အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Monday, January 25, 2010

လောကသံသရာစက်ဝိုင်း

လောကသစ္စာ အမှန်တရားနဲ့

လူသားအားလုံး သိထားသင့်တာ

အရှိတရားထက် အသိတရားက

ပိုပြီး အရေးကြီးပါတယ်……………။



အရှိတရားနဲ့ ကြည့်ရင်

အရာအားလုံး အမြဲရှိတယ်ထင်ရပေမဲ့

အသိတရားနဲ့ ပိုင်းခြားတတ်ရင်တော့

မမြဲတဲ့ သဘောကို စစ်ကြောတတ်မှာပါ…။



ထင်ယောင်ထင်မှား အမြင်ဖောက်ပြားမှုနဲ့

အတုအယောင်ကို အစစ်အပြောင်လိုတွေး

အတိုက်အခံကို အပြတ်အမှန်လို့ရွေး

ငရဲကြမ်းကို အသဲပန်းလို့ ထင်နေကြတာပါ…။



ကံ-ကံ၏ အကျိုးဆိုတဲ့ အရှိတရားကို

မှန်-မမှန် စစ်တတ်တဲ့ အသိတရားနဲ့

အတိအကျ လက်ခံထားမယ်ဆိုရင်

မကောင်းမှုဆိုတာ လုပ်ရဲကြဦးမလား…။



အတိတ်အကြောင်းကြောင့် လက်ရှိအကျိုးဖြစ်တယ်

လက်ရှိအကြောင်းကြောင့် အနာဂတ်အကျိုးလာတယ်

ဆိုတဲ့ သဘောတရားကို လက်ခံထားတာက

တကယ်ရှိသင့်တဲ့ အသိတရားပါ...။



ဘဝအကျိုးပေး ကောင်းမွန် - နုံချာ

ရုပ်ရည်ရူပကာ ချောမော - မလှတာ

ပိုင်ဆိုင်ချမ်းသာ - ခံစားဆင်းရဲ

မတူညီ ကွာခြားနေတာ

အဲဒီ့ ကံအကျိုးပေးတွေကြောင့်ပေါ့…။




လူနဲ့ တိရိစ္ဆာန် ကွာခြားချက်မှာ

အသိတရားရှိမှုနဲ့ မရှိမှုပါပဲ

မရှိ အသိတရား လူသားတိုင်းအား

ခေါ်ဝေါ်သုံးစွဲ တိရိစ္ဆာန်ပဲ ဟု...။



အမှန်စင်စစ် လူတိုင်း လူတိုင်း

အတိတ်ကိုကြောက်ပြီး မေ့လို့မရပါဘူး

ပစ္စုပ္ပန်ကို မုန်းပြီး ထွက်ပြေးလို့လဲ မရပါဘူး

အနာဂတ်ကို မလိုချင်လို့လဲ ရှောင်ကွင်းလို့မရပါဘူး

အရာအားလုံးက သဘာဝတရားနဲ့
စက်ဝိုင်းသဘော လည်ပတ်နေမြဲ လည်ပတ်နေဆဲပါ……။
.

Tuesday, January 12, 2010

မိမိဂုဏ်မြှင့် ပွဲလယ်တင့်..

ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ကောင်းသောလူရှိသကဲ့သို့၊ ဆိုးသောလူလည်း ရှိပါသည်။ လူတစ်ဦးချင်း၏ ကောင်းမှုဆိုးမှုသည် လူမျိုးနှင့် မသက်ဆိုင်သကဲ့သို့၊ ကိုးကွယ်သည့်ဘာသာနှင့်လည်း ပတ်သက်မှုမရှိပေ။ ထိုလူ၏ ကောင်းမွေ၊ ဆိုးမွေသည် ၄င်း၏ အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ်ရေးရာနှင့်သာ သက်ဆိုင်မှုရှိပါသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာတရား..
ထေရဝါဒဗုဒ္ဓဘာသာဟူသည် ကိုးကွယ်ယုံကြည်မှု ရှိရုံသာမက၊ ကျင့်ကြံအားထုတ် လိုက်နာဆောင်ရွက်မှုလည်း ရှိရန် အထူးလိုအပ်ပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်စည်းကမ်း နည်းလမ်းကို အားထုတ်သူ မည်သည့်ဘာသာဝင်မဆို မြတ်တရားဓမ္မ၏ အကျိုးတရားကို ခံစားနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် ဖန်ဆင်းသူမဟုတ်သကဲ့သို့၊ တန်ခိုးရှင်လဲ မဟုတ်ပေ။ မြတ်ဓမ္မတရားများကို ဟောပြောပြသသူ၊ လမ်းညွှန်ပြသသူ ဆရာသခင်သက်သက်သာလျှင် ဖြစ်ခဲ့ပါသည်။ အမှန်စင်စစ် မိမိတို့၏ဘဝ ဖန်ဆင်းရှင်အစစ်အမှန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြုလုပ်သော အကြောင်းတရားများပင် ဖြစ်ပါသည်။ မိမိတို့ပြုလုပ်သမျှ အကြောင်းတရားကံများကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားများကိုသာ သံသရာတလျှောက် စံစား ခံစားကြရမည် ဖြစ်ပါသည်။

မြင့်မြတ်သောလူမျိုးဆိုသည်မှာ…
မြင့်မြတ်သောလူမျိုးဟူသည် စိတ်ဓာတ်ရေးရာ ကောင်းမြတ်သည်နှင့်အညီ၊ ဘာသာတရား၏ အဆုံးအမကို တသွေမတိမ်း လိုက်နာလေ့ရှိပါသည်။ အထူးအားဖြင့် အပြောအဆို အပြုအမူအရ ယဉ်ကျေးလိမ္မာသည့်အပြင် တခြားသောလူမျိုးနှင့် သူတပါး၏ ဘာသာတရားကို ဆိုးဝါးစွာ ပုတ်ခတ် ဝေဖန်လေ့မရှိကြပေ။

သူ့ဂုဏ်နှိမ့်ချ မိမိဂုဏ်ပိုနိမ့်ကျ
သူတပါး၏ဂုဏ်သိက္ခာကို နှိမ့်ချပြောဆိုခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို မြင့်တက်စေလိမ့်မည် မဟုတ်ပေ။ ထို့အတူ မိမိဘာသာ၏ ကြီးမြတ်မှုကို ထုတ်ဖော်ရမည့်အစား၊ သူတပါး၏ ဘာသာတရားကို မဟုတ်တန်းတရား ပုတ်ခတ်ဝေဖန်နေခြင်းသည် မယောင်ရာဆီလူး၊ အချိန်ကုန်လူပန်း အကျိုးမဲ့ဖြစ်စေပါသည်။ မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှုကို ထုတ်ဖော်ဝန်ခံနေသကဲ့သို့ ဖြစ်နေပါသောကြောင့် အထူးရှောင်ရှားရန် လိုအပ်လှပါသည်။ သူတပါး၏ကဲ့ရဲ့ ပုတ်ခတ်ခြင်းကြောင့် မိမိ၏ဂုဏ် နိမ့်ကျ ယုတ်လျော့မှု မရှိပါသော်လည်း၊ သူတပါးအား နှိမ့်ချပုတ်ခတ်မိပါက မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှု ပြသမိပါသောကြောင့် ရှိရင်းစွဲဂုဏ်သိက္ခာကို ထိခိုက်နိမ့်ကျစေပါသည်။

ဟုတ်လျှင်နာ၊ မဟုတ်လျှင် နာစရာမလိုပါ...
မိမိတို့အား စွပ်စွဲကဲ့ရဲ့ခြင်းသည် မှန်ကန်မှုမရှိပါက နာကျင်ခံစားစရာ လုံးဝ မလိုအပ်သလို၊ ပြန်လှန် တုန့်ပြန်စရာလည်း မလိုအပ်လှပေ။ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ နာကျင်နေခြင်းသည် မိမိတို့၏ လုပ်ရပ်မှားယွင်းမှုကို အများအား ဝန်ခံနေသည်နှင့် တူလှပါသည်။

ပုတ်ခတ်စွပ်စွဲကဲ့ရဲ့ခြင်းသည် အကျိုးမရှိပါ…
မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားဒေသနာများတွင် သူတပါး၏ ယုံကြည်ကိုးကွယ်ခြင်းအား ထိပါးစော်ကားမှုကို အားပေးခြင်း လုံးဝမပါရှိပါ။ ဒေသစွဲ၊ လူမျိုးစွဲ၊ ဒိဋ္ဌိစွဲဖြင့် လူလူချင်း နိုင်ထက်စီးနင်း ပြုမူခြင်းထက် သတ္တဝါအားလုံးအပေါ် တူညီသော မေတ္တာထားခြင်းကိုသာ ဆုံးမစကား ဟောကြားတော်မူခဲ့ပါသည်။ လူသားတို့သည် မိမိတို့ ကံဇာတ်ဆရာ၏ စီမံမှုအောက်တွင် အယူခံခွင့်၊ ရွေးချယ်ပိုင်ခွင့် လုံးဝမရှိဘဲ ဘဝအမျိုးမျိုး ဒေသအမျိုးမျိုးတို့၌် လူမျိုးကွဲ ဘာသာကွဲများအဖြစ် ကွဲပြားစွာ ကျင်လည်နေကြရပါသည်။ အတိတ်ဘဝ၏ ပါရမီဓာတ်ခံ ပါလာသူအချို့သာလျှင် မြတ်စွာဘုရား၏ တရားစစ် တရားမှန်ကို လေ့လာလိုက်စားခွင့် ဆည်းပူးကျင့်သုံးခွင့် ရရှိကြပါသည်။ ယုံကြည်မှုမရှိသောသူများ၊ အသိဥာဏ်မမှီသော မိစ္ဆာဒိဋ္ဌိများအား ဆွဲဆောင်စည်းရုံးခြင်း ပြုလုပ်ကြမည့်အစား၊ အမှန်တကယ် တရားဓမ္မများကို ကြည်ညိုသက်ဝင်သော်လည်း လမ်းလွဲ၊ လမ်းမှားရောက်နေသူများကိုသာ စေတနာဖြင့် လမ်းမှန်ရောက်စေရန် ကူညီပေးခြင်းသည် ပိုမိုသင့်လျော်လှပါသည်။

မိမိဂုဏ်မြှင့် ပွဲလယ်တင့်…
မိမိတို့လူမျိုး၊ မိမိတို့ဘာသာ၊သာသနာ တိုးတက်မြင့်မားမှုကို ဆောင်ရွက်ခြင်းသည်သာ အကျိုးကျေးဇူးများနိုင်ပြီး၊ သူတပါးလူမျိုး၊ သူတပါး၏ ဘာသာတရားကို ကဲ့ရဲ့ပုတ်ခတ်စော်ကားခြင်းသည် မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်လှပါသည်။ ဥပမာအားဖြင့် မိမိတို့၏ အိမ်ခြံစည်းရိုးအား လုံခြုံအောင် စောင့်ရှောက်နိုင်ပါက မည်သည့်ရန်သူ သူခိုးဂျပိုးများ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထိုသို့မဟုတ်ပဲ မိမိတာ မိမိ လုံအောင် မကာကွယ်ပဲ သူတပါးအား ရန်လို အမုန်းထားမည် ဆိုပါက ရန်သူများ၏ ဝါးမျို ဖျက်ဆီးမှုကို အချိန်မရွေးခံရနိုင်သည်ကို သတိပြုကြစေလိုသည်။ ထိုကြောင့် မိမိလူမျိုး၊ ဘာသာ သာသနာ၏ ဂုဏ်ကျက်သရေကို မြှင့်တင်နိုင်မှသာ ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်စေနိုင်ပါသည်။ ။
.

Sunday, January 3, 2010

ကိုယ်တွေ့သုံးမျိုး..

ဝိပဿနာတရားများ ဟောပြော ပြသကြရာတွင် ကိုယ်တွေ့သုံးမျိုးရှိ၏။ ယင်းတို့ကား ဗုဒ္ဓကိုယ်တွေ့၊ ဆရာ့ကိုယ်တွေ့၊ မိမိကိုယ်တွေ့တို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတွင် မှားနိုင်သော ကိုယ်တွေ့ကား ဆရာ့ကိုယ်တွေ့နှင့် မိမိကိုယ်တွေ့ပင်ဖြစ်၏။ မမှားနိုင်သော ကိုယ်တွေ့ကား ဗုဒ္ဓကိုယ်တွေ့ပင် ဖြစ်၏။ ဗုဒ္ဓကိုယ်တွေ့တရားများကို ပါဠိတော်၊ အဋ္ဌကထာတို့တွင် တွေ့မြင်နိုင်ပါ၏။

တစ်ချို့သောသူများကား ဗုဒ္ဓကိုယ်တွေ့ကို အဓိကမထားဘဲ ဆရာ့ကိုယ်တွေ့နှင့် မိမိကိုယ်တွေ့များကိုသာ ရှေ့တန်းတင်ပြီး ဟောပြောပြသနေကြရာ ဥာဏ်နုနယ်သော ယောဂီများအတွက် ရင်လေးဖွယ်ပင်ဖြစ်ပါ၏။ တို့က ခန္ဓာကိုယ်တွေ့ကို ဟောနေတာ၊ ပိဋကတ်စာအုပ်တွေ ကြည့်ဟောတာမဟုတ်ဘူး ဟူသော တရားရတနာပယ်သည့် စကားများကို မရှက်မကြောက်ပြောရဲသူများ ပေါ်လာကြပေပြီ။

စေ့စေ့တွေး ရေးရေးပေါ်ဟူသော စကားအတိုင်း ဗုဒ္ဓညွှန်ပြသော တရားများကို ကျင့်သုံးနေပါလျက်၊ ဗုဒ္ဓကိုယ်တွေ့ကို ပယ်ထားမည်ဆိုလျှင် အဘယ်မှာ အမှန်ကို ဆိုက်ရောက်နိုင်တော့မည်နည်း။ ဂိုဏ်းစွဲ၊ လူမျိုးစွဲ၊ ဆရာစွဲများသည် ရဟန်းများကိုသာ ဒုက္ခပေးသည်မဟုတ်။ ကိုးကွယ်သော ဒကာ၊ ဒကာမများကိုပါ ဒုက္ခပေးပါ၏။ ဆရာစွဲ၊ ရိပ်သာစွဲ အတ္တများကြောင့် အကျိုးယုတ်ကြရသော ဒကာ၊ ဒကာမ များစွာကို တွေ့နေရပါ၏။

တရားပွဲရှိလျှင် မိမိတို့ဝင်သော ရိပ်သာတရားနည်းဖြင့် ဟောသော ဓမ္မကထိက ဟုတ်မဟုတ် အရင်လေ့လာကြသည်။ မိမိတို့ရိပ်သာနည်းဖြင့် ဟောသော ဓမ္မကထိကဆိုလျှင် အဟောကောင်းကောင်း မကောင်းကောင်း သွားနာကြသည်။ တခြားရိပ်သာနည်းဖြင့် ဟောသောတရားဖြစ်လျှင် ဓမ္မကထိက မည်မျှပင် အဟောကောင်းကောင်း သွားမနာကြတော့ပေ။ ထိုသို့ သွားမနာလျှင် မနာယူသူသာ အကျိုးယုတ်စရာရှိကြောင်း သတိထားသင့်ပါသည်။ မြန်မာပြည်တွင် သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းရှိသည်။ ၄င်းတို့ကား သုဓမ္မာ၊ ရွှေကျင်၊ မဟာဒွါရ၊ မူလဒွါရ၊ အနောက်ချောင်းဒွါရ၊ ဝေဠုဝန်၊ စတုဘုမ္မိကငှက်တွင်း၊ မဟာရင်၊ ကဏဝိမုတ် တို့ဖြစ်သည်။

တချို့ဂိုဏ်းစွဲအားကြီးသော ဒကာ၊ ဒကာမများသည် မိမိတို့ ကိုးကွယ်သောဂိုဏ်းမှ သံဃာများကိုသာလျှင် သံဃာထင်သည်။ အခြားဂိုဏ်းမှ သံဃာများဆိုလျှင် သံဃာပင် မထင်သည့်အထိ အထင်သေးတတ်ကြသည်။ တချို့ဒကာ၊ ဒကာမများကား အတွေးအခေါ်ပညာနှင့် သဒ္ဓါမျှတကြသောကြောင့် ဂိုဏ်းစွဲမထား၊ သံဃာဆိုလျှင် ဘုရားသားတော်ဟု သဘောထားကာ ကြည်ညိုနိုင်ကြသည်။ ထိုဒကာ၊ ဒကာမ နှစ်မျိုးအနက် မည်သည့်အမျိုးအစားက ကုသိုလ်တရား ပို၍တိုးပွားကြောင်းကို ပထမ မစိုးရိမ်ဆရာတော်ဘုရားကြီး တွေးခေါ်မြော်မြင်ပြထားသည်မှာ- <<တပည့်တော်တို့ မြန်မာပြည်မှာ ဘုန်းကြီးကိုးကွယ်ကြတာ ဒကာ၊ ဒကာမနှစ်မျိုး တွေ့ရတယ်။ တစ်မျိုးက ဂိုဏ်းဂဏမရွေး သံဃာမှန်သမျှ၊ ဘုန်းကြီးမှန်သမျှ ကိုးကွယ်တဲ့ ဒကာ၊ ဒကာမ၊ တစ်မျိုးက ဂိုဏ်းဂဏရွေးချယ်ပြီး ကိုယ့်ဂိုဏ်းသံဃာမှ ကိုးကွယ်တဲ့ ဒကာ၊ ဒကာမ၊ အဲဒီ နှစ်မျိုးအနက် ဂိုဏ်းဂဏမရွေး ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေကသာ သံသရာမှာ အထက်တန်းက နေရမှာပဲ >> ဟု ပြောဆိုလျှောက်ထားသည့်အခါ <<ဘာဖြစ်လို့လဲ ဆရာတော်>> ဟု ဆရာတော်တစ်ပါးက မေးလိုက်သည်။

ထိုအခါ ဆရာတော်ကြီးက <<ဂိုဏ်းဂဏမရွေးချယ်တဲ့သူက ဘုန်းကြီးမှန်လျှင် ဘယ်ဘုန်းကြီးပဲဖြစ်ဖြစ် ဝတ်ချမှာပဲ၊ လှူစရာရှိ လှူမှာပဲ။ ဒီတော့ ဘုန်းကြီးနဲ့ တွေ့တိုင်း ကုသိုလ်ဖြစ်တာပေါ့။ ဂိုဏ်းဂဏ ရွေးချယ်တဲ့သူက ကိုယ့်ဂိုဏ်းက ဘုန်းကြီးမှ ဝတ်ချချင်မှာ၊ လှူချင်မှာ။ သူများဂိုဏ်းက ဘုန်းကြီးဆိုရင် ဝတ်ချချင်မှချမှာ၊ လှူချင်မှ လှူမှာ၊ ဒီတော့ သူများဂိုဏ်းက ဘုန်းကြီးတွေ့လျှင် သူ့မှာ ကုသိုလ်ဖြစ်မှာမဟုတ်ဘူး >>ဟု မိန့်တော်မူသည်။

ထိုအခါ မေးသည့်ဆရာတော်က <<ဝိစေယျဒါနံ ဒါတဗ္ဗံ၊ ပုဂ္ဂိုလ်ရွေးချယ်ပြီး လှူရမယ်လို့ ရှိတယ်မဟုတ်လားဘုရား>> ဟု ထပ်၍ လျှောက်ထားလေသည်။

ဆရာတော်ကြီးက <<ရှိပါတယ်၊ အဲဒါက ဥာဏ်နုသူများအတွက် ဟောထားတဲ့တရားပဲ။ ဥာဏ်ရင့်သူတွေဆိုတာက လယ်လုပ်တတ်သူနဲ့ တူတယ်။ လယ်လုပ်တတ်သူဟာ မြေသြဇာကောင်းတဲ့နေရာမှာ စိုက်စိုက်၊ မြေသြဇာမကောင်းတဲ့ နေရာမှာစိုက်စိုက်၊ နောက်ဆုံး တောင်ထိပ်တက်ပြီး လယ်လုပ်ဦး၊ အသီးအနှံ ထွက်လာတာပဲ။ ဒါကြောင့် လယ်လုပ်တတ်သူအဖို့ မြေနေရာရွေးဖို့ မလိုဘူး။ ဥာဏ်နုသူတွေကတော့ လယ်မလုပ်တတ်သူနဲ့တူတယ်။ လယ်မလုပ်တတ်သူဟာ မြေသြဇာကောင်းတဲ့နေရာကို ရွေးချယ်ပြီး လုပ်မှ အသီးအနှံရတယ်။ ဒါကြောင့် လှူတဲ့ တန်းတဲ့နေရာမှာ ပုဂ္ဂိုလ်ရွေးချယ်ပြီးလုပ်မှ အသီးအနှံရတယ်။ ဒါကြောင့် လှူတဲ့တန်းတဲ့ နေရာမှာ ပုဂ္ဂိုလ်ရွေးချယ်ပြီး လှူကြဖို့ ဝိစေယျဒါနံ ဒါတဗ္ဗံလို့ ဟောတာပဲ >>ဟု အဆုံးအဖြတ်ပေးတော်မူခဲ့ပါသည်။

ဂိုဏ်းစွဲ၊ လူမျိုးစွဲ၊ ဆရာစွဲရှိသူများသည် ရရှိမည့်ကုသိုလ်များ ဆုတ်ယုတ်ရုံသာမကသေး၊ မဖြစ်သင့်သည့် အကုသိုလ်အပိုများပါ ထပ်ဖြစ်ရပါသေးသည်။ ဥပမာအားဖြင့် ဂိုဏ်းစွဲမရှိလျှင် မိမိထက်သာမှသာ ဣဿာမစ္ဆရိယ အကုသိုလ်ဖြစ်မည်။ ဂိုဏ်းစွဲရှိခဲ့လျှင်ကား မိမိဂိုဏ်းထက် တခြားဂိုဏ်းက သာသွားလျှင် ဂိုဏ်းအတွက်ပါ ဣဿာမစ္ဆရိယ အကုသိုလ်ထပ်ဖြစ်ရပြန်ပါသည်။

<<အရှင်ဇဝန - မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော အတွင်းရန်သူ စာအုပ်မှ ကောက်နှုတ်ချက်>>
.