အသိဉာဏ်ဆိုသည်မှာ... အကောင်းအဆိုး အကြောင်းအကျိုး... အမှားအမှန်များကို ကောင်းစွာ ဝေဖန် ပိုင်းခြား ဆင်ခြင် သိမြင်နိုင်ခြင်းကို ဆိုလိုပါသည်.....

Wednesday, June 24, 2009

ဘုရားပစ္စည်းနှင့်သံဃာ့ပစ္စည်း

ဘုရားပစ္စည်း ငရဲမီး၊ သုံးနည်းအလွန်ခက်။
သံဃာ့ပစ္စည်း အဆိပ်သီး၊ စားနည်းအလွန်ခက်။
စားသုံးမိလျှင် တနင်နင်၊ သေလျှင်အလွန်ခက်။
ငရဲသို့ကျ ဝဋ်ဒုက္ခ၊ လွတ်ပြန်ရဖို့ခက်။
ငရဲဘဝ လွတ်ပြန်က၊ လူ့ဘုံရောက်ဖို့ခက်။
လူ့ဘုံရောက်ခါ သာသနာ၊ ကြုံပြန်ရဖို့ခက်။
သာသနာတွင် ကြုံကြိုက်လျှင်၊ ကျင့်ခြင်းသာလို့ခက်။
ဘုရားသခင် ဥာဏ်တော်ရှင်၊ ဖူးမြင်ရဖို့ခက်။
အရိယာသံဃာ ပေါ်သောခါ၊ လှူဒါန်းရဖို့ခက်။

(အရှင်ဇဝန-မေတ္တာရှင်၏ ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း စာအုပ်မှ ကောက်နှုတ်ချက်)

Friday, June 19, 2009

သာသနာကို ဖျက်ဆီးမည့်သူများ……

သာသနာစစ် သာသနာမှန်ဟူသည် မြတ်စွာဘုရား၏ အဆုံးအမများကို တသွေမတိမ်း လိုက်နာသူများ၏ လက်ဝယ်တွင်း၌သာ ထာဝရ တည်မြဲနိုင်မည်။

သာသနာကို ဗန်းပြပြီး မိမိကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေသူများ၊ တရားစစ်တရားမှန်ကို သေသေချာချာ သဘောပေါက်နားလည်မှုမရှိပဲ ထင်ရာစိုင်းနေသူများ၊ ကိုးကွယ်မှု အရောရောအထွေးထွေးနဲ့ အီယောင်ဝါး ယုံကြည်နေကြသူများ၊ များပြားလာသည်နှင့်အမျှ သာသနာကွယ်ပျောက်ရန် အန္တရာယ်မှာ တနေ့တခြား ကြီးမားလာပါတယ်။ ဗုဒ္ဓသာသနာကို ဖျက်ဆီးမည့်သူများမှာ လူမျိုးခြား၊ ဘာသာခြားများ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်အမည်ခံ အယောင်ဆောင်ထားသူများသာ အနီးကပ် ပူးသတ်ဖျက်ဆီးကြမှာ ဖြစ်ပါတယ်။

ဝေဖန်ထောက်ပြမှု နဲ့ ပုတ်ခတ်စွပ်စွဲမှု
ဝေဖန်ထောက်ပြမှုနဲ့ ပုတ်ခတ်စွပ်စွဲမှု ဆိုသည်မှာ များစွာ ခြားနားလှပါတယ်။ ဝေဖန်ထောက်ပြမှုတွင် ပြုပြင်ပြောင်းလဲစေလိုသော စေတနာကောင်းများစွာ ပါဝင်နေပြီး၊ ပုတ်ခတ်စွပ်စွဲမှုတွင်မူ လူတစ်ယောက်၏ ဘဝကို နစ်မွန်းဆုတ်ယုတ် သွားစေလိုသော စေတနာဆိုးများစွာ ပါဝင်နေပါတယ်။ ဝေဖန်ထောက်ပြမှုသည် မှန်ကန်သော အချက်အလက်ပေါ်မူတည်နေပြီး၊ ပုတ်ခတ်စွပ်စွဲမှုသည် မှားယွင်းမှုအပေါ် မူတည်လေ့ရှိပါတယ်။

ဝေဖန်ထောက်ပြ ပြောဆိုမှုကြောင့် တဖက်သားက အရှက်ကြီးစွာနဲ့ ပြုပြင်ပြောင်းလဲလိုက်မည်ဆိုပါက ဝေဖန်သူသာမက ဝေဖန်ခံရသူအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ဝေဖန်ခံရသူအနေဖြင့် ဝေဖန်သူ၏ ထောက်ပြမှု မှန်ကန်နေပါက ပြုပြင်ပြောင်းလဲလိုက်ဖို့ ဝန်မလေးမှသာလျှင် မိမိကိုယ်မိမိ သူတော်ကောင်းအဖြစ် ပြသပြီးသား ဖြစ်သွားမှာပါ။ ထိုသို့မဟုတ်ပဲ ဝေဖန်သူကို ရန်လုပ်ခြင်း၊ အရွဲ့တိုက်ပြီး အမှားများ ဆက်လုပ်နေပါက၊ မည်သူမပြု မိမိမှု ဆိုသကဲ့သို့ လက်ရှိဘဝတွင်သာမက သံသရာတလျှောက်မှာပါ မိမိပြုသော အမှားကံ၏ ဆိုးကျိုးကို ခံစားရမည်မှာ ဧကန်မုချပင် ဖြစ်ပေလိမ့်မည်။

သူတော်ကောင်းဖြစ်မည်ဆိုပါက….
လူတိုင်း လူတိုင်းသည် အနည်းနဲ့အများဆိုသလို အမှားများစွာ လုပ်ဖူး ကြုံဖူးကြပါတယ်။ လူ့ဘောင်လောကတွင် အမှားများနဲ့ကင်းသူ၊ ပြည့်စုံမှန်ကန်လွန်းသူ ရှားပါးလှပါတယ်။ ဤနေရာတွင် လူအမျိုးအစား ၄ မျိုးကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

၁)အမှားကို အမှားမှန်းမသိမြင်သူ (ဥာဏ်ရည်နိမ့်ပါးပြီး၊ အသိဥာဏ်အမှောင် ဖုံးလွှမ်းမှု အားကြီးသူ)

၂)အမှားကို အမှားမှန်းသိသော်လည်း၊ အမှန်ကိုမလိုက်နာချင်သူ (ဥာဏ်ရည် အနည်းငယ်မြင့်မားသော်လည်း၊ အသိဥာဏ်အမှောင် ဖုံးလွှမ်းနေသေးသူ)

၃)အမှားကို အမှားမှန်းသိမြင်ပြီး၊ အမှန်ပြင်ဆင်ရန် ဝန်မလေးသူ (ဥာဏ်ရည်မြင့်မားပြီး၊ အသိဥာဏ်အလင်းရှိသူ)

၎)အမှားကို အမှားမှန်း သိလျှင်သိခြင်းး၊ အမှန်ပြင်ဆင်ရုံမက ဝန်ချတောင်းပန်ရန် ရည်သန်သူ (ဥာဏ်ရည်မြင့်မား၊ အသိဥာဏ်အလင်းရှိရုံမက မာနအလျဉ်းမရှိသူ)

အထက်ပါ လူအမျိုးအစား ၄မျိုးအနက် နောက်ဆုံးအမျိုးအစားသာလျှင် သူတော်ကောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

သာသနာပြုနေသူ စစ်မှန်မည်ဆိုပါက……
သာသနာပြုရာတွင် မိမိကိုယ်ကို သာသနာပြုခြင်းနဲ့ အများသူငါကို သာသနာပြုခြင်းဟု နှစ်မျိုးနှစ်စားရှိပါတယ်။

မိမိကိုယ်မိမိ သာသနာပြုနေသူအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တရားနဲ့ ကိုယ်နေပြီး မိမိတစ်ကိုယ်တည်းစား ကောင်းစားဖို့ ဘေးပတ်ဝန်းကျင်ကို မကြည့်ပဲ နေနိုင်ပါတယ်။ ဒါပေမဲ့ အများသူငါကို သာသနာပြုနေကြသူများအနေနဲ့ မိမိအရေးသာမက မိမိပတ်ဝန်းကျင်ရှိ လူအများအတွက် အကျိုးယုတ်စေမည့်၊ အယူမှားစေမည့် အရေးကိစ္စများ ပေါ်ပေါက်လာပါက မည်သူမျက်နှာမျှ မထောက်ထား မညှာတာပဲ သာသနာမျက်နှာတခုတည်းကိုပဲ ကြည့်လျက် ဝေဖန်ထောက်ပြသင့်ပါတယ်။

အထူးသဖြင့် ရဟန်းသံဃာတော်များအနေနဲ့ မိမိကိုယ်ကို သာသနာပြုတဲ့ အဆင့်ကို ကျော်လွန်လျက် အများအတွက် သာသနာပြုနေသူများ ဖြစ်ပါသောကြောင့် မိမိမြင်တွေ့ကြားသိနေရသော အမြင်အကြားမတော်လျော်သော အရေးကိစ္စများကို မည်သူ့ကိုမျှ မထောက်ထားမညှာတာပဲ ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြသင့်ပါတယ်။ အထူးသဖြင့် မိမိတို့၏ တပည့်သား ရဟန်းတော်များ၏ ဝိနည်းစည်းကမ်းဖောက်ဖျက်မှုများ၊ လူမှုဆက်ဆံရေးနယ်ပယ် ကျော်လွန်မှုများ၊ ကာယကံ ဝစီကံ မနောကံဖြင့် ဖောက်ပြားကျူးလွန်နေမှုများ၊ မတရားမှုများကို ဆုံးမ အပြစ်ပေး အရေးယူသင့်ပါတယ်။ ရေငုံနှုတ်ပိတ် မိမိနဲ့ မသက်ဆိုင်သလိုနေခြင်း၊ အမုန်းခံရမည်ကိုစိုးရိမ်နေခြင်း၊ အကြောက်တရားနဲ့ မပြောရဲမဆိုရဲခြင်း သည် သာသနာပြုရာမရောက်ပဲ၊ သာသနာဖျက်နေသည်ကို သွယ်ဝိုက်သောနည်းဖြင့် အားပေးရာ ရောက်နေပါတယ်။ သာသနာ့တာဝန်မကျေပြွန်ပဲ သာသနာ့အာဇာနည် မပီသရာ၊ သံဃာ့ဂုဏ်ကို မစောင့်ထိန်းရာ အဖြစ်သို့ ရောက်မှန်းမသိ ရောက်နေပါတယ်။ ထို့အတူ တချိန်တည်းမှာပင် မင်းကျင့်တရားနဲ့ အညီ မအုပ်ချုပ်သော၊ သာသနာပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ကိုင်နေသော အစိုးရမင်းနှင့်တကွ၊သာသနာကို အရောင်ဆိုးချင်နေသော လူတစ်ဦးချင်းစီသာမက၊ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းများ၏ ကမောက်ကမ အခြေအနေများကိုပါ ဝေဖန်ထောက်ပြ ဆုံးမသင့်ပါတယ်။

သာသနာဖျက်နေသူများမှာ…..
အဓိက သာသနာဖျက်နေသူများမှာ - မြတ်စွာဘုရား၏ အဆုံးအမသာသနာကို လက်တလုံးကြား မျက်ကွယ်ပြုလျက်ရှိသော၊ သာသနာပြုအမည်ခံ အစိုးရမင်း၊ လူ့အဖွဲ့အစည်းများနှင့် အချို့သော ရဟန်းတော်များ ဖြစ်ပါတယ်။

သာသနာဖျက်နေသော အစိုးရမင်းနဲ့ နောက်လိုက်နောက်ပါများ

နိုင်ငံအတွင်း တရားပွဲများ ဆိတ်သုဉ်းပြီ ဆိုပါက သာသနာကွယ်ပျောက်ခြင်း၏ အစပင်ဖြစ်သည်။ ရဟန်းသံဃာတော်များအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ တရားပွဲများအား အကန့်အသတ်ဖြင့်ခွင့်ပြုခြင်း၊ မြတ်စွာဘုရား၏ အဆုံးအမ သာသနာများကို လွတ်လပ်မှန်ကန်စွာ ဟောပြောခွင့် မရခြင်းများသည် သာသနာကွယ်ပျောက် စေနိုင်သည့် အကြောင်းအချက်များဖြစ်သည်။ ထို့ပြင် မိမိတို့၏ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် ဘုရား၊စေတီ၊ပုထိုးများကို အသုံးချလျက်၊ မကြံစည်သင့် မကြံစည်ကောင်းသော ဗေဒင်၊ ယတြာ၊ လက်ဖွဲ့၊ အင်းအိုင် စသည့် အောက်လမ်းနည်းမျိုးစုံဖြင့် အသိဥာဏ်နိမ့်ပါးစွာ ပြုလုပ်နေခြင်းဖြင့်လည်း မြင့်မြတ်လှသော သာသနာကို ဖျက်ဆီးလျက်ရှိကြပါတယ်။ အယူမှား၊ ကိုးကွယ်မှုမှား၊ လုပ်ရပ်မှားများဖြင့် ဗုဒ္ဓသာသနာကို စံနစ်တကျ ဖျက်ဆီးနေကြပါတယ်။ အမှားများထောက်ပြ အမှန်ပြလျက် ဆုံးမပေးသော ရဟန်းသံဃာတော်များကို မထီမဲ့မြင်ပြုလျက် တရားပွဲများ ပိတ်ပင်ခြင်း၊ လက်မှတ်ထိုး၊ ဝန်ခံချက်ထိုးခိုင်းခြင်းဖြင့်လည်း မြတ်စွာဘုရား၏ သာသနာကို စော်ကားမော်ကားပြုလျက်ရှိပါတယ်။

သာသနာဖျက်နေသော သာသနာပြုအမည်ခံ လူပုဂ္ဂိုလ်များနှင့် လူ့အဖွဲ့အစည်းများ

မြတ်စွာဘုရားလက်ထက်တော်က ဂိုဏ်းဂဏ၊ အသင်းအဖွဲ့အစည်းရယ်လို့ မရှိခဲ့ပါဘူး။ ထေကြီးဝါကြီး ဝါစဉ်အလိုက် အဆင့်ဆင့် အရိုအသေပေး၊ ရဟန်းတစ်ပါးနှင့်တစ်ပါး စည်းလုံးညီညွတ်ခဲ့ပါတယ်။ ဘွဲ့တံဆိပ်အလိုက်၊ ရာထူးအလိုက်၊ နေရာပေးခြင်းမျိုးမဟုတ်ပဲ၊ ရဟန်းဝါစဉ်အလိုက် ဝိနည်းစည်းကမ်းနဲ့အညီ နေရာပေးခဲ့ကြပါတယ်။

ယနေ့အချိန်အခါမှာတော့ ရဟန်းသံဃာတော်များကို ဘွဲ့တံဆိပ်တော်များ၊ အသင်းအဖွဲ့အစည်း ရာထူးအဆောင်အယောင်များ အပ်နှင်းခြင်းဖြင့် တစ်ပါးနှင့်တစ်ပါး အပြိုင်အဆိုင်ဖြစ်လာစေပါတယ်။ စစ်မှန်သော အရည်အချင်းဖြင့် အပ်နှင်းသော ဘွဲ့တံဆိပ်တော်များမဟုတ်ပဲ၊ လာပ်ပေးလာပ်ယူနည်းဖြင့် အပ်နှင်းသော ဘွဲ့တံဆိပ်တော်ဖြစ်ခြင်းကြောင့်၊ မြတ်စွာဘုရား၏ အဆုံးအမ စာပေများကို လေ့လာအားထုတ်မှုများ အားနည်းလာစေခဲ့ပါတယ်။ ထို့ပြင် မိုးကုတ်၊ မဟာစည်၊ စွန်းလွန်း စသည့် အသင်းအဖွဲ့များ၏ ပြိုင်ဆိုင်မှုများကြောင့်လည်း သံဃာတော်များကို ဂိုဏ်းခွဲသင်းခွဲနေသကဲ့သို့ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး အားပြိုင်မှုများ ဖြစ်စေပါတယ်။ ပျံလွန်လေပြီးသော ဆရာတော်ကြီးများအနေဖြင့် ယခုကဲ့သို့ ဂိုဏ်းဂဏများ ပေါ်ပေါက်ခြင်းကို နှစ်သက်တော်မူကြမည်မဟုတ်ပေ။

တရားတော်များအားလုံးမှာ မြတ်စွာဘုရားဟောကြားခဲ့သော တရားတော်များသာဖြစ်သော်လည်း အာစရိယဝါဒ ဦးစားပေးမှုကြောင့် မိုးကုတ်တရား၊ မဟာစည်တရား၊ စွန်းလွန်းတရား စသည် စသည်ဖြင့် ဝိဝါဒ ကွဲပြားမှုများ ဖြစ်နေစေပါတယ်။ သာသနာ၏ ရေသောက်မြစ်သဖွယ်ဖြစ်နေသော စာသင်တိုက်များမှ ရဟန်းသံဃာတော် သာမဏေလေးများ၊ ဦးဇင်းများအတွက် ဆွမ်းကွမ်းအထောက်အပံ့များ၊ စာအုပ်စာတမ်း စာရေးကိရိယာများ လှူဒါန်းကြမည့်အစား တရားရိပ်သာအသီးသီးတွင် တရားဝိဝါဒ၊ ဂိုဏ်းစွဲ ဂဏစွဲဝိဝါဒများနှင့် လုံးလည်ချာလည်လိုက်နေသော အိုးခြမ်းပဲ့လူပုဂ္ဂိုလ်များကိုသာ အပြိုင်အဆိုင်လှူဒါန်းနေခြင်းဖြင့် မယောင်ရာဆီလူးနေကြပါတယ်။

တရားစစ် တရားမှန်ထွန်းကားရာ နိုင်ငံတွင် ၃၇နတ်မင်းများ ပျော်မြူးရာ တောင်ပြုန်းပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခြင်း၊ ငွေသန်းပေါင်းများစွာအကုန်ကျခံပြီး နတ်သဘင်ပွဲ ဆင်နွှဲခြင်း၊ ဗေဒင် ယတြာ အောက်လမ်းနည်းများကို ယုံယုံကြည်ကြည်ဖြင့် ပြုလုပ်နေကြခြင်း၊ ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ အလွယ်လိုက် အချောင်နည်းဖြင့် ချဲထီ နှစ်လုံးထီများကို စည်းစိမ်ပြုတ်ထိုးနေကြခြင်း၊ ကောင်းရာကောင်းဝယ် လုပ်ကိုင်ခြင်းမပြုကြတော့ပဲ အူမတောင့်မှ သီလ စောင့်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်များဖြင့် သီလမလုံခြုံ၊ ကံသုံးပါးကို မထိန်းသိမ်းတော့ပဲ ထင်ရာစိုင်းခြင်းဖြင့် သာသနာပျက်စီးရာပျက်စီးကြောင်းသို့ ဦးတည်လျက်ရှိနေပါတယ်။

အလှူအတန်းပေးကြရာတွင်လည်း အမှန်တကယ်လိုအပ်နေသော ရဟန်းသံဃာများနှင့် လူများကို ပေးလှူခြင်းထက် မိမိတို့အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့်၊ အာဏာ တည်မြဲရေးကို ဖြစ်စေမည့် ဘုရားတည် ကျောင်းဆောက် ထီးတင်ခြင်းဖြင့် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်နေကြပါတယ်။ လက်တဖက်က လှူဒါန်းနေပြီး၊ ကျန်လက်တဖက်က ပြန်ခိုးယူခြင်းသည် ကုသိုလ်တစ်ပဲ အကုသိုလ်တစ်ပိဿာ ဖြစ်နေသောအလှူ ဖြစ်နေပါလိမ့်မည်။ အမှန်တကယ် မြတ်စွာဘုရား၏ အဆုံးအမသာသနာကို ရင်ဝယ်ကိန်းသူဖြစ်မည်ဆိုပါက မြတ်စွာဘုရား၏ လမ်းစဉ်ကို ကျင့်သုံးကြမှာ ဖြစ်ပါတယ်။ အဓိက နဲ့ သာမညကို ခွဲခြားနိုင်ပြီး မည်သည်ကို ဦးစားပေးဆောင်ရွက်ရမည်ဆိုတာကို သဘောပေါက်နားလည်သင့်ပါတယ်။

သာသနာဖျက်နေသော အချို့သောရဟန်းတော်များ..

ယနေ့ခေတ် အချိန်အခါကာလသည် ဝိမုတ္တိသာသနာထွန်းကားနေသော အချိန်ကာလ ဖြစ်သည်နှင့်အညီ ဝိနည်းစည်းကမ်းကို အသက်ထက်တန်ဖိုးထား လိုက်နာစောင့်ရှောက်သော ရဟန်းစစ်၊ ရဟန်းမှန်များစွာ ရှိသကဲ့သို့ အယောင်ဆောင် ရဟန်းတု၊ များစွာလည်း ရောနှောပူးကပ် နေသောကာလလည်း ဖြစ်ပါတယ်။ စီးပွားရေးအရသော်၎င်း၊ နိုင်ငံရေးအရသော်၎င်း၊ လူမှုရေးအရသော်၎င်း အကြောင်းအမျိုးမျိုးကြောင့် ရဟန်းဝတ်နေသော ရဟန်းယောင်များစွာလဲ ရှိနေကြပါတယ်။ သို့ ဖြစ်ပါသောကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းသာသနာကို မလိုက်နာသော ရဟန်းများ ရှိနေပါက အားနာမှု လိုက်လျောမှု မရှိပဲ လူထွက်စေသည်အထိ ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့် သာသနာ့ဂုဏ်ရှိန်ကို မြှင့်တင်ကြစေလိုပါတယ်။

ရဟန်းတော်များနဲ့ မာတုကာမများ

မြတ်စွာဘုရားချမှတ်ခဲ့သော ဝိနည်းစည်းကမ်းများတွင် ရဟန်းသံဃာတော်များအတွက် အရေးကြီးဆုံးမှာ မာတုကာမများနှင့် ရင်းရင်းနှီးနှီးမနေဖို့ပင်ဖြစ်ပါတယ်။ မာတုကာမဆိုရာတွင် မွေးကင်းစ မိန်းကလေးများမှအစ အသက်အရွယ်ကြီးရင့်သော အဘွားအိုများအထိ ပါဝင်ပါတယ်။ မာတုကာမများနဲ့ ဆက်ဆံရာတွင် ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ပင်ဖြစ်ပါတယ်။ မာတုကာမများနဲ့ အသားချင်းထိစပ်ရန် မဆိုထားနှင့် ၄င်းတို့၏ အသုံးအဆောင်များ ကိုပင် မထိတွေ့ရဟု ဝိနည်းစည်းကမ်းသတ်မှတ်ထားပါတယ်။ ဝိနည်းစည်းကမ်းမလိုက်နာသဖြင့် အာပတ်ထိပါက၊ အာပတ်ဖြေနိုင်ပါတယ်လို့ တချို့ ရဟန်းတော်များ စောဒကတက်နိုင်သော်လည်း၊ ခဏခဏဖြေရသော အာပတ်သည် ရဟန်းတော်များ၏ သမာဓိကို ထိခိုက်ပျက်ပြားစေနိုင်ပါတယ်။

ဂီိလာနရဟန်းအား မာတုကာမများ ပြုစုသင့်ပါသလား….

မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းကို အမှန်တကယ် လိုက်နာလေးစားသော ရဟန်းသံဃာများအနေနဲ့ မာတုကာမများ၏ ထိစပ်ပြုစုမှုကို မခံယူသင့်ပါဘူး။ ဂီိလာနရဟန်းအနေဖြင့် ရောဂါအခြေအနေအရပ်ရပ်ကြောင့် အမှန်အကန် မဆုံးဖြတ်နိုင်ပါကလည်း၊ မာတုကာမများအနေနဲ့ မြတ်စွာဘုရား၏ အဆုံးအမသာသနာကို တကယ်ကြည်ညို လေးစားမည်ဆိုပါက ရဟန်းများ အာပတ်ထိ အပြစ်ရစေမယ့် ကိစ္စများကို ရှောင်ရှားသင့်ပါတယ်။ အကယ်၍ ပြုစုနိုင်သည့် ရဟန်းသာမဏေငယ်များ၊ အမျိုးသားဒကာများ လုံးဝမရှိသဖြင့်၊ မဖြစ်မနေလိုအပ်မည်ဆိုပါက ပြုစုနိုင်သော်လည်း၊ သို့တည်းမဟုတ်ပါက မလုပ်သင့်မလုပ်အပ်သော လုပ်ရပ်မျိုးဖြစ်ပါတယ်။

ခေတ်မှီခြင်းနဲ့ ခေတ်ရှေ့ပြေးခြင်း..

ခေတ်နဲ့ အညီ ဆက်သွယ်ရေးလွယ်ကူစေရန်၊ တရားဓမ္မများဖြန့်ဖြူးရန်၊ ကမ္ဘာ့သတင်း မြန်မာ့သတင်းများသိရှိစေရန်၊ အချို့သော ရဟန်းတော်များ ကွန်ပြူတာသုံးစွဲခြင်းသည် သင့်လျော်သော်လည်း၊ ခေတ်မှီခြင်းကို လွန်မြောက်လျက် မကြည့်သင့်မကြည့်အပ်သော အချို့ဝက်ဆိုဒ်များကို ကြည့်ရှုခြင်း၊ ဗီဒီယိုများကြည့်ရှူခြင်း၊ သီချင်းနားထောင်ခြင်း စသည်ဖြင့် ခေတ်ရှေ့ပြေးလာကြခြင်းသည် ကောင်းကျိုးကိုကျော်ပြီး ဆိုးကျိုးကို ရောက်စေပါတယ်။ စည်းကမ်းဟူသည် စည်းကမ်းရှိသူအတွက် မလိုအပ်သော်လည်း၊ စည်းကမ်းမရှိသူများအတွက် မရှိမဖြစ် ထားရမယ့်အရာဖြစ်ပါတယ်။ အင်တာနက်၏ ဆိုးကျိုးကြောင့် သမာဓိခိုင်မြဲမှုမရှိသော အချို့ရဟန်းများ လူထွက်ပြီး အိမ်ရာထူထောင်ခဲ့သော သာဓကများ ရှိခဲ့ပါတယ်။ မလိုအပ်ပဲ ကွန်ပြူတာ အသုံးပြုခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသည့်အပြင် ရဟန်းတော်များ၏ ဝိနည်းစည်းကမ်းနှင့်လည်း သင့်တော်မှု မရှိပါဘူး။

အမှန်တရားဟူသည် သူတော်ကောင်းများအတွက် ပျားရည်ကဲ့သို့ ချိုမြိန်လှသော်လည်း၊ အသိဥာဏ်နိမ့်ပါး မိုက်မဲသူများအတွက်မူ ဆေးခါးကြီးမျိုချရသကဲ့သို့ ခါးသီး ခံရခက်လှပါတယ်။ စဉ်းစားဥာဏ်ရှိပြီး အမှန်တရားကို သိမြင်နိုင်သူဆိုပါက အမှားကို ပြုပြင်ရန်ဝန်လေးကြမည်မဟုတ်ပေ။

မြတ်စွာဘုရား၏ သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာသနာ့ရေသောက်မြစ်များဖြစ်သော ရဟန်းသံဃာ စာသင်သားများအား ထောက်ပံ့လှူဒါန်း မြေတောင်မြှောက်ပေးခြင်း၊ စာသင်တိုက်များ၏ ဆွမ်းကွမ်းချို့တဲ့မှုများအား ဖြေရှင်းပေးခြင်း၊ သာသနာနှင့်မလျော်ညီသော၊ သာသနာပျက်စီးမှုကို ဖြစ်စေသော၊ အရေးမှန်သမျှကို အရှိကို အရှိအတိုင်း အမှန်ကိုအမှန်အတိုင်း မကြောက်မရွံ့ ဟောပြောပြသ ဆုံးမရန် တာဝန်မှာ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်အားလုံး၏ အရေးကြီးသော တာဝန်ဖြစ်ပါတယ်။ ဤတာဝန်ကို ကျေကျေပြွန်ပြွန် ဦးလည်မတုံ ထမ်းရွက် နိုင်သူကိုသာလျှင် သာသနာပြုနေသော သာသနာ့အာဇာနည်ဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

( ဤဆောင်းပါးဖြင့် ဆရာတော် အရှင်သုမင်္ဂလ အား ဂုဏ်ပြု ပူဇော်ကန်တော့အပ်ပါသည်။)

ထက်စုနှင်းဆီ
(၁၉-၀၆-၂၀၀၉)

Thursday, June 11, 2009

ကံဆိုသည်မှာ……….

ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်းပင်ဖြစ်တယ်။ ကံဆိုသည့် ဝေါဟာရ၏ အဓိပ္ပာယ်ကို တိတိကျကျ နားမလည်သူများကတော့ ကံတရားကို ယုံကြည်သူများအား အပြစ်မြင်လေ့ရှိပါတယ်။ ကံကိုယုံပြီး ဆူးပုံမနင်းပါနဲ့၊ ကံချည်းပဲ မယုံပါနဲ့၊ ဥာဏ်နဲ့ ဝိရိယကိုလည်း အားကိုးပါဦး၊ ကံကို အားကိုးလွန်းတာ လူညံလူပျင်းတွေအလုပ်၊ ကံကိုချည်း လွှဲမချပါနဲ့ စသည် စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။ တချို့သောလူများသည် ဘာမဆို သူတို့အရည်အချင်းကြောင့် သူတို့တော်လို့အောင်မြင်တာ၊ မကြိုးစားပဲ မအောင်မြင်နိုင်ဘူးရယ်လို့ တခြားသောကံအကြောင်း အထောက်အပံ့များကို မျက်ကွယ်ပြုလျက် လက်မထောင် ဂုဏ်ဖော်ကြွားဝါလေ့ရှိကြပါတယ်။

ကံဆိုသည်မှာ အလုပ်ပင်ဖြစ်တယ်။ မိမိတို့ ပြုလုပ်ခဲ့သော အလုပ်၊ ပြုလုပ်နေဆဲအလုပ်၊ ပြုလုပ်တော့မည့် အလုပ်မှန်သမျှသည် ကံပင်ဖြစ်တယ်။ ကောင်းမှုကံ၊ မကောင်းမှုကံတည်း ဟူသော အကြောင်းတရားပေါ် မူတည်ပြီး၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ဆိုတဲ့ အကျိုးတရား ရရှိကြမှာဖြစ်ပါတယ်။ ကံဟုဆိုရာတွင် အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးအပေါ် မူတည်ပါတယ်။ တချို့က မိမိတို့ကောင်းမှုကုသိုလ်များ လုပ်နေရက်သားနဲ့ အဆင်မပြေမှုများ၊ စိတ်ညစ်စရာများ တွေ့သောအခါ ကုသိုလ်ကောင်းမှု ကံတရားအပေါ် သံသယဝင်တတ်ကြပါတယ်။ အတိတ်ကံ၏ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တခါတရံ အတိတ်ကံ၏ အားကောင်းမှုသည် ပစ္စုပ္ပန်ကံအပေါ် လွှမ်းမိုးမှု ရှိတတ်ပါတယ်။ တချို့တချို့သော.လူများသည် မိမိတို့၏အတိတ်၊ ပစ္စုပ္ပန်ကံများကို ကောင်းမွန်အောင် အားမထုတ်ကြပဲ ပြသာနာတစုံတရာ တွေ့ကြုံရလေတိုင်း မိဘမောင်နှမများ၊ ဆွေမျိုးများ၊ ဘေးပတ်ဝန်းကျင်တို့ကို လက်ညှိုးထိုးအပြစ်တင်လေ့ရှိပါတယ်။ အမှန်စင်စစ် မည်သူမဆို မိမိတို့ ကြုံတွေ့ရသော အကောင်းအဆိုးများသည် မိမိတို့ ပြုခဲ့သော အကြောင်းအကျိုးကံများ အပေါ်မူတည်ပါတယ်။ ဤအချက်ကို ယုံကြည်သက်ဝင် လက်ခံကျင့်သုံးမှသာလျှင် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာသူ သာဝကရယ်လို့ သတ်မှတ်နိုင်ပါတယ်။

တချို့သောလူများသည် မကောင်းမှုမှန်သမျှ ဆိုးဆိုးဝါးဝါးကျူးလွန်နေကြသော်လည်း အပြစ်တစုံတရာ မခံစားရပဲ လောကအလယ်တွင် ခေါင်းမော့ လည်ဆန့်ကာ မိုးမမြင်လေမမြင် ပျော်တပြုံးပြုံးနဲ့ ဘဝသံသရာ၏ နောက်ဆုံးစည်းစိမ်ကို စံစားနေကြပါတယ်။ အကြောင်းမှာ ၄င်းတို့၏ အတိတ်ကံကောင်းမှု အားကြီး လွှမ်းမိုးနေသေးလို့ ဖြစ်ပါတယ်။ ကောင်းသောကံ အရှိန်ကုန်သွားပါက အကုသိုလ်ကံ တလုံးတခဲကိုစုပြုံခံစားပြီး လောကငရဲကို ဘဝမကူးပဲ အရှင်လတ်လတ် ခံစားကြရမှာပါ။ ၄င်းတို့ ပြစ်မှား ကျုးလွန်ခဲ့သော အမှားများနှင့် ထပ်တူညီမျှသော တူညီသောအကျိုးတရားများကို ခံစားကြရမှာပါ။ လောကကံတရားဆိုတာ မျက်နှာမလိုက်သကဲ့သို့ ဈေးဆစ်လို့လဲ မရပါဘူး။ ငရဲမှာအပ၊ဝဋ်မှာအမြဲဆိုတဲ့စကားက အလကားပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ အမှန်တရားစစ်စစ်ဖြစ်ပါတယ်။

ပြုသူအသစ်…. ဖြစ်သူအဟောင်း….

မည်သူမဆို မိမိတို့ပြုခဲ့သော မကောင်းမှုကံများ၏ ဝဋ်ကြွေးကို တနေ့နေ့တချိန်ချိန်တွင် ပေးဆပ်ရစမြဲပါ။ မိမိတို့.ခံစားသမျှ အကျိုးတရားများကို မတရားပါဘူးရယ်လို့ အယူခံဝင်လို့မရပါဘူး။ လောကနိယာမအရ ဖြစ်သမျှအကြောင်း အကောင်းချည်းမဟုတ် အဟောင်းချည်းပါပဲ။ အကြွေးဟောင်းများကို ပေးဆပ်သူများအနေနဲ့ သံသရာဝဋ်ကြွေးကင်းရှင်းစွာဖြင့် ဆက်လက်ရှင်သန် ရပ်တည်နိုင်သော်လည်း အကြွေးသစ်ယူသူ၊ အပြစ်ကျူးလွန် ရန်စ စော်ကားသူ၊ လူရမ်းကားတို့မှာတော့ လူ့လောကဇာတ်ခုံတွင် မျက်နှာမဖော်ဝံ့ လူ့ချဉ်ဖတ်ဖြစ်ကြယုံသာမက သံသရာတလျှောက်တွင်လည်း ဘယ်တော့အခါမျှ မပေါ်နိုင်သော မြှပ်ခြင်းမျိုးဖြင့် စုန်းစုန်းမြှပ်ကြရတော့မယ်ဆိုတာ၊ သဘာဝကံတရားက မျက်နှာမလိုက် အပြစ်ဒဏ်ချမယ်ဆိုတာ နားလည်သဘောပေါက်ထားကြရမှာပါ။ ကံဆိုသည့် တန်ပြန်အကျိုးသက်ရောက်မှု မှန်သမျှကို လူမျိုးမရွေး ၊ဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ အသက်ကြီးငယ်မရွေး၊ မည်သူမဆို စံစား ခံစားကြရမှာဖြစ်ပါတယ်။.....။

သာသနာပြုသည်ဆိုရာဝယ်…….

သာသနာဆိုသည်မှာ……..

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သာသနာပြုဆိုတဲ့ စကားလုံးကို လွယ်လွယ်ကူကူနဲ့ ဖောဖောသီသီ သုံးစွဲနေကြပါတယ်။ သာသနာပြုနေတယ်၊ သာသနာပြုမလို့၊ သာသနာပြုရဦးမယ် စသည် စသည်ဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်များစွာဖြင့် ပြောဆိုအသုံးပြုကြပါတယ်။

တကယ်တမ်းမှာတော့ သာသနာပြုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်မှန် ရည်ရွယ်ရင်းအမှန်ကို မသိနားမလည်ကြပါဘူး။ သာသနာပြုဆိုသည်မှာ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူပြု၊ ရဟန်းခံ၊ ရဟန်းအမလုပ်ခြင်း၊ ဘုရားထီးတော်တင်၊ ဘုရားဋ္ဌာပနာတည်ပြီး ရှေးဟောင်းဘုရားများ တူးဖော်ခြင်းကို သာသနာပြုခြင်းရယ်လို့ ယုံမှတ်နေကြပြီး၊ တစိုက်မတ်မတ် လုပ်ဆောင်နေကြပါတယ်။

သာသနာဆိုသည်မှာ အဆုံးအမပင်ဖြစ်တယ်။ တနည်းအားဖြင့် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းသည် သာသနာပြုခြင်းပင်ဖြစ်တယ်။ အမှန်စင်စစ် သာသနာပြုသည်ဆိုခြင်းမှာ မိမိကိုယ်ကိုကောင်းအောင် ပြုပြင် နေထိုင်ခြင်း၊ မကောင်းမှုရှောင်-ကောင်းမှုဆောင်-စိတ်ကိုဖြူအောင်ထားခြင်းပင် ဖြစ်ပါတယ်။ မိမိကိုယ်ကို သာသနာပြုခြင်း ပြည့်စုံလုံလောက်ပြီ၊ အားရကျေနပ်ပြီ ဆိုမှသာလျှင် တပါးသူကို သာသနာပြုချင်လာအောင် ဆွဲဆောင်စည်းရုံးပညာပေးရမှာ ဖြစ်ပါတယ်။

ကုသိုလ်၊ အကုသိုလ် ဆိုသည်မှာ…….

လူတော်တော်များများသည် ကုသိုလ်နဲ့ အကုသိုလ်ကို ယခုအချိန်ထိ ကွဲကွဲပြားပြားမသိကြသေးပါဘူး။ ကုသိုလ်ဆိုသည်ကို အလှုလုပ်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ဘုရားတည်ခြင်း၊ စသည်စသည်ဖြင့် အယူစွဲမြဲ နေကြပါတယ်။ တကယ်တမ်းမှာ ကုသိုလ်ဆိုသည်မှာ အစွဲအလန်းကင်းပြီး၊ မကောင်းမှုမှန်သမျှ ပြုလုပ်ဖို့ မဝံ့ရဲသော၊ မည်သူကိုမျှ စိတ်နဲ့တောင် မပစ်မှား မကြံစည်ချင်လောက်အောင်၊ စိတ်စင်ကြယ်ခြင်းတမျိုးပင် ဖြစ်တယ်။ တခါတရံ စိတ်နဲ့ ပစ်မှားကြံစည်မှုရှိခဲ့ရင်တောင် သတိတရား အသိပညာနဲ့ ဆင်ခြင်ပြီး မိမိစိတ်ကို ပြုပြင်ယူပြီး နေတတ်ခြင်းကို ကုသိုလ်နဲ့ နေတတ်သူရယ်လို့ သတ်မှတ်လို့ရပါတယ်။ ဤကဲ့သို့ မနောကံကို စင်ကြယ်အောင် ထိန်းသိမ်းနိုင်ပြီဆိုပါက၊ ဝဇီကံနဲ့ ကာယကံလွန်ကျူးခြင်းကို အလိုအလျောက်ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။ ကံသုံးပါး လုံခြုံပြီဆိုပါက အချိန်တိုင်း အချိန်တိုင်းသည် ကုသိုလ်စိတ်နဲ့သာ ဖြစ်နေပါတော့တယ်။ ကုသိုလ်စိတ်နဲ့ ပြုလုပ်သော အလှူမှန်သမျှ ဘုရားတည်၊ ကျောင်းဆောက်၊ တရားစာပေများ လိုက်စား လိုက်နာခြင်းမှန်သမျှသည်သာ စစ်မှန်သော ကုသိုလ်တရားများ ဖြစ်ပေသည်။

အကုသိုလ်ဆိုသည်မှာ စိတ်စွဲလန်းခြင်းကြီးမားစွာဖြင့် ပြုလုပ်သော အရေးကိစ္စမှန်သမျှကို ခေါ်ပါတယ်။ ငါ့ပစ္စည်း ငါ့ဥစ္စာ ငါ့အလှူဆိုပြီး၊ မပြတ်တောက်သော အစွဲအလန်းနဲ့ လှူသော အလှူများကို ကုသိုလ်ပြုလုပ်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။ အကုသိုလ်နဲ့ လှူနေသော အလှူဟုပင် သတ်မှတ်လို့ရပါတယ်။ ကုသိုလ်ဆိုသည်မှာ လှူဒါန်းခြင်း စွန့်လွှတ်ခြင်းတမျိုးပင် ဖြစ်သော်လည်း၊ တချို့သောလူများသည် လှူသည်ဟု ကြော်ညာမောင်းခတ်နေသော်လည်း၊ လှူဒါန်းခြင်းဖြင့် ရရှိလာမည့်အကျိုးအမြတ်များကို မျှော်ကိုး တွက်ချက်နေတတ်ပါတယ်။ မိမိလှူဒါန်းခြင်းကြောင့် အလှူခံပုဂ္ဂိုလ် ရရှိမည့် အဆင်ပြေမှု၊ ပျော်ရွှင်မှုများကို ဝမ်းသာကြည်နူးရမည့်အစား၊ မိမိပြန်လည်ရရှိမည့် အကျိုးအမြတ်များကို လက်ရှိဘဝအတွက်သာမက၊ နောင်လာမည့် ဘဝများအတွက်ပါ ကြိုတင်မျှော်ကိုး တွက်ချက်တတ်ကြပါတယ်။ ဤကဲ့သို့ စိတ်မထားတတ်ခြင်းကြောင့်ပင် ညောင်ပင်လောက် လှူဒါန်းနေကြသော်လည်း ညောင်စေ့လောက် အကျိုး မဖြစ်ထွန်းကြခြင်းပင် ဖြစ်ပါတယ်။

အမှန်စင်စစ် ကုသိုလ်၊ အကုသိုလ်ဆိုသည်မှာ အလှူလုပ်ခြင်း-မလုပ်ခြင်း၊ အလှူခံပစ္စည်းရှိခြင်း-မရှိခြင်း၊ ဘုရားကျောင်းကန်သွားခြင်း-မသွားခြင်း၊ တရားဓမ္မများ လိုက်နာခြင်း-မလိုက်နာခြင်း အပေါ် မမူတည်ပဲ မိမိ၏ စိတ်စင်ကြယ်မှု-မစင်ကြယ်မှု ၊ စိတ်ပြတ်တောက်မှု-မပြတ်တောက်မှု၊ စိတ်ထားတတ်မှု-မထားတတ်မှု အပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းသာ သာသနာပြုနိုင်မည်ဆိုပါက…………

မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာကို လူတိုင်း မိမိတို့အသိစိတ်ဓာတ်ဖြင့် လိုက်နာကျင့်သုံးပြီး မိမိတို့ကိုယ်ကို မိမိတို့ သာသနာပြုနိုင်မည်ဆိုပါက မည်သည့်ဥပဒေ စည်းကမ်းမျှ ချမှတ်စရာမလိုလောက်အောင် ကို ငြိမ်းချမ်းရေးရပြီး မည်သည့်လူဆိုး သူခိုးမျှ ကြာရှည် မင်းမူနိုင်မည် မဟုတ်ပဲ အလိုအလျှောက် ကျဆုံးခန်းသို့ အလျင်အမြန်ရောက်ရှိမည်မှာ သေချာလှပေသည်။ ။

သိထားအပ်သော သြဝါဒ

လောကကြီးမှာ နေရတာ….. မိုက်တာလွယ်လျက်…… လိမ္မာခက်….
ပစ္စည်းဥစ္စာ ငွေကြေးမှာ….. ဖြုန်းတာလွယ်လျက်….. အရခက်…..
ရောင်းတာဝယ်တာ အရာရာ….. ဝယ်တာလွယ်လျက်……အရောင်းခက်…
ဒါန သီလ ဘာဝနာ….. ဟောတာလွယ်လျက်….. အကျင့်ခက်….
ဘာသာတရား လွန်ပေါများ….. မှားတာလွယ်လျက်…..အမှန်ခက်…
အချင်းချင်းဟာ မုန်းဖို့ရာ….. အလွန်လွယ်လျက်…… ချစ်ဖို့ခက်….
အမြို့မြို့အရွာရွာ နိုင်ငံတကာ….. လူကြီးလုပ်တာလွယ်လျက်…… အစီမံခက်….
၉၆ဖြာ ဘေးရောဂါ…… ရတာလွယ်လျက်…….ကုဖို့ခက်…..
ဂုဏ်ပေါင်းများစွာ ရှာကြရာ….. ရလာပါလျက်…… အထိန်းခက်……..။

(မကွေးမြို့ အောင်မြေရတနာ ဆရာတော်ဘုရားကြီး၏ သြဝါဒ)

Monday, June 8, 2009

သာသနာ့ အန္တရာယ် အသွယ်သွယ်

သာသနာ့အန္တရာယ် ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်စွာနဲ့ သာသနာ့ဥသျှောင်အဖွဲ့ကြီးကို ပီနန်ဆရာတော်ဘုရားကြီးနဲ့အတူ ဦးဆောင်ဦးရွက် ဖွဲ့စည်းခဲ့တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အမိမြန်မာပြည်တွင် စစ်အာဏာရှင်အစိုးရ၏ မတရားဖိနှိပ်မှုကြောင့် သာသနာ့ဝန်ထမ်း သံဃာတော်များသာမက ပြည်သူပြည်သားအများစုမှာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ရတနာသုံးပါးအနက် တစ်ပါးဖြစ်သော သံဃာရတနာကို တန်ဖိုးမထား ပြင်းထန်စွာနှိပ်ကွပ်မှုကြောင့် သာသနာအတွက် ကြီးစွာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

သာသနာဆိုသည်မှာ….

သာသနာဆိုသည်မှာ မြတ်စွာဘုရား၏ အဆုံးအမကို ဆိုလိုခြင်းဖြစ်ပါတယ်။ သာသနာရေရှည်တည်တံ့ ခိုင်မြဲရေးမှာ အကြောင်းအချက်များစွာ လိုအပ်ပါတယ်။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတည်တံ့ခိုင်မြဲရေးအတွက် လက်ဆင့်ကမ်း တာဝန်ယူ ထိန်းသိမ်း ဟောပြောခဲ့သူများမှာ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်များ ဖြစ်ပါတယ်။ သံဃာတော်များ၏ ဟောပြောဆုံးမမှုများကို အစဉ်အမြဲ နားထောင်လိုက်နာခဲ့သူများမှာ မြတ်စွာဘုရား၏ သာဝက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။

သာသနာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများ

သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများမှာ ရဟန်း၊ရှင်၊လူ ဟု ခေါ်တွင်အပ်သော ရဟန်းသံဃာတော်များ၊ အစိုးရမင်းနဲ့ ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်များဖြစ်ပါတယ်။

သာသနာနဲ့ ရဟန်းသံဃာတော်များ

ရဟန်းသံဃာတော်များသည် မြတ်စွာဘုရား၏ အဆုံးအမ နှုတ်ခပဋ်တော်များကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသူများ ဖြစ်သည့်အတွက် သာသနာ့အတွက် အရေးကြီးသော အဓိက တာဝန်ရှိသူများ ဖြစ်ကြပါတယ်။ မြတ်စွာဘုရား ချမှတ်ခဲ့သော စည်းမျဉ်းစည်းကမ်းများကို ကိုယ်၊စိတ်၊နှုတ် သုံးပါးလုံး လုံခြုံအောင် တသွေမတိမ်း ထိန်းသိမ်း လိုက်နာခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ရာ ရောက်ပါတယ်။ ထို့အပြင် မြတ်စွာဘုရား၏ ကိုယ်စား၊ သားတပည့် ပီသစွာ ဗုဒ္ဓဘာသာဝင်များ၏ စံနမူနာထားရာ သာသနာ့သူတော်စင်များအဖြစ် လေးစားကြည်ညိုဖွယ် နေထိုင်ခြင်းသည်လည်း သာသနာ့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မည်ပါတယ်။

ဝိနည်းတော် ပညတ်ချက်များနှင့် သံဃာတော်များ

မြတ်စွာဘုရားသည် ၄င်း၏ သားတပည့်များအတွက် အမှန်တကယ်လိုအပ်လှသော ဝိနည်းစည်းကမ်းများကိုသာ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သံဃာတော်များအနေနဲ့ မြတ်စွာဘုရားချမှတ်ခဲ့သော ဝိနည်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာသင့်လှပါတယ်။ သို့သော် တချို့ရဟန်းတော်များသည် ဆင်ခြေအမျိုးမျိုးနဲ့ မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းများကို မသိမသာတမျိုး သိသိသာသာတမျိုး ဖောက်ဖျက်မှုများ ပြုလုပ်လာကြပါတယ်။

မြတ်စွာဘုရားလက်ထက်က နာရီမပေါ်သေးသဖြင့် နေကို ကြည့်ပြီး အချိန်ကိုဆုံးဖြတ်ပါတယ်ဆိုပြီး နေ့လည် ၁၂ နာရီကျော်ပြီးမှ ဆွမ်းဘုန်းပေးသော စာတတ်ပေတတ် နံမည်ကြီး ဓမ္မကထိက ရဟန်းဘုန်းကြီး ရှိသကဲ့သို့၊ ၄င်း ရဟန်းပင် နိုင်ငံခြားသူ မာတုဂါမများကို လက်ဆွဲနှုတ်ဆက်သည်အထိ မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းကို ဖောက်ဖျက်ခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားသကဲ့သို့ပင် မည်သူမဆို မိမိကိုယ်မိမိ ဘာလဲဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ရဟန်းသည် ရဟန်းကဲ့သို့ ကျင့်ကြံနေထိုင်သင့်ပြီး လူကဲ့သို့ မပြုမူသင့်ပါ။ လူသည်လည်း လူကဲ့သို့ ကျင့်ကြံနေထိုင်သင့်ပြီး တိရိစ္ဆာန်ကဲ့သို့ မပြုမူသင့်ပေ။

လာပ်လာဘနှင့် သံဃာတော်များ

ရဟန်းသံဃာများသည် လိုဘနည်းပြီး လောကီကို စက်ဆုပ်ရွံရှားသဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ကြခြင်းဖြစ်ပါတယ်။ လူ့ဘောင် အိမ်ရာထူထောင်ခြင်းကို စွန့်လွှတ်ခဲ့သောရဟန်းများအနေနဲ့ ပစ္စည်းဥစ္စာငွေကြေးကို မက်မောတွယ်တာခြင်း၊ ကျောင်းသင်ခန်းများကို ပူပန်ခြင်းကြီးစွာနဲ့ လိုချင်တပ်မက်ခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမနဲ့ မကိုက်ညီလှသည့်အပြင် ထွေးပြီးထားသော တံတွေးကို ပြန်မျိုနေသကဲ့သို့ ဖြစ်တတ်ပါတယ်။

အမှန်စင်စစ် ဘုရားစေတီတည်ခြင်း၊ ကျောင်း ကန် အဆောက်အဦးများ တိုးပွားအောင် ပြုလုပ်ခြင်းသည် သာသနာပြုခြင်းစစ်စစ် မဟုတ်ပါ။ မြတ်စွာဘုရား၏ အဆုံးအမကို တသွေမတိမ်းလိုက်နာခြင်း၊ လူအများအား နားလည်အောင် ဟောပြောရှင်းပြခြင်း၊ မျိုးဆက်သစ်ကလေးသူငယ်များအား ဗုဒ္ဓအဆုံးအမစာပေများ သင်ကြားပေးခြင်းသည်သာလျှင် သာသနာပြုခြင်းစစ်စစ် ဖြစ်ပါတယ်။

ပြည်ပတွင်သာသနာပြုခြင်း

ပြည်ပတွင် သာသနာပြုခြင်းသည် ပြည်တွင်းထက် ပှို၍ အစစအရာရာ သတိထားဆောင်ရွက်သင့်ပါတယ်။ အတွေးအခေါ်၊ ယဉ်ကျေးမှုများ ခြားနားသော လူမျိုးခြား၊ ဘာသာခြားများအလယ်တွင် မိမိနိုင်ငံနှင့်လူမျိုးသာမက ဘာသာ သာသနာ၏ ဂုဏ်သိက္ခာ မထိပါးစေရေးအတွက် အပြုအမူ အပြောအဆိုသာမက လှုပ်ရှားမှုတိုင်းကိုပါ မြတ်စွာဘုရား၏ အဆုံးအမ ဝိနည်းတော်နဲ့အညီ ကိုယ်၊စိတ်၊နှုတ် သုံးပါးစလုံးကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

သာသနာနှင့် အစိုးရမင်း

သာသနာတရပ် အဓွန့်ရှည် တည်တံ့စေရန် အစိုးရမင်း၏ အကူအညီ အထောက်အပံ့ အားပေးမှုသည်လည်း များစွာ အရေးပါလှပါတယ်။ မြတ်စွာဘုရားသည် ရဟန်းသံဃာတော်များအတွက်သာမက အစိုးရမင်းများ၏ ကျင့်ဝတ်နဲ့ ဝတ္တရားများကိုပါ ထည့်သွင်းဟောကြားခဲ့ပါတယ်။ မင်းကျင့်တရားနဲ့အညီ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ရန်၊ လမ်းညွန်ဟောကြား ဆုံးမခဲ့ပါတယ်။

လက်ရှိစစ်အာဏာရှင်အစိုးရသည် မြတ်စွာဘုရား ဆုံးမဟောကြားချက်နဲ့ ဆန့်ကျင်စွာ ပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက်သည့်အပြင်၊ မြတ်စွာဘုရား၏ သားတပည့် သံဃာတော်များကိုပါ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပါတယ်။ ထို့အပြင် သာသနာပြန့်ပွားရေးအတွက် တရားဟောပြောနေသော ရဟန်းသံဃာတော်များကို အကန့်အသတ်ဖြင့် ချုပ်ချယ်ခြင်း၊ ပိတ်ပင်ခြင်းသာမက လွတ်လပ်စွာ ဟောပြောခွင့်ကို ထိပါးသည်အထိ သာသနာ့အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။

ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ရေးအတွက်သာမက အမိမြန်မာပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးမှုများ ရပ်တန့်စေရေးအတွက် တရားမျှတသော၊ အရည်အချင်းပြည့်မီသော၊ ခေါင်းဆောင်ကောင်းများ ဦးဆောင်သော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းစေရန် ဝိုင်းဝန်းကြိုးပမ်းရေးမှာ မြန်မာပြည်သူတိုင်း၏ တာဝန်ဖြစ်ပေသည်။

သာသနာနှင့် ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်များ

သာသနာ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နေသော ရဟန်းသံဃာတော်များကို ထောက်ပံ့လှူဒါန်းလျှက်ရှိသော ဒါယိကာ၊ ဒါယိကာမများ၏ အခန်းကဏ္ဍမှာလည်း အရေးပါလှပါတယ်။ ထောက်ပံ့လှူဒါန်းသူများမရှိပါက ရဟန်းသံဃာတော်များ ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူလှသကဲ့သို့ သာသနာတည်မြဲရေးအတွက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

သံဃာဂုဏ်ကို ရည်မှန်းပူဇော်

ဒကာ၊ ဒကာမများအနေနဲ့ ရဟန်းသံဃာတော်များကို ဆည်းကပ်ကိုးကွယ်ရာတွင် သံဃာအားလုံး၏ဂုဏ်တော်ကို ရည်မှန်းပူဇော်သင့်ပါတယ်။ မိမိ၏ တရားလွန် အပြုအမူ အပြောအဆိုကြောင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာ နဲ့ ဝိနည်းစည်းကမ်း ပျက်ပြားစေခြင်းသည် လက်ရှိဘဝတွင် သာမက သံသရာတလျှောက်တွင်ပါ ကြီးစွာသော အပြစ်ဒဏ်ကို ရရှိနိုင်ပါတယ်။ သဒ္ဒါလွန်က တဏှာကျွံတဲ့ အဖြစ်မျိုး၊ ပညာလွန်က သဒ္ဒါမရှိတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ပညာနဲ့ သဒ္ဒါ ချိန်ခွင်လျှာကို ညီမျှအောင် ပြုမူနေထိုင်သင့်ပါတယ်။

ကိုးကွယ်ရာ အစစ်အမှန်ရှာတတ်ပါစေ…..

ဒကာ၊ ဒကာမများအနေဖြင့် မိမိတို့၏ ဘဝကောင်းကျိုး၊ သံသရာကောင်းကျိုးအတွက် ကိုးကွယ်ရာ အစစ်အမှန် ဆရာသခင် သံဃာတော်များ၏ ပြောဆိုဆုံးမမှုများကို တသွေမတိမ်း လိုက်နာသင့်ပါတယ်။ မိမိကို လိမ်မာသိတတ်မှုရှိစေရန် ဆိုဆုံးမသော ဆရာတော် သံဃာတော်များသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ အားထားရာ အစစ်အမှန်ဖြစ်ပါတယ်။ မိမိအား မြှောက်ပင့်ပြောဆိုသော၊ ဆုံးမရန် မဝံ့မရဲဖြစ်နေသော၊ လာပ်လာဘ အခွင့်အရေး မျှော်ကိုးတတ်သော၊ ဝိနည်းစည်းကမ်းကို အလွယ်တကူ ချိုးဖောက်တတ်သော ရဟန်းတော်များသည် ယခုဘဝတွင်သာမက သံသရာအတွက်ပါ ကိုးကွယ်ရာ အစစ်အမှန် မဖြစ်နိုင်ပါ။

သာသနာပြု မှာလား၊ သာသနာဖျက်မှာလား…

သာသနာပြုချင်ပါတယ် ဆိုတဲ့ စိတ်ထားသည် အင်မတန်မွန်မြတ်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သာသနာပြုတတ်အောင် အရင်ဦးဆုံး တတ်သိနားလည်သော ဆရာသမားများထံတွင် လေ့လာသင်ယူ ဆည်းပူးဖို့လိုအပ်ပါတယ်။ နားလည်သလိုလိုနဲ့၊ တရားသိ တရားရှိသလိုလိုနဲ့ သာသနာပြုမည်ဆိုပါက သာသနာပြုရာ မရောက်ပဲ သာသနာဖျက်သကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။ တတ်သိနားလည်သော ဆရာသမားများ၏ ဆိုဆုံးမမှုကို နာယူမှုမရှိပဲ မိမိထင်ရာစိုင်းမည်ဆိုပါက ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ မိမိပြုသောကံ ပဲ့တင်သံ မိမိထံသာ ပြန်လာမည်ဆိုတာကို သဘောပေါက်နားလည်သင့်ပါတယ်။ တခါတရံ သာသနာပြုသောသူများတွင် မမြင်နိုင်သော မာရ်နတ်၏ နှောင့်ယှက်မှုများ ရှိတတ်ပါတယ်။ ဤသို့ဖြစ်တတ်ပါကလည်း မိမိ၏ အသိဥာဏ်နှင့်ယှဉ်လျက် ကုသိုလ်မရသည့်တိုင် အကုသိုလ်မဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သင့်ပါတယ်။

ဆရာတော်များ သံဃာတော်များအနေနဲ့လည်း မိမိ၏ သားတပည့်များအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် ကယ်တင်ပေးရမည့်အစား မိမိ၏ အပြောအဆို အပြုအမူ အနေအထိုင်ကြောင့် ဖြစ်ပေါ်လာသော ဝေဖန်ပြောဆိုမိသော ဝဇိအကုသိုလ်ကံ သည် လူအများအား အပယ်ကျရောက်စေရန် တွန်းပေးသကဲ့သို့ ဖြစ်တတ်ပါတယ်။ ထိုကဲ့သို့ မဖြစ်စေရန် ထေကြီးဝါကြီး ဆရာတော်ကြီးများအနေနဲ့ မိမိတို့၏ သားတပည့်များအား ဆိုဆုံးမ ပြောဆိုခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ နောက်ဆုံး လူထွက်စေသည်အထိ အရေးယူဆောင်ရွက်သင့်ပါတယ်။

ဟန်ချက်ညီညီ ကြိုးပမ်းကြပါစို့…

သာသနာ့ဥသျှောင်၏ ဦးစီးနာယက မစိုးရိမ်ဆရာတော်ဘုရားကြီး၏ ဆန္ဒဖြစ်တော်မူသော သာသနာ့အန္တရာယ် ကာကွယ်ရေးသည် ဗုဒ္ဓဘာသာကို လေးလေးစားစား သက်ဝင်ယုံကြည်နေသူတိုင်း၏ ကြီးမားလှသော တာဝန်ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ သာသနာတော်ကို မိမိတို့၏ တစ်ဘဝစာ အကျိုးစီးပွားအတွက် အသုံးချနေသူများ၊ တရားစစ် တရားမှန်များကို အရောင်ဆိုးချင်နေသူများ၊ သာသနာပျက်စေရန် ဖျက်ဆီးနေကြသူများ၏ အန္တရာယ်သည် တနေ့တခြား ကြီးမားလာပါတယ်။ ဤသို့သော အခြေအနေမျိုးတွင် မြတ်စွာဘုရား၏ သာသနာ မပျက်စီးရေးအတွက် မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်းဖြင့် တတ်အားသမျှ ဟန်ချက်ညီညီ ကြိုးပမ်းကြပါစို့………….။

ဟန်ဆောင်နေသော လူတန်းစားများ

လူတွေ ဘာလို့များ မရိုးသားကြတာလဲ။ ဘာလို့များ ဟန်ဆောင်နေကြတာလဲ။ ဟန်ဆောင်ရတာ မပင်ပန်းကြဘူးလား မသိဘူး။ တကယ်တော့ စိတ်ထဲရှိတာနဲ့ အပြင်လက်တွေ့ တထပ်တည်းကျတာ ဘယ်လောက်လွယ်ကူပြီး ဘယ်လောက် သက်တောင့်သက်သာရှိသလဲ။ မုသာဝါဒဆိုတဲ့ သီလကိုလဲ ထိန်းထားပြီးသားပဲလေ။ အသက်ကြီးလာလေ ဟန်ဆောင်ရတာ များလာလေလားတော့ မသိတော့ဘူး။ များသောအားဖြင့် အသက်ကြီးတဲ့သူတွေက ပိုပြီး ဟန်ဆောင်ကောင်းကြတယ်။ အကယ်ဒမီပေးဖို့တောင် ကောင်းတယ်။ ကလေးတွေကတော့ ဟန်မဆောင်တတ်ကြဘူး။ အရှိကိုအရှိအတိုင်း အရိုးခံအတိုင်း ဆက်ဆံတတ်ကြတယ်။

ဟန်ဆောင်လူတန်းစား - ၁

ကြည့်လိုက်ရင်တော့ လူကုံထံအသိုင်းအဝိုင်း၊ ငွေကြေးချမ်းသာပြီး အလှူအတန်းအလွန်ရက်ရောတယ်ပေါ့။ မျက်နှာက ပျားရည်လိုချိုပြီး သဘောကောင်းမနောကောင်းတဲ့ ရုပ်မျိုးပေါ့။ ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး ဆွေစဉ်မျိုးဆက် ဘုရားတကာ ကျောင်းတကာ ရဟန်းဒါယိကာ ရဟန်းဒါယိကာမတွေပေါ့။ပြောလိုက်ရင်လဲ ဒါန သီလ ဘာဝနာ နိဗ္ဗာန် တပြားသားမှ မလျှော့ဘူး။ ဘုန်းကြီးဟောတဲ့ အတိုင်းမလျော့တဲ့ လေသံနဲ့ တရားတကယ်ရပြီး တကယ်တရားကျနေတဲ့ အပြောမျိုးတွေနဲ့ပေါ့။ တွေ့တဲ့ လူတိုင်းကိုလဲ သူ့လိုကျင့်ပြီး သူ့ကို အတုယူဖို့ ပြောလိုက်ရတာ အမောပေါ့။ မသိရင်တော့ မကြာခင်တောထွက်ပြီး စည်းစိမ်စွန့်တော့မယ့် အထာနဲ့ပေါ့။လူရှေ့ သူရှေ့မှာလဲ အညိုရောင်ထမိန်၊ အဖြူရောင်အင်္ကျီ၊ ယောဂီသဘက်နဲ့ လူမမာလိုလမ်းလျှောက်ပြီး နူးညံ့သိမ်မွေ့တဲ့ အမူအရာနဲ့ပေါ့။ အင်မတန်ရိုကျိုးတဲ့ ဟန်ပန်နဲ့ လူတိုင်းကို အောက်ကျိုးဆက်ဆံတဲ့ ပုံစံမျိုးပေါ့။ စေတနာ အရမ်းကောင်းတဲ့ ဂရုဏာရှင် သဏ္ဌာန်နဲ့ ပြာယာခတ်အောင်လဲ ဆက်ဆံတတ်သေးရဲ့လေ။

ဒါပေမဲ့လဲလေ လူဆိုတာ ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မှာလဲ။ ကြာကြာပေါင်းလေ အကြောင်းသိလေ၊ နာနာဝါးလေ ခါးမှန်းသိလေပဲလေ။ စကား စကားပြောပါများ စကားထဲက ဇာတိပြတဲ့။ ငွေ သိန်းပေါင်းသန်းပေါင်းချီပြီး ဘုရားတည် ကျောင်းဆောက် နေတဲ့ သူတွေက အိမ်က အိမ်ဖော်မလေးကို စေတနာမရှိဘူးတဲ့လေ။ ဒရိုင်ဘာကို ကတ်သီးကတ်ဖဲ့ လုပ်တယ်တဲ့လေ။ လူတွေကို ဟန်ပြကျွေးမွေးပြီး စေတနာရက်ရောပြနေသူတွေက ကွယ်ရာမှာ အလုပ်သမားတွေကို ထမင်းတနပ်တောင် မသထာဘူးတဲ့လေ။ လူရှေ့သူရှေ့ တရားဆွေးနွေးပြီး ကန့်လန့်ကာနောက်မှာ သူတပါးရဲ့ ဘဝကို ပျက်စီးအောင်၊ နှစ်ပြားမတန်အောင်၊ နစ်မွန်းစေအောင် လူရော စိတ်ပါ နှုတ်လဲ မကျန် စော်ကားမော်ကားပြောနေတာ၊ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ဖန်တီးပြီး လူတကာကို သပုတ်လေလွင့်ပြောနေတဲ့သူတွေက ၊ ဘာသာခြားတွေ အထင်သေးအမြင်သေး ဖြစ်စေနိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေတဲ့လေ။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လုပ်နေတဲ့သူတွေကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်သိက္ခာကို အားနာမိပါတော့တယ်။ ။

Sunday, June 7, 2009

ဖန်ဆင်းတာလား ဖန်တီးတာလား

လူ့လောကမှာနေရတာ နေရာတကာ ကမောက်ကမ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေသလိုပဲ။ လူတွေက ကိုယ်ပိုင်ဥာဏ်နဲ့မစဉ်းစားတတ်ကြတော့ဘူးလား မသိဘူး။ အမြဲတမ်း သူများပြောတာ မျက်စိမှတ်ယုံကြ၊ ဒဏ္ဍာရီတွေ ပုံပြင်တွေကို အဟုတ်ထင်နေကြ၊ မှားနေတာတွေက ကြာလာတော့ အမှန်လိုလို ဖြစ်လာကြ၊ ဖြစ်လာတဲ့ အမှားတွေကို ပြင်ဖို့ရာ မရွံမရဲ ဖြစ်နေကြ၊ ကြောက်နေကြ၊ အပြစ်ကျုးလွန်သလို ခံစားနေကြ နဲ့ ဘယ်လိုမှ အမှန်တရားဆိုတာ ပေါ်မလာတော့ဘဲ ကြာလေ ကြာလေ အမှားနွံထဲ နစ်သထက် နစ်နေကြရတယ်။ တကယ်တမ်းက တကယ့်အမှန်တရားဆိုတာ ရိုးရိုးလေးမှ တကယ့် ရိုးရိုးလေးပါ။ ဘာမဆို ဖြစ်တတ်တဲ့ ဖြစ်လေ့ရှိတဲ့ သဘာဝတရားအတိုင်း အခြေအနေအတိုင်းကို အမှန်အတိုင်းလေး ကြည့်တတ်ရုံ မြင်တတ်ရုံကလေးပါပဲ။ ဒါပေမဲ့လူဆိုတဲ့ သဘာဝကိုက ခက်ခဲတာ ဆန်းပြားတာကိုမှ တန်ဖိုးထားတတ် အမှန်ယူတတ်ကြတယ်လေ။ လွယ်ကူတာ ရိုးစင်းတာ သဘာဝကျတာကို အထင်သေးကြ နှိမ်ချင်ကြ လွယ်လင့်တကူ အမှားလုပ်ပစ်တတ်ကြတယ်။ တကယ့်အမှန်တရားကို သိလာကြ နားလည်ကြသည့်တိုင်အောင် မိရိုးဖလာအရ အသိုင်းအဝိုင်းအရ လူမှုရေးအရ ပုဂ္ဂိုလ်ရေးအရ မပြင်ရဲ မကူးပြောင်းရဲ မပစ်ပယ်ရဲကြဘဲ ပြင်ဆင်ဖို့ရန် သတ္တိမရှိကြဘဲ သေသည့်တိုင်အောင် ဆုပ်ကိုင်သွားကြပါတယ်။

အမှန်စင်စစ် ဘုရားသခင်က လူတွေကို ဖန်ဆင်းတာမဟုတ်ပါဘူး။ လူတွေကသာ ဘုရားသခင်ကို ဖန်တီးနေကြတာပါ။ လူ့ပြည် လူ့အသိုင်းအဝိုင်းမှာ ရှိတဲ့ သက်မဲ့အရာအားလုံးကို လူတွေကသာ ဖန်တီးထားကြတာပါ။ သက်ရှိသတ္တဝါ အားလုံးကလဲ ဘုရားသခင် ဖန်ဆင်းထားတာ လားလားမျှ မဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် သစ်ပင်နဲ့ မျိုးစေ့၊ မျိုးစေ့နဲ့ သစ်ပင်လို ဘယ်ဟာက အစ ဘယ်ဟာက အဆုံးမှန်းမသိဘဲ သံသရာလည်နေတဲ့ အမှန်တရား နိယာမတစ်ခုရယ်ပါ။ သစ်ပင်ဘယ်ကရ မျိုးစေ့ကလာ၊ မျိုးစေ့ဘယ်ကလာ သစ်ပင်ကရ ဆိုသကဲ့သို့ သက်ရှိသတ္တဝါအားလုံးတို့သည် ၄င်းတို့၏ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကံ မကောင်းမှုကံ အကျိုးကံ အဆိုးကံပေါ် မူတည်ပြီး ဘဝအမျိုးမျိုး သတ္တဝါအမျိုးမျိုးအဖြစ် သံသရာတလျှောက် ကျင်လည်နေကြရတာပါ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ဘဝထိုထို သတ္တဝါအစုံစုံအဖြစ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီသက်တမ်း ဖြည့်ကျင့်ခဲ့ရပြီး နောက်ဆုံးလူ့ဘဝတွင် ကျွတ်တမ်းဝင် ဘုရားအဖြစ်သို့ ရောက်ခဲ့ရသူ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့ဘဝတွင်သာ ဘုရားအဖြစ်ရရှိနိုင်ပြီး လူကသာလျှင် ဘုရားအဖြစ်ဖန်တီးနိုင်တာပါ။ ရေ လေ မီး နေ လ နှင့်တကွ ကမ္ဘာမြေပြင် အာကာသတခွင်မှာ ရှိတဲ့ အရာအားလုံးသည် သဘာဝက သူ့အလိုအလျောက် ဖြစ်ပေါ်နေသော သူ့နေရာနှင့်သူ အံဝင်ခွင်ကျ တည်ရှိနေသော ဖြစ်တည်မှု နိယာမတစ်ခု သာလျှင် ဖြစ်ပေသည်။ အခေါ်အဝေါ် သတ်မှတ်ချက် ဘာသာစကား အသုံးပြုမှုနှင့် အသုံးအနှုန်းဝေါဟာရ အားလုံး၏ ဖန်တီးသခင်မှာ လူသားများသာလျှင်ဖြစ်၏။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းနေတာပါဟူသော သတ်မှတ်ချက်ပင်လျှင် လူသားများက ဖန်တီးထားခြင်း ဖြစ်ပေသည်။

လူတစ်ယောက်မှာ အတွေးအခေါ် အယူအဆက သိပ်အရေးကြီးပါတယ်။ အတွေးအခေါ်အမှား အယူအဆအမှားကို အမှန်တရားအဖြစ် တရားသေဆုပ်ကိုင်ထားတဲ့သူတွေအဖို့ အမှန်တရားနဲ့ အမြဲဝေးနေမှာဖြစ်တယ်။ သဘာဝနိယာမ အမှန်တရားကို လက်မခံ မျက်စိမှိတ်ငြင်းဆိုနေခြင်းသည် လူစင်စစ်မဟုတ်ဘူး လူသားအဖြစ်မရပ်တည်ချင်ဘူးဟု ငြင်းဆိုနေသည်နှင့် အတူတူပင် ဖြစ်ပေတော့သည်။

လူ့မနော ဆန်းစစ်ချက်

လူတွေရဲ့ စိတ်ဓာတ်တွေက ဘာလို့များ တသမတ်တည်း မရှိကြပါလိမ့်နော်။ တကယ်ဆိုရင် ဘာအလုပ်ပဲ လုပ်လုပ် ကောင်းတဲ့ စိတ်ဓာတ်ကလေးကို အမြဲထားနိုင်ရင် ထားတတ်ရင် ပိုကောင်းမှာပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ကုန်ပြောရရင် ဘာအရေးပဲ လုပ်လုပ် ကုသိုလ်စိတ်ဓာတ်ကောင်းလေး အခြေခံပြီးလုပ်ရင် အစစအရာရာ အောင်မြင်မှာ အသေအချာပဲလေ။ ခက်တာက လူတွေရဲ့ စိတ်ထဲမှာ ဘာသာရေးလုပ်မှဘဲ စိတ်ထားကောင်းကောင်းနဲ့ ကုသိုလ်စိတ်ကလေးမွေးနိုင်ကြတယ်။ ဘာသာရေးတခုတည်းကိုပဲ ကုသိုလ်ရေးလို့ သတ်မှတ်နေကြတယ်။ တကယ်ကို ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်သူတိုင်းဟာ ကံကံ၏အကျိုး ကို သေသေချာချာ သဘောပေါက်သင့်တယ်။ အကြောင်းတရားကောင်းရင် အကျိုးတရားက ဆုတောင်းစရာမလို၊ လုပ်ယူစရာမလိုဘဲနဲ့ကို အလိုလို ပြည့်ဝနိုင်တယ်ဆိုတာကို အားကိုးယုံစားသင့်တယ်။ အခုတော့ လူတွေက အကြောင်းတရားကောင်းအောင် မလုပ်ချင်ကြဘဲ အကျိုးတရားကောင်းကောင်းရဖို့ပဲ မျှော်ကိုးနေကြတယ်။

ဘာသာရေးမှာလဲ လူတွေရဲ့ လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေ လွှမ်းမိုးနေတယ်။ ဒါန လုပ်ကြပြုကြတာတော့ ဗုဒ္ဒဘာသာဝင်တွေအတွက် မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ ပြုပုံပြုနည်း စိတ်ထားပုံထားနည်း အခုချိန်ထိ လွဲချော်နေသေးတယ်။ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာ နဲ့ အလိုအပ်ဆုံး ပုဂ္ဂိုလ်ကို ပေးလှူခြင်း ဟူသော အကြောင်းတရားကောင်းထက် နံမည်ကြီးတဲ့၊ ကျော်ကြားတဲ့ ရဟန်းသံဃာတော်များ၊ သီလတန်ခိုးမြင့်မားသည်ဟုထင်သော ပုဂ္ဂိုလ်များကို လှူဒါန်းခြင်းဖြင့် မိမိအတွက် ပိုကုသိုလ်ရနိုင်သည်ဟူသော မျှော်လင့်ချက်အကျိုးတရားကောင်းကိုသာ ပိုမို အာရုံစိုက်နေကြတယ်။ လှူဒါန်းရာတွင် ထားရှိရမည့် စိတ်နေစိတ်ထား ပီတိကြည်နူးမှုထက် အလှူခံပစ္စည်းနဲ့ အလှူခံ ပုဂ္ဂိုလ်ကိုသာ ပိုမို အလေးထားနေကြတယ်။ မိမိလှူဒါန်းမှုကြောင့် အလှူခံပုဂ္ဂိုလ်၏ အဆင်ပြေချောမောသွားမှုကို ဝမ်းမြောက်ကြည်နူး ရမည့်အစား မိမိရရှိနိုင်မည့် ကုသိုလ်တရားကိုသာ ပိုမို တွက်ချက်နေကြတယ်။

စီးပွားရေးလုပ်ရာတွင်လဲ စိတ်စေတနာကောင်းဖြင့် ကုသိုလ်ရေးလုပ်သကဲ့သို့ လုပ်ကြမယ်ဆိုရင် မတိုးတက်နိုင်စရာ မကြီးပွားနိုင်စရာ အကြောင်းမရှိပါဘူး။ မသတ်မဖြတ်၊ မခိုးမဝှက်၊ မလိမ်မညာဘဲနဲ့ သမ္မာအာဇီဝနဲ့ အသက်မွေးဝမ်းကြောင်းမယ်ဆိုရင် မအောင်မြင်နိုင်စရာ မရှိနိုင်ပါဘူး။ အကြောင်းတရားကောင်းကောင်းသာ ထားနိုင်ပါစေ၊ အကျိုးတရားကောင်းက မလွဲမသွေ ရမှာသေချာပါတယ်။ မသမ္မာတဲ့နည်းနဲ့ ရတဲ့ စည်းစိမ်ဥစ္စာဆိုတာလဲ ထာဝရမတည်မြဲနိုင်ပါဘူး။ ရေဘေး၊ မီးဘေး၊ လေဘေး၊ သူခိုးဓမြဘေးနဲ့ မင်းဆိုးဘေးဆိုတဲ့ ရန်သူမျိုးငါးပါးရဲ့ နှိပ်စက်မှုဒဏ် ကို တချိန်ချိန်မှာ ခံကြရပေလိမ့်မည်။ လှူဒါန်းရာတွင် ခရစ်ယာန်ဘာသာဝင်တွေကဲ့သို့ စိတ်ထားတတ် လှူတတ်မယ်ဆိုရင်ဖြင့် ဒါန၏အကျိုးကို ပြည့်ပြည့်ဝဝ ခံစား နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ။

ဗုဒ္ဓဆုံးမ ထေရဝါဒ

ဗုဒ္ဓဘာသာဝင်အများစုသည် အများအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို နားမလည်ကြပေ။ ထေရဝါဒ၏ တကယ့်အနှစ်သာရမှာ သရဏဂုံဆောက်တည်မှုပင် ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးသည်သာလျှင် မိမိတို့၏ ကိုးကွယ်ရာ အားထားရာ ဆည်းကပ်ရာ ဟု အသက်ထက်ဆုံး ယုံကြည်မှုပင် ဖြစ်သည်။ သရဏဂုံဖောက်ဖျက်သူများကို ဗုဒ္ဓဘာသာဝင်ဟု သတ်မှတ်၍ မရနိုင်ပေ။ ရတနာသုံးပါးအပြင် တခြားသော နတ်များ၊ ဘိုးတော်များ၊ မနှဲလေးနှင့်တကွ အထက်ဂိုဏ်း အောက်ဂိုဏ်းဆရာများကို ယုံကြည်၊ဆည်းကပ် ကိုးကွယ်သူများသည် သရဏဂုံဖောက်ဖျက်သူများ ဖြစ်ပေသည်။ ယခုခေတ်ဗုဒ္ဓဘာသာဝင်အများစုသည် ရှေးရိုးစွဲအစဉ်အလာများကိုသာ ယုံယုံကြည်ကြည် စွဲလန်းနေဆဲ ရှိကြသည်။ သက်ရှိထင်ရှား ရှိနေစဉ်တွင် သရဏဂုံ တည်မြဲစေရန် ဆောက်တည်ရန် မကြိုးစားကြဘဲ သေလွန်သည့်အခါမှ သရဏဂုံတင်ရန် ကြိုးစားလေ့ရှိကြပါသည်။ မမှန်ကန်သော အယူဝါဒများကို ပစ်ပယ်ရန်မကြိုးစားရဲကြဘဲ တနည်းအားဖြင့် ရဲရဲဝံ့ဝံ့ မဖျောက်ဝံ့ကြဘဲ ရွံကြောက်သောစိတ်ဖြင့် ရှေးထုံးမပယ် မှားမြဲလမ်းကို ဆက်လျှောက်နေဆဲ ရှိနေကြတယ်။ မှားတာကြာရင် အမှားက အမှန်ဖြစ်တတ်ပြီး တကယ့်အမှန်တရားက ပျောက်ဆုံးနေတတ်ပါတယ်။ အဲဒါကြောင့် မည်သည့်အမှားကို မဆို မှားမှန်းသိရင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲသင့်ပါတယ်။ သို့မှသာလျှင် နောင်လာနောင်သားများအတွက် အမှန်တရား၏ အကျိုးကျေးဇူးကို ခံစားနိုင်ပါလိမ့်မယ်။

ဒုတိယအရေးကြီးသော ထေရဝါဒ၏အနှစ်သာရမှာ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ကောင်းတဲ့အလုပ် လုပ်ရင် ကောင်းတဲ့ကံကို စံစားနိုင်ပြီး ဆိုးတဲ့အလုပ်လုပ်ရင် ဆိုးတဲ့ကံကို ခံစားရပါလိမ့်မယ်။ ကံ-ကံ၏ အကျိုးကို မယုံကြည်ဘဲ တန်ခိုးရှင်က ဖန်တီးပေးတာတို့၊ နတ်ကတော်က မ စ တာတို့၊ ဘိုးတော်က ကယ်မတာပါလို့၊ ဘုရားသခင်က ကောင်းချီးပေးတာတို့ စသည်တို့သည် ဗုဒ္ဓ၏ အယူဝါဒများမဟုတ်ပေ။ မိမိတို့ ရရှိနေသော ဘဝကံ အကျိုးပေးအားလုံးသည် မိမိပြုခဲ့သော အလုပ်ကံကြောင့်သာလျှင် ဖြစ်သည်ဟုသော ယုံကြည်ချက်တခုသာလျှင် ဗုဒ္ဓ၏ အယူဝါဒ ဖြစ်ပေသည်။ ရတနာသုံးပါးကို အမှန်တကယ်သက်ဝင်ယုံကြည်သူများသာလျှင် ဗုဒ္ဒ၏ အဆုံးအမ အယူဝါဒများကို လက်ခံ နာယူနိုင်ကြပေမည်။ မိမိတို့ ပြုခဲ့သော ကံများ၏ သတ္တိပေါ် မူတည်၍ ဘဝများစွာတွင် အကောင်းအဆိုး အကြောင်းအကျိုးများကို ခံစား စံစားကြရပါသည်။ အမှန်စင်စစ် ဤကံများသာလျှင် အရာရာကို ဖန်တီးပေးနေခြင်းဖြစ်ပေသည်။ ခန္ဗာတည်းဟူသော လူ့ဘဝ နတ်ဘဝ တိရိစ္ဆာန်ဘဝ စသည့် ဘုံဘဝများသည် ဤကံသတ္တိများပေါ်မူတည်၍ ဝင်ကစွတ်ကောင်များကဲ့သို့ အမျိုးမျိုး ပြောင်းလဲနေရပေသည်။ ဤကံ-ကံ၏ အကျိုးကို အမှန်တကယ် ယုံကြည်သက်ဝင်သူများသည် မကောင်းမှုမှန်သမျှကို တတ်နိုင်သမျှ ရှောင်ကျဉ်၍ ကောင်းမှုများကိုသာ တတ်အားသ၍ လုပ်ကိုင်ကြပေမည်။

ကာယကံ ဝဇီကံ မနောကံ တည်းဟူသော ကံသုံးပါးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ အရေးပါသော ထေရဝါဒ၏ အနှစ်သာရမှာ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းခြင်းပင် ဖြစ်ပါသည်။ သူတပါးအသက်ကို သတ်ခြင်း၊သူ့ဥစ္စာပစ္စည်း ခိုးယူခြင်း၊ သူများသားမယားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ မူးယစ်စေတတ်သော သေရည်သေရက်သောက်စားခြင်း စသည်တို့ကို အသက်ထက်ဆုံး ရှောင်ကျဉ်ရမည်ဖြစ်သည်။ ငါးပါးသီလကို အခါကြီးရက်ကြီးများတွင်သာ ဟန်ပြစောင့်ထိန်းခြင်းမဟုတ်ဘဲ အစဉ်အမြဲ နေရာတိုင်းအချိန်တိုင်း စောင့်ထိန်းနိုင်မည်ဆိုပါက ကံသုံးပါးကိုပါ စောင့်ထိန်းပြီးသား ဖြစ်သွားပေမည်။ အမှန်စင်စစ် ဗုဒ္ဒဝါဒ၏အနှစ်သာရ ကောင်းမွန်မှုကို နားလည်ခံစားနိုင်သူသည် မည်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ ယုံကြည်မှုကို စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။-------------။
.

ရှင်သန်ခြင်း နှင့် သေခြင်းတရား

ရှင်ဗုဒ္ဒက မိန့်မှာခဲ့တယ်။ လူ့ဘဝဆိုတာ ရခဲတယ်တဲ့။ မိုးပေါ်ကကျတဲ့ အပ်တစင်းနဲ့ မြေပေါ်က ပစ်လိုက်တဲ့ အပ်တစင်းထိတွေ့ဖို့ လွယ်ကောင်းလွယ်မယ်။ လူ့အဖြစ်ရဖို့ လူပြန်ဖြစ်ဖို့က မလွယ်တော့ဘူးတဲ့လေ။ လူပြန်ဖြစ်ဖို့ အခွင့်အရေးက ဘယ်လောက်တောင် နည်းသလဲ ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ မြေထုနဲ့ နှိုင်းစာရင် လက်သည်းခွံပေါ်မှာ ရှိတဲ့ မြေမှုန်လောက်ပဲ လူပြန်ဖြစ်ဖို့ အခွင့်အလမ်း ရှိတယ်တဲ့။ အဲဒီလိုဆိုတော့ တချို့လူကပ်တွေက စောဒကတက်ကြတယ်။ လူပြန်ဖြစ်တာ လွယ်လွန်းလို့ တချို့ နိုင်ငံတွေမှာ လူဦးရေ ထိန်းချုပ်တဲ့ အစီအစဉ်တွေ လုပ်နေရပါတယ်လို့လေ။ တကယ်တမ်းအသေအချာ စဉ်းစားကြည့်ကြပါ။ အသေးငယ်ဆုံး ပုရွက်ဆိတ်ကနေ အကြီးမားဆုံး ဆင်အထိ ရှိတဲ့ တိရိစ္ဆာန်ဦးရေနဲ့ နှိုင်းယှဉ်ရင် လူဦးရေက အဆပေါင်းများစွာ နည်းပါးလှပါတယ်။ ဒါက မျက်စိနဲ့ မြင်လို့ရတဲ့ အပယ်ဘုံသားအရေအတွက်ပဲ ရှိသေးတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အပယ်ဘုံသားတွေနဲ့ ပေါင်းလိုက်ရင် ဘယ်လောက်တောင်များလိုက်မလဲမသိဘူး။

ရှင်သန်ခြင်းအမျိုးမျိုးရှိတဲ့အထဲမှာ လူအဖြစ်နဲ့ ရှင်သန်ခြင်းဟာ အကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံးပါဘဲ။ လူရယ်လို့ ဖြစ်လာရင်တော့ လူ့တန်ဖိုးတခုခုကို အရယူမှသာ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အိပ်လိုက် စားလိုက် ကာမဂုဏ်ခံစားလိုက်နဲ့ ဘာတန်ဖိုးမှ မရှိဘဲ လူ့ဘဝကို ပြန်လည်စွန့်ခွာ သွားမယ်ဆိုရင်တော့ ဘဝမှာ အရှုံးကြီး ရှုံးမှာသေချာပါတယ်။ နောက်ထပ်လူဖြစ်ဖို့ မသေချာတဲ့ အခြေအနေမို့ လူဖြစ်တုန်းခဏတာမှာ အဓိပ္ပာယ်ရှိရှိ ဘဝကို ရင်ဆိုင်သင့်ပါတယ်။ လူအဖြစ်နဲ့သာ မြင့်မြတ်တဲ့ မည်သည့်ဘဝကို မဆို ရယူနိုင်တာပါ။ ချမ်းသာအမျိုးမျိုးရှိတဲ့အနက် အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လူ့ဘဝမှာသာ ရယူနိုင်တာပါ။

အသက်ရှင်နေတုန်းကာလမှာ ရှင်သန်ခြင်းကို တန်ဖိုးမထားတတ်ဘဲ နေချင်သလိုနေ လုပ်ချင်တာလုပ်ပြီး ဘဝကို အကျိုးမဲ့ ဖြုန်းတီးတတ်သူများသည် သေရာညောင်စောင်းရောက်တော့မှသာ အကြီးအကျယ်နောင်တ ရတတ်ကြပါတယ်။ တချို့သောသူများသည် လောကဓံကို ကြံ့ကြံ့ခံ မရင်ဆိုင်နိုင်သောအခါ ရခဲလှတဲ့ လူ့ဘဝကို အလွယ်တကူ အဆုံးသတ်လေ့ရှိကြပါတယ်။ ဒါဟာ အင်မတန်မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရှင်သန်ခြင်းကို ခပ်ပေါ့ပေါ့ သဘောထားပြီး သေခြင်းတရားကို အလွယ်တကူလက်လွယ်သူများသည် စိတ်ဓာတ်ပျော့ညံ့သောသူများ၊ ဘဝကို အလွယ်တကူအရှုံးပေးသောသူများ နှင့် လူ့ဘဝတန်ဖိုးကို မသိနားမလည်သူများသာ ဖြစ်ပေလိမ့်မည်။ လူ့ဘဝတန်ဖိုးကို နားလည်သူများသာလျှင် ရှင်သန်ခြင်း၏ တန်ဖိုးနှင့် သေဆုံးခြင်း၏ဆုံးရှုံးမှုများကို သဘောပေါက်လက်ခံပေလိမ့်မည်။ဘယ်တော့မှ ပြန်လည်မရနိုင်သော၊ ပြန်လည်ရရှိရန်ခက်ခဲသော၊ မြင့်မြတ်လှတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ လူ့ဘဝကို အကျိုးရှိရှိ အသုံးချမှသာလျှင် လူဖြစ်ရကျိုးနပ်ပေလိမ့်မည်။--------------။
.