထိုင်ရေး မလွယ်ဘူးလေတဲ့...

သာသနာပြု လုပ်ငန်းမှာ ငွေဟာ မပါမဖြစ်လိုအပ်ပေမဲ့ ရဟန်းအတွက် မအပ်မစပ်တော့ မဖြစ်သင့်ဘူးပေါ့... မအပ်မစပ် သူပါလာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းဖို့ရာ ရာခိုင်နှုန်းများပါတယ်... စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာပြီဆိုရင်တော့ မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေ နောက်ဆက်တွဲအဖြစ် မြောက်များစွာ ပါလာမှာပါပဲ...

အာပတ်အသင့်ခံပြီး... မပျက်မစီးပဲ တစ်ဖက်က တကယ့်ကို သာသနာပြု လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ ဆရာတော်ဘုရားများ ရှိကြပါတယ်... သာသနာပြုနေတဲ့လုပ်ငန်းက သာဓုခေါ်စရာပါ...

အာပတ်အသင့်ခံတဲ့ကိစ္စကတော့ သာဓုခေါ်စရာ မဟုတ်ဘူးပေါ့...

ခု ဒကာဒကာမတွေ ဖြစ်နေကြတာက ဟိုဝိနည်းတော့ ဖေါက်ကြပါဘုရား... သည်ဝိနည်းလေးတော့ မဖေါက်ကြပါနဲ့လို့ ပြောနေသလိုပဲ... မလွယ်ဘူးလေ... မရတော့ဘူး... ဖေါက်ထားတဲ့ စည်းရိုးက အမှားမျိုးစုံ ဥဒဟို သွားလာတတ်ပါတယ်... ဒီတော့ သူတော်ကောင်းများက ၀ိနည်းစည်းကမ်းတွေ မပေါက်အောင် ၀ိုင်းဝန်းပြီး ထိန်းသိမ်း ပြုပြင်ပေးသင့်တယ်... နောက်ထပ်ဆက်ပြီး မပေါက်အောင် ဘေးကနေ စောင့်ရှောက်ပေးသင့်တယ်... သည်လိုသာ ၀ိုင်းဝန်း စောင့်ရှောက်ကြရင် ဗုဒ္ဓသာသနာကြီးဟာ သက်တမ်းနည်းနည်း တိုးလာမှာပါ... အမျိုးကောင်းသားသမီးတွေ စိတ်ချမ်းသာကြရမှာပါ...

အမျိုးကောင်းသားသမီးတို့ရဲ့ စောင့်ရှောက်မှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၆.21.၂၀၁၀



ကလျာ said...

အရှင်ဘုရားဖြေကြားချက်ကို ကျေနပ်အားရမိပါတယ် ဘုရား။

တပည့်တော်တို့ အနေနဲ့ ရဟန်းတော်များကို စော်ကားလိုစိတ် အလျဉ်း မရှိပါဘူးဘုရား။

တချို့သော ရဟန်းများနဲ့ လူများက ဗုဒ္ဓဘာသာအချင်းချင်း မသင့်မမြတ် ရန်ဖြစ်နေတယ်၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြတယ်လို့ အမြင်တမျိုး ရှိကြပါတယ်ဘုရား။ တချို့ကလဲ အပြောသာ လွယ်ပါတယ်၊ လက်တွေ့မှာ ကိုယ်တိုင် လုပ်ကြရဲ့လားလို့ ရေးကြပါတယ်ဘုရား။

မြတ်စွာဘုရားရှင်ကလည်း မိန့်ကြားခဲ့ပါတယ်ဘုရား။ ငါဘုရားသာသနာတော်ကို ဖျက်ဆီးမည့်သူများက ငါ့သားတော်များပါပဲရယ်လို့ မိန့်မှာခဲ့ပါတယ်။

ဒါပေမဲ့လည်း အရှင်ဘုရားရေးသလိုပါပဲ တပည့်တော်တို့ လက်ထက်မှာ မပျက်မစီးဖြစ်ဖို့က တပည့်တော်တို့ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ခံယူမိတာက တကြောင်း၊ ပျက်စီးချိန် မရောက်ခင် ပျက်စီးမှာ စိုးရိမ်မိတာက တကြောင်းကြောင့်သာလျှင် အခုလို အမုန်းခံပြီး ပြောနေ ရေးနေရပါတယ်ဘုရား။

သာသနာပြင်ပက လူတွေ ပြောချင်သလောက်ပြော ရေးချင်သလောက် ရေးကြပါစေ. တပည့်တော်တို့ ဂရုစိုက်စရာ မလိုပါဘူး။ သာသနာတွင်းက ရဟန်း ရှင် လူတို့ရဲ့ အတွေးမှား အမြင်မှား အထင်မှားတွေနဲ့ ဘုရားသာသနာကို ပြောင်းပြန်လှန်ပြီး ငါ့သာသနာလုပ်နေကြတဲ့ အန္တရာယ်က ပိုပြီး ကြီးလှပါတယ် အရှင်ဘုရား။

ခေတ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင်ဆိုပြီး မဟာယန ဘုန်းတော်ကြီးများကဲ့သို့ အခွင့်အရေးလိုချင်တာမျိုး၊ သိရိလင်္ကာဘုန်းတော်ကြီးများကဲ့သို့ အာဏာလိုချင်တာမျိုး၊ ကွန်ပြူတာနဲ့ အင်တာနက်ကို ကောင်းတဲ့ဖက်မှာ အသုံးမချဘဲ တလွဲဆံပင်ကောင်း အသုံးမှားနေကြတာမျိုးတွေက မဖြစ်သင့်ပါဘူး အရှင်ဘုရား။

တပည့်တော်တို့အနေနဲ့ လက်လှမ်းမှီသလောက် ပြောနေ ရေးနေသော်လည်း၊ ဝိနည်းစည်းကမ်းဖောက်ဖျက်ရင် အာပတ်ဖြေနိုင်ပါတယ်လို့ ဆင်ခြင်ပေးတဲ့ ရဟန်းတွေနဲ့ အကြိမ်ကြိမ်ချိုးဖောက် ခဏခဏ အာပတ်ဖြေနေကြတဲ့ ရဟန်းတွေရဲ့ အင်အားက တနေ့တခြား ပိုမို ကြီးထွားလာနေပါတယ်ဘုရား။

သူများအပြစ်မကြည့်ပဲ ကိုယ့်တရားကိုယ်လုပ်တာ ကောင်းပါတယ်လို့ အထင်ရှိသူ လူတွေ များလာတာကလည်း အပြစ်လုပ် ရဟန်းများကို အထောက်အပံ့ ပေးနေသလို ဖြစ်နေပါတယ် ဘုရား။

ဘယ်လိုပဲ ဖြစ်နေပါစေ. ဘုရားမျက်နှာ သာသနာမျက်နှာတခုတည်းကြည့်ပြီး ပြောနေတာ ဖြစ်လို့၊ ကိုယ့်ဖာသာကိုယ် လိပ်ပြာသန့် လိပ်ပြာလုံနေပါတယ် အရှင်ဘုရား။

အဆိပ်ပင် ရေလောင်းသလို အဖြစ်မျိုးကိုတော့ မလုပ်မိအောင် ကြိုးစားနေပါတယ် အရှင်ဘုရား။
.

No comments: