အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Sunday, July 19, 2009

စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ…..

မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဝင်ဟု သတ်မှတ်ရုံမျှဖြင့် စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်မည်မဟုတ်ပေ။ ဘာသာတရားဟူသည် ခိုင်မာသောယုံကြည်မှုပေါ် အခြေခံလျက် အပြောနှင့်မဟုတ်၊ လက်တွေ့ လိုက်နာဆောင်ရွက်မှသာလျှင် စစ်မှန်သော ဘာသာဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။

ခိုင်မာသောယုံကြည်မှု..
စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို ကိုးကွယ်ရာ၊ အားထားရာ၊ ယုံကြည်ရာအဖြစ် ရိုရိုသေသေ ဆည်းကပ်ပူဇော်သင့်ပါတယ်။ ရတနာသုံးပါးမှ အပ၊ အခြားသော ၃၇မင်း နတ်များ၊ ဘိုးတော်များ၊ မယ်တော်များကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပူဇော်မည်ဆိုပါက၊ သရဏဂုံပျက်စီးလျက် ဗုဒ္ဓဘာသာဝင်အဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။ ထို့ပြင် ဗေဒင်၊ ယတြာ၊ အင်း၊လက်ဖွဲ့၊ဂါထာ၊မန္တန် စသည်များကို ယုံယုံကြည်ကြည် လိုက်နာဆောင်ရွက်ပါကလည်း ဗုဒ္ဓဘာသာဝင်ဟု မခေါ်ဆိုနိုင်တော့ပေ။

အပြောနှင့်မဟုတ်၊ လက်တွေ့လိုက်နာဆောင်ရွက်မှု…
အချို့သောသူများသည် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါဟု သတ်မှတ်နေသော်လည်း၊ မြတ်စွာဘုရား၏ အဆုံးအမများကို လက်တွေ့တွင် လိုက်နာဆောင်ရွက်မှုမရှိကြပေ။

မြတ်စွာဘုရားကို ရှိခိုး ဦးချစရာမလို၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာဖို့သာ အဓိကဟု ကြွေးကြော်နေကြသော်လည်း၊ လက်တွေ့တွင်မူ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာရန်မဆိုထားနှင့်၊ မြတ်စွာဘုရားကိုတောင် ယုံကြည်မှုမရှိ၊ သံသယနှင့် ဆည်းကပ်ကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။ ထိုသို့သော လူများနှင့် နှိုင်းစာလျှင် မြတ်စွာဘုရားကို သံသယမရှိ၊ ယုံယုံကြည်ကြည် ဆည်းကပ်ပူဇော် ဦးချနေသူကသာလျှင်၊ မြတ်စွာဘုရား၏ အဆုံးအမကို အချိန်ပြည့်မလိုက်နာနိုင်သော်လည်း၊ ရှိခိုးပူဇော်နေသော အခိုက်အတန့်တွင် ငါးပါးသီလလုံခြုံလျက်၊ ကုသိုလ်များစွာနဲ့ အချိန်ပိုင်း စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်နေပါတယ်။

စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်စေရန်……..
၁) ဘုရား၊ တရား၊ သံဃာစသော ရတနာသုံးပါးကို သံသယမရှိ ယုံယုံကြည်ကြည် ဆည်းကပ်ကိုးကွယ် အားထားသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

၂) မိမိပြုသော အကြောင်းတရား - အကောင်းအဆိုး မှန်သမျှကြောင့် အကျိုးတရား - ကောင်းကျိုး၊ဆိုးကျိုးကို ရရှိစံစား၊ ခံစားစေနိုင်သည်ဟူသော ကံ-ကံ၏အကျိုးကို အကြွင်းမဲ့ ယုံကြည်ဖို့လည်းလိုအပ်ပါတယ်။

၃) ကာယကံ၊ ဝဇီကံ၊ မနောကံတည်းဟူသော ကံသုံးပါးကို စင်ကြယ်စေရန် ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့နှင့် ငါးပါးသီလကို တတ်နိုင်သမျှ အစဉ်အမြဲ လုံခြုံအောင်ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

အထက်ပါ အချက်သုံးချက်စလုံးနှင့် ပြည့်စုံမှသာလျှင် စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။ ထိုသို့မဟုတ်ပါက အယောင်ဆောင် အမည်ခံသာလျှင် ဖြစ်နိုင်ပေမည်။

1 comment:

မောင်ကောင်း said...

လာလည်ပါတယ်ဗျာ.. စီဘောက်စ်မရှိလို့ ဒီမှာပဲမန့်ခဲ့ပါတယ်.. သာသနာတော်ကို တဖက်တလမ်းက အကျိုးပြုနေတဲ့အတွက် သာဓုခေါ်သွားပါတယ်.. သာသနာတော်ကို အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရင်း မိမိရည်မှန်းရာ ပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေဗျာ.. ဆက်လက် ရေးသားဖိုလည်း အားပေးနေပါတယ်.. လင့်လေးလည်းယူသွားပါတယ်...