အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Thursday, June 3, 2010

လိုက်နာခံယူသင့်သော အမေးအဖြေများ-(၄)

ထက်စု - အရှင်ဘုရား တပည့်တော် သိချင်တာတခုရှိလို့ပါဘုရား။ ဘုရားဌာပနာတည်တဲ့အခါ ရွှေတွေ ငွေတွေ ထည့်ပြီး ဌာပနာလုပ်တာ မြေကြီးထဲ မြှပ်နှံထားတာ တွေက ဘယ်ခေတ်ဘယ်အခါက စခဲ့ပါသလဲ. မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေမှာ လုပ်သင့်လုပ်ထိုက်ပါတယ်လို့ ပါပါသလား ဘုရား.။ တပည့်တော် အမြင် အယူအဆ အရ ရွှေငွေတွေကို ဌာပနာမည့်အစား အဲဒါတွေကို ထုခွဲရောင်းချပြီး ဘုရားစေတီပုထိုးများကို အများကြည်ညိုဖွယ်ဖြစ်အောင် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်တာက ပိုပြီး သင့်လျော်ပါတယ်ဘုရား.။ လူအများ နားလည်အောင် ရှင်းပြတော်မူပါဘုရား။

lknt: ဒကာမကြီး ထက်စုရေ... ဘုရားမှာ ရတနာမျိုးစုံ ဌာပနာ (ဌာပနာ=ထားခြင်း) ထည့်၍သိမ်းဆည်း ထားခြင်းက ကောင်းတာလည်းရှိ မကောင်းတာလည်းရှိ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လှူတတ်သူလည်းရှိ ရည်ရွယ်ချက် ဘာမှန်းမသိပဲ လှူလိုစိတ်တစ်ခုနဲ့သူများလုပ်လို့ လုပ်ကြတာလည်းရှိ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကတော့ ဌာပနာထားခြင်းကိုမပြစ်ပယ်တာလည်းအမှန် လုပ်နည်းမှန်ဖို့ လိုအပ်တာလည်း အမှန်ပါပဲ။

ဇာတ်တော်တွေထဲမှာ ရှေးဘုရားရှင်များရဲ့ ဓာတ်တော်တိုက် ဌာပနာတိုက်များအကြောင်း ခဏခဏ ပါတဲ့အတွက် ဘယ်အချိန်က စတင်ခဲ့လည်းဆိုရင်တော့ ရှေးရှေး သဗ္ဗညုတ ဘုရားရှင်များ လက်ထက်ကထဲက စခဲ့တာလို့ ပြောရမှာပါ ခုခေတ် မြတ်ဗုဒ္ဓလက်ထက်မှာဆိုရင်တော့ တပည့်သားရဟန္တာတွေ ပျံလွန်တော်မူရင် ဓာတ်တော်များကို ဌာပနာ၍ စေတီတည်ထားလေသည်လို့ ဆိုပါတယ်။ ရွှေငွေ ရတနာများ ပါသည်လို့တော့ သတိမထားမိပါ။

မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခန်းမှာတော့ ဗန္ဓုလစစ်သူကြီး၏ဇနီး မလ္လိကာ,က မဟာလတာတန်ဆာကို ဘုရားရှင်အား ၀တ်ရုံပေး၍ လှူဒါန်းလိုက်သည်လို့ ဆိုပါတယ်။ ဌာပနာတဲ့ထိတော့ မတွေ့ရပါဘူး။ အရှင်မဟာကဿပနဲ့ မင်းအဇာတသတ်က မြတ်ဗုဒ္ဓရဲ့ဓာတ်တော် မွေတော်များနဲ့အတူ ရတနာတစ်ချို့ ဌာပနာခဲ့တယ်လို့သိရပါတယ်။ တချိန်မှာ စေတီကြီး ပျက်စီးခဲ့သော် တွေ့ရှိသောသူသည် ဌာပနာထားတဲ့ ရတနာတွေကို ထုခွဲပြီး စေတီအသစ် ပြန်လည် ပြုပြင်စေလိုတဲ့ စေတနာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက် စေတီတည်ပြီး ရတနာမျိုးစုံထည့်ဝင် လှူဒါန်းကြတဲ့အခါမှာ သာမန် အလှူဒါနအဖြစ်နဲ့ ထည့်တာလည်း တွေ့ရပါတယ်။ ထုခွဲရောင်းချပြီး စေတီပြုပြင်ရန် စားရိတ်ဖြစ်စေလိုတဲ့ စေတနာတွေလည်း တွေ့ရပါတယ်။ ယတြာချေတဲ့သဘောနဲ့ ထည့်တာတွေလည်း တွေ့ရပါတယ်။ အခြား စိတ်ကူးမျိုးစုံနဲ့ ထည့်ဝင်တာလည်း တွေ့ရပါတယ်။

လှူတဲ့အတွက် ဒါနကတော့ ဖြစ်ပါတယ်။ အကျိုးပေးကတော့ ဉာဏ်နဲ့စေတနာပေါ်မှာ မူတည်မယ်။ နောက်ပိုင်း တန်ဖိုးရှိရှိ အသုံးချခွင့် ရမရကတော့ သတ်သတ်ပေါ့။ ခုခေတ်သုံးနေတဲ့ငွေ သိန်း ၁၀၀ ဌာပနာတဲ့ထဲထည့်၊ နောင်နှစ် ၁၀၀-မှာ ပြန်လည် တူးဖေါ်မယ်ဆို ဘုရားပြုပြင်ဖို့ ဘာမှရမှာ မဟုတ်ပါဘူး။ သည်အဖြစ်အပျက်မျိုးတွေက အများကြီးတွေ့ရပါတယ်။

ရှေးဟောင်းဘုရားကြီးတစ်ဆူ ပျက်ဆီးပြီး ဌာပနာတွေ ထွက်လာပါတယ်။ ဓာတ်တော်တွေကော ဆံပင်တွေကော ပစ္စည်းမျိုးစုံပါပဲ။ အဲဒီထဲမှာမှ ငွေတုံး အကြီးကြီးတစ်တုံး၊ သူ့ဘေးမှာမှ စာကတော့ ရောင်းချ၍ ဘုရားပြုပြင်ပါလေတဲ့။ သည်တော့ ခုခေတ်မှာက ငွေကတန်ဖိုးမရှိ ရွှေကမှ တန်ဖိုးရှိတဲ့အချိန် သူ့ငွေတုံးက ရောင်းလိုက်တော့ ဘာမှမဖြစ်လောက်။ ထည့်တဲ့အချိန်တုန်းကတော့ တန်ဖိုးရှိလို့ ထည့်လှူလိုက်တာမျိုး ဖြစ်မှာပါပဲ။

ပုဂံငလျှင်ကြောင့် ဘုရားတွေ ဗိုက်မပေါက်ပဲ ဌာပနာကြောင့် စေတီ, ဆင်းတုတွေ ဗိုက်ပေါက်ရတာ အများကြီးပါပဲ။ ဗိုက်ပေါက်ခြင်းကတော့ ဌာပနာပစ္စည်းတွေလိုချင်လို့ သူခိုး ဖေါက်တာရယ်၊ ဌာပနာလှိုဏ်ခေါင်းတွေကြောင့် စေတီတော်မတောင့်တင်းပဲ နေတာကြောင့်ရယ်ပါ။ သတိပြုဖွယ်ရာ ဖြစ်ပါတယ်။ ထည့်ခြင်းထည့်လျှင်တော့ ဓာတ်တော်များနဲ့အတူ၊ တရားတော်အစစ်အမှန်များ၊ သာသနာသုံးပစ္စည်းများကို မှတ်တမ်းအဖြစ် ဌာပနာခြင်းက ပိုပြီး သင့်လျှော်တယ် ထင်တာပါပဲ။

တစ်ချို့ စေတီအသစ်တည်တဲ့အခါ သဒ္ဓါတရားက အစပိုင်းမှာ အရမ်းကောင်းကြတော့ ဌာပနာတဲ့ထဲ ပစ္စည်းတွေ များစွာထည့်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း စေတီက ပြီးအောင်မတည်နိုင်နှင့် အလှူရှင်ကို စောင့်မျှော်နေကြရသော စေတီများကိုလည်း တွေ့ခဲ့ဘူးပေတယ်။ မသင့်တော်ပါပေ။

သည်လိုဖြစ်မည့် အနေအထားမျိုး ရှိကြပါက ဌာပနာကို စေတီပြီးမှ စိတ်ကြိုက်ထည့်ပြီး ပိတ်လို့ရသောစနစ်မျိုး တည်သင့်ပေတယ်။ အောက်ဌာပနာ အရင်ထည့်ကြရမယ် ပြီး အလယ်ဌာပနာ ပြီးအပေါ်ဆုံးဌာပနာ ထည့်ပိတ်ကြရမည်ဟု မြတ်စွာဘုရား ဟောကြားချက်မျိုး မတွေ့ဖူးပါပေ။

ပုဂ္ဂိုလ်များ၏အပြောသာ ရှိပါပေသည်။

လှူဒါန်းခြင်းဆိုတာက ကောင်းပါတယ်။ ဘယ်လိုပစ္စည်း ထည့်သင့်တယ်ဆိုတာလည်း စဉ်းးစားဖို့ လိုပါတယ်။ ယတြာချေတဲ့သဘောနဲ့ ထည့်ခြင်းကတော့ လုံးဝကို မလုပ်သင့်ပါဘူး။ ပြုပြင်လှူဒါန်းစရာ နေရာ စေတီပုထိုးတွေ အများကြီး ဘေးဖယ်ထား၊ မပြီးပြတ်သေးတဲ့ဘုရား ဘေးဖယ်ထားပြီး၊ အနီးအနားက နာမည်ကြီးဘုရားမှာ ဌာပနာတွေ ဇွတ်ထည့်တာလည်း စဉ်းစားဖွယ်ရာပါပဲ။

ခုခေတ်အနေနဲ့ ငတ်မွတ်တဲ့ဘေးတွေ များလှပါတယ်။ ဒါကြောင့် လက်ရှိ ငတ်မွတ်ခေါင်းပါးတဲ့ နေရာတွေမှာလည်း အသုံးချခြင်းဟာလည်း ကောင်းမွန်ပါတယ်။ မိမိဘေးမှာ ငတ်နေသူ လိုအပ်နေသူတွေကို မပေးကမ်းပဲ ဘုရားဌာပနာထည့်ခြင်းကလည်း စဉ်းစားစရာပါပဲ။

ဒါနမို့ မထည့်နဲ့လို့တော့ မပြောလိုပါဘူး။ မြတ်ဗုဒ္ဓအလို ကျ,မကျ စဉ်းစားသင့်တာပါ အခြေအနေ အချိန်အခါတွေကို ကြည့်ပြီး ဉာဏ်ယှဉ် အလုပ်လုပ်ကြဖို့တော့ လိုပါတယ်။ ဗုဒ္ဓဘာသာဟာ ဉာဏ်အလုပ်ပါ၊ ဉာဏ်ယှဉ်ဖို့ အရေးကြီးပါတယ်။ ဉာဏ်ရှိဖို့ရာလေ့လာပါ။ အရာရာကို လေ့လာသုံးသပ် ဆင်ခြင်ရပါမယ်။ ဌာပနာနဲ့ ပါတ်သက်လာတော့ ကြုံလို့ပြောတာပါ။

သည်ဘက်မှာ ကြားလိုက်ရတာ စေတီတစ်ဆူမှာ ဌာပနာဖို့ ပုဂ္ဂိုလ်တစ်ဦးက လည်ပြီး အလှူခံပါတယ်တဲ့။ ရလာတဲ့ထဲက စိန်နားကပ်ကြီးတစ်ရံဟာ မကြာခင်မှာပဲ သူနဲ့ပါလာတဲ့ အမျိုးသမီးနားမှာ မြင်ရတော့ ပြဿနာမျိုးစုံ ရှုပ်ထွေးသွားပါတယ်။ ဒါမျိုးတွေကလည်း လောကကြီးမှာ အများသား မစွပ်စွဲပါဘူး။ ဗဟုသုတ
ပြောပြရုံပါ။ ဘာကြောင့်ဆို ဘေးပယောဂကြောင့် အပုပ်နံ့လှိုင် အထင်အမြင် လွဲမှားတတ်တာတွေကလည်း ရှိပါတယ်။

တစ်နေ့က လမ်းလျှောက်ရင်းနဲ့ အပုပ်နံ့ရလို့ ကြည့်လိုက်တော့ ပုံးလေးထဲမှာ ကြွေကျတဲ့ သစ်သီးနဲ့ မြက်တချို့ မိုးရေနဲ့တွေ့ပြီး အတော်လေးပုပ်နေတာတွေ့ရလို့ နေပူရာမှာ သွန်ပြစ်ပြီး လက်ဆေးတယ်။ ဒါပေမဲ့ သည်အပုပ်နံ့က တော်တော်နဲ့ပျောက်မသွားဘူး။ လူမှာစွဲနေတယ်လေ။

ဟိုမှာလှူ သည်မှာမလှူနဲ့ ဆိုတာမျိုးကတော့ မပြောသင့်တဲ့အရာမို့ မပြောလိုပါဘူး။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်ဗုဒ္ဓအလိုကျနဲ့ အတော်အလှမ်းကွာဝေးနေတာ တွေ့ရပါတယ်။

မြတ်ဗုဒ္ဓအလိုကျ မြင်နိုင် သိနိုင်ကြပါစေ။

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ။

ဦးလောကနာထ
(၅.၂၆.၂၀၁၀)
.

1 comment:

Unknown said...

ရဟန်းတွေနိုင်ငံရေးမှာပါဝင်တာကိုအမြင်လေးတွေပြေပြစေချင်ပါတယ်၊ကျေးဇူးတင်ပါတယ်